သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပလက်ဝမှာ စစ်ကောင်စီရဲ့ ဖမ်းဆီးမှုတွေ ပိုများလာ


ပလက်ဝ palatwa
ပလက်ဝ palatwa

[[Zawgyi/Unicode]]

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ မြန်မာစစ်တပ်က မြို့ပေါ်လုံခြုံရေးတိုးမြှင့်ထားသလို ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေ ပိုများလာတယ်လို့ ပလက်ဝ ဒေသခံတွေက ပြောကြပါတယ်။ ဒီလအစောပိုင်းကတည်းက ပလက်ဝမြို့ပေါ်မှာ ရာအိမ်မှူးတဦးနဲ့ အရပ်သားတဦးကို စစ်တပ်ကဖမ်းဆီးသွားပြီး အခုအချိန်ထိ မိသားစုဝင်တွေနဲ့ အဆက်သွယ်မရသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။ ဒီအကြောင်းအပြည့်အစုံကိုတော့ ရန်ကုန်ကလာတဲ့သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့တဲ့ မေလအကုန်ပိုင်းက မြန်မာစစ်တပ်နဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့တို့ကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ ပလက်ဝမြို့နယ်မှာ ဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိနေပြီး မြို့ပေါ်တွေမှာလည်း လုံခြုံရေး တိုးမြှင့်ထားတယ်လို့ ပလက်ဝဒေသခံတွေက ပြောပါတယ်။ ဒီလအစောပိုင်း ပလက်ဝမြို့ပေါ်က ရာအိမ်မှူးတဦးနဲ့ ဒေသခံတဦးဖမ်းဆီးခံထားရသလို မြို့ပေါ်တွေမှာလည်း အရင်ကထက် အစစ်အဆေးများနေတာကြောင့် စိုးရိမ်နေရတယ်လို့ ပလက်ဝဒေသခံတဦးကပြောပါတယ်။

“ကျနော်တို့ ပလက်ဝဒေသခံ နှစ်ယောက်လောက် အဖမ်းခံထားရတယ်။ ရာအိမ် မှူး တယောက်နဲ့ အရပ်သားတယောက်ပေါ့နော်၊ လက်ရှိအခြေအနေကလည်း နေ့တိုင်း ဧည့်စာရင်းတွေ ဘာတွေစစ်တယ်၊ ရဲတွေလည်း သွားနေတယ်။ မြို့ထဲမှာ စစ်သားတွေလည်း သွားနေတော့ ကျနော်တို့ မြို့ခံတွေက ကြောက်နေရတာပေါ့၊ ဘယ်သူအဖမ်းခံရမလဲ၊ ကျနော်တို့ နေ့တိုင်း အဲဒီစိတ်နဲ့ ကြောက်လန့်နေရတာပေါ့။”

ဖမ်းဆီးခံထားရတဲ့ထဲမှာ ပလက်ဝမြို့နယ် ပလုပ်တောင်ရပ်ကွက်က အသက် ၅၇ နှစ်အရွယ် ဦးမြင့်ကျော်လည်းပါဝင်ပြီး အဖမ်းခံရတဲ့နေ့ကတည်းက အခုအချိန်ထိ အဆက်အသွယ် မရသေးတာကြောင့် စိတ်ပူနေရတယ်လို့ သမီးဖြစ်သူက ပြောပါတယ်။

“ဖမ်းသွားတာကတော့ ၄ ရက်နေ့ စနေနေ့ ညနေ ၉ နာရီလောက်မှာ လာပြီးတော့ ဖမ်းသွားတယ်ရှင့်။ အဖေ့ကို ဘာအကြောင်းနဲ့ လာဖမ်းတယ်ဆိုတာကိုလည်း ညီမတို့မသိဘူး၊ အဖေ့ကို သူတို့ခေါ်သွားတဲ့ အချိန်ကစပြီး ဒီနေ့အထိ သတင်းအစအနလည်း မရဘူး။ အဖေဘယ်လိုနေလဲ ဆိုတာလည်း ညီမတို့မသိဘူး။ အဖေ့ကို ဘယ်မှာထားလဲ ဆိုတာကလည်း ညီမတို့ ဒီနေ့အချိန်ထိ မသိရသေးဘူးရှင့်။”

ဖမ်းဆီးခံထားရတဲ့ ဦးမြင့်ကျော်ဟာ တောင်ယာလုပ်ငန်းလုပ်ကိုင်သူတဦးဖြစ်ပြီး ကျန်းမာ ရေးမကောင်းလို့ အိမ်မှာနားနေတဲ့အချိန် စစ်တပ်က လာရောက်ဖမ်းဆီး သွားတာဖြစ်ပါတယ်။ သူ့ကို ဘာကြောင့် ဖမ်းသွားတယ်ဆိုတာကို မသိပေမယ့် သူ့ကျန်းမာရေးအတွက် စိုးရိမ်နေရတယ်လို့လည်း ဖမ်းဆီးခံရသူရဲ့ သမီးဖြစ်သူက ပြောပါတယ်။

“ညီမတို့မိသားစုက အဖေတယောက်ကိုပဲ မှီခိုပြီး စားသောက်နေရတာဆိုတော့လေ အဖေက အသက်က ၅၇ လောက်ရှိပြီ။ အိမ်မှာက ယောက်ကျားသားမရှိဘူး။ အဖေက စိုက်ခင်းတွေလုပ်ပြီး မိသားစုကို ရှာကျွေးနေတာ။ ညီမတို့ မိသားစုက အဖေ့ကို မှီခိုပြီးစားသောက် နေရတာဆိုတော့ အခု အဖေမရှိတော့စားဝတ်နေရေးကအစ အခက်အခဲတွေက အများကြီးကြုံ နေရပါတယ်။ အဖေ့ကို ခေါ်သွားတဲ့အချိန်မှာလည်း အဖေက အသက်လည်းကြီးနေပြီ။ နေမကောင်းတဲ့ ကြားက ခေါ်သွားတာဆိုတော့ ဒါပေမယ့် ဒီနေ့အချိန်ထိ အဖေ့ရဲ့ သတင်းအစအနကိုလည်း ညီမတို့က မရသေးဘူး။ အရမ်းကို စိတ်ပူနေရတယ်။ အဖေ ထမင်းကောစားရရဲ့ လား၊ ရေကောသောက်ရဲ့လား၊ ဘယ်လိုနေရတယ်ဆိုတာလည်း မသိတော့ အရမ်းကို စိတ်ပူနေရပါတယ်ရှင့်။”

စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကတော့ အဲဒီဒေသမှာ ပုံမှန် လုပ်ရိုးလုပ်စဉ်အတိုင်း ဆောင်ရွက်နေခြင်းသာဖြစ်ကြောင်း အခုလို တ့ုံ့ပြန်ပါတယ်။

“ပလက်ဝဘက်မှာတော့ ကျနော်တို့က ကုလားတန်စီမံကိန်းလုပ်ဆောင်နေတာရှိတယ်။ ယခင်က စီမံကိန်းနဲ့ ပတ်သက်ပြီး နှောင့်ယှက်မှုတွေ၊ ဟန့်တားမှုတွေရှိတယ်။ ဒါနဲ့ ပတ်သက်ပြီး ကျနော်တို့ ဆက်လက်လုပ်ဆောင်နေတာလည်းရှိပါတယ်ဗျာ။ တချို့နေရာတွေမှာတော့ ကျနာ်တို့က ပေါက်ကွဲစေတတ်တဲ့ လက်နက်တွေ၊ ဒါတွေ စစ်ဆေးတာတော့ ပုံမှန်လုပ်နေတဲ့ လုပ်ငန်းတွေ ဖြစ်ပါတယ်။ တိုးပြီးဆောင်ရွက်တာလည်းမရှိဘူး။ လျော့ပြီးဆောင်ရွက်တာလည်းမရှိပါဘူးဗျ။”


ပြီးခဲ့တဲ့ မေလကုန်းပိုင်းလောက်က ပလက်ဝမြို့နယ်အတွင်းက အဘောင်းသာကျေးရွာမှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲတွေ ဖြစ်ပွားခဲ့သလို လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အဲဒီနောက် မြန်မာစစ်တပ်ဘက်က အဘောင်သားကျေးရွာဒေသခံတွေကို ဖမ်းဆီးစစ်ဆေးတာတွေရှိတာကြောင့် ဒေသခံတချို့ တိမ်းရှောင်နေရတယ်လို့လည်း ပလက်ဝဒေသခံတဦးက ပြောပါတယ်။

“အဲဒီကျေးရွာဘက်မှာလည်း တချို့ဆိုရင် ကယ်ဆယ်ရေးစခန်းတွေမှာ ရောက်လို့ရောက် အဲလိုမျိုးပေါ့၊ ကျနော်တို့ မြို့ပေါ်မှာဆိုရင်လည်း ဟင်းသီးဟင်းရွက်တွေတောင် ရှာမရတော့ဘူး။ တောတောင်တွေလည်း မသွားရတော့ ငါးတွေဆိုရင် လည်းမရတော့ဘူးပေါ့၊ မြို့ပေါ် လုံခြုံရေးလည်း တင်းကြပ်ထားတယ်၊ ကျနော်တို့ ဘယ်နေရမလဲ၊ သူများတွေက ကုန်းတိုက်မလား၊ အဲလိုပဲ စိုးရိမ်စိတ်နဲ့ နေရတာပေါ့၊ တိုက်ပွဲ ဖြစ်ပြီးမှာ ပိုဆိုးလာတာပါ။”

စစ်ရေးတင်းမာနေတဲ့ ပလက်ဝဖက်မှာ အသွားအလာ ကန့်သတ်ခံထားရတာကြောင့် ဒေသခံတွေအနေနဲ့ စားဝတ်နေရေးအခက်ကြုံနေရသလို ဘယ်အချိန် တိုက်ပွဲဖြစ်လာမလဲဆိုပြီး စိုးရိမ်နေရတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေကလည်း ပလက်ဝဘက်မှာ ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ မြန်မာစစ်တပ်ကြား တိုက်ပွဲ အကြီးအကျယ်ဖြစ်ပွားခဲ့တာကြောင့် ထောင်နဲ့ချီတဲ့ ဒေသခံတွေ အိမ်အိုးစွန့်ခွာ ထွက်ပြေးခဲ့ရသလို သေဆုံးဒဏ်ရာရသူတွေလည်း အများအပြား ရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]














=============

XS
SM
MD
LG