သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေးဆွေးနွေးပွဲတက်ဖို့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို စစ်ကောင်စီ ထပ်မံ ဖိတ်ခေါ် 


စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌဦးလော့ယာကုတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓာတ်ပုံ-တပ်မတော်ပြန်ကြားရေး/မေ ၃၀၊ ၂၀၂၂)
စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နဲ့ ဝပြည်သွေးစည်းညီညွတ်ရေးပါတီ ဒုဥက္ကဋ္ဌဦးလော့ယာကုတို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲ (ဓာတ်ပုံ-တပ်မတော်ပြန်ကြားရေး/မေ ၃၀၊ ၂၀၂၂)


[[Zawgyi/Unicode]]

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲကို မတက်ရောက်တဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကို တိုင်းပြည်အကျိုး၊ ဒေသအကျိုးအတွက် ဆွေးနွေးပွဲ တက်ရောက်ဖို့ ထပ်မံဖိတ်ခေါ်လိုက်ပါတယ်။ အရင်ဖိတ်ခေါ်စဉ်က လက်မခံခဲ့ကြတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေကတော့ လက်ရှိအခြေအနေမှာ သဘောထား ပြောင်းလဲလာတဲ့အနေအထားမရှိကြောင်း ပြောပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးပွဲ တက်ရောက်ဖို့ ထပ်မံ ဖိတ်ကြားချက်ကို ဇွန်လ ၁၄ရက်နေ့က ထုတ်ပြန်လိုက်တာပါ။

ဒီထုတ်ပြန်ချက်မှာ လက်ရှိ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၁၀ ဖွဲ့အနက် ၆ ဖွဲ့နဲ့ ငြိမ်းချမ်းရေး၊ ပါတီစုံဒီမိုကရေစနစ်ကျင့်သုံးရေး၊ ဒီမိုကရေစီနဲ့ဖက်ဒရယ်စနစ်ကိုအခြေခံပြီး ပြည်ထောင်စုတည်ဆောက်ရေး၊ ဒေသဖွံ့ဖြိုးရေးကို ဆွေးနွေးခဲ့ကြောင်း၊ ကျန် ၄ ဖွဲ့နဲ့ ဆက်လက်ဆွေးနွေးမှာဖြစ်ကြောင်းနဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေရဲ့ တောင်းဆိုချက်တွေက အကြေအလည် ဆွေးနွေးအဖြေရှာသွားမှာ ဖြစ်ကြောင်း ဖော်ပြထားပါတယ်။

ကျန်ရှိနေတဲ့အဖွဲ့တွေက ဆွေးနွေးပွဲ တက်ရောက်မယ်ဆိုရင် ဥက္ကဋ္ဌ ဒါမှမဟုတ် အဆုံးအဖြတ်ပေးနိုင်တဲ့ ကိုယ်စားလှယ်စားလှယ်စာရင်းကို ဒီလ ၃၀ ရက်နေ့ နောက်ဆုံးထားပေးပို့ဖို့လည်း ဖိတ်ခေါ်ထားပါတယ်။

စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် ထပ်မံဖိတ်ခေါ်လိုက်တဲ့အပေါ် ကရင်အမျိုးသားအစည်းအရုံး KNU ရဲ့ သဘောထားကို အဖွဲ့ပြောရေးဆိုခွင့်ရှိသူ ပဒိုစောတောနီးက VOA ကို အခုလို ပြောပါတယ်။

“ကျနော်တို့ ရပ်တည်ချက်က ဘာမှ အပြောင်းအလဲ မရှိပါဘူးနော်။ အရင် ရပ်တည်ချက်အတိုင်းပါပဲ။ နိုင်ငံရေးနဲ့ပတ်သက်လို့ သူတို့နဲ့ စကားပြောစရာမရှိဘူး။ တကယ်ပြောချင်ရင်တော့ သူတို့ နိုင်ငံရေးက ထွက်ရမယ်ဆိုတာ အဲဒါ ရှိပြီးသားပါနော်။ ဒီအတိုင်း ကျနော်တို့က အခိုင်အမာ ရပ်တည်နေပါတယ်။ သူတို့ဟာ တရားမဝင် အာဏာသိမ်းထားတဲ့အတွက် တရားမဝင်တဲ့သူတွေဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ တရားမဝင်တဲ့အဖွဲ့အစည်းနဲ့ စကားပြောဖို့ဆိုတာ အရမ်းခက်သွားပြီလေ။ သူတို့နိုင်ငံရေးက မထွက်ဘဲ ကျနောတို့ သွားစကားပြောရင် ၂၀၀၈ ထဲမှာ ပြန်ဝင်နေရမယ်ဆိုတော့ ကျနော်တို့လည်း မလုပ်နိုင်တော့ဘူးဗျ။ ၂၀၀၈ ဆိုတာ ကျနော်တို့ခေါင်းထဲမှာ ရှိကို မရှိတော့တာ ဒါ ရှင်းရှင်းလေးပဲ။”

NCA အပစ်ရပ်စာချုပ်ကို လက်မှတ် ရေးထိုးထားတဲ့ KNU အနေနဲ့ အနာဂတ်နိုင်ငံကို ဖွဲ့စည်းပုံအသစ်နဲ့ တည်ဆောက်ဖို့ ရည်ရွယ်ထားကြောင်း ဆက်ပြောပါတယ်။

NCA အပစ်ရပ်စာချုပ်ကို လက်မှတ်မထိုးတဲ့ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP ရဲ့ အတွင်းရေးမှူး ၁ ခူးဒယ်နီရယ်ကလည်း သူတို့ ပါတီရဲ့ လက်ရှိ ရပ်တည်ချက်ကို အခုလို ပြောပါတယ်။

“အခုလက်ရှိအထိကတော့ ကျနော်တို့ KNPP အနေနဲ့ အရင်ဆုံးဖြတ်ချက် ထား ထားတဲ့အတိုင်းပါပဲ။ သူတို့နဲ့ တွေ့ဖို့ကတော့မရှိသေးဘူး။ အချိန်ကတော့ မကျသေးဘူး။ အဲလိုမျိုးပဲ ဆုံးဖြတ်ချက်တွေ ရှိထားတယ်။ ”

လက်ရှိ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ဗဟိုကော်မတီက ဆွေးနွေးတာ မရှိသေးကြောင်းနဲ့ အစည်းအဝေးကျင်းပရင်လည်း ပြောင်းလဲဖွယ်မရှိနိုင်ကြောင်း သူက ဆက်ပြောပါတယ်။

“ဒီအပေါ်မှာတော့ ဘာမှ ဆွေးနွေးမှုကတော့ မလုပ်ရသေးဘူး။ တကယ်လို့ ဆွေးနွေးရင်လည်း ကျနော်တို့အနေနဲ့က အရင်ပြောထားတဲ့ ဆုံးဖြတ်ချက်အတိုင်းပဲ ရှိပါလိမ့်မယ်။ ဘာဖြစ်လဲဆိုရင် လူထုတရပ်လုံးက၊ လူထု ၇၅- ၈၀ ရာခိုင်နှုန်းက ဒီစစ်အာဏာရှင်ကို မလိုလားတော့ တော်လှန်ကြတယ်လေ။ တိုင်းရင်းသားက တွေ့ရင်လည်း လူထုက ကျန်ထားမယ်။ အခု တိုက်ပွဲဝင်နေတဲ့ PDF တို့၊ နွေဦးတော်လှန်ရေးနောက်ပိုင်းမှာ ပေါ်လာတဲ့အဖွဲ့အစည်းအားလုံးက ကျန်ခိုင်းမယ်ဆိုရင်တော့ ဒီငြိမ်းချမ်းရေးက ဖြစ်လာဖို့ အကြောင်းမရှိဘူးလို့တော့ ကျနောတို့ သုံးသပ်ထားပြီးသားပါ။”

ကရင်နဲ့ ကယားပြည်နယ်အတွင်းမှာတော့ စစ်ကောင်စီတပ်တွေနဲ့ KNU ၊KNPP ၊PDF ပူးပေါင်းတပ်ဖွဲ့တွေ အကြားမှာ တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေဆဲရှိနေတာပါ။

ကချင်လွတ်လပ်ရေးအဖွဲ့ KIO ကတော့ စစ်ကောင်စီရဲ့ ထပ်မံကမ်းလှမ်းချက်နဲ့ပတ်သက်ပြီး ဘာမှ မဆုံးဖြတ်ရသေးကြောင်း KIO ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

“အဲဒါနဲ့ပတ်သက်လို့တော့ ကျနော်တို့ ဗဟိုကော်မတီရဲ့ ဆုံးဖြတ်ချက်ကတော့ မကျသေးဘူး။ ဗဟိုကော်မတီရဲ့ ညွှန်ကြားချက်တွေ မရှိတဲ့အခါကျတော့ ကျနော်လည်း ဖြေကြားလို့ မရသေးဘူး။ နဂိုအတိုင်းပဲ ဆက်သွားမှာလား။ အပြောင်းအလဲရှိမလားဆိုတဲ့ အပိုင်းတွေကလည်း ကော်မတီရဲ့ ဆုံးဖြတ်ချက် မရှိရင်တော့ ကျနော်လည်း ဘယ်လိုမှ ခန့်မှန်းလို့ မရဘူး။ ”

KIO ဟာ စစ်ကောင်စီက ငြိမ်းချမ်းရေးဆွေးနွေးဖို့ ပထမအကြိမ် ကမ်းလှမ်းရာမှာ ပါဝင်သင့်သူအားလုံးကို မဖိတ်ခေါ်တာနဲ့ နိုင်ငံအရေးကိစ္စတွေကို ဆွေးနွေးအဖြေရှာမယ့် သဘောထား မပါရှိတာကြောင့် ဆိုပြီး ငြင်းပယ်ထားတဲ့ အဖွဲ့ ဖြစ်ပါတယ်။

လက်ရှိမှာလည်း စစ်ကောင်စီတပ်တွေနဲ့ KIA အကြား တိုက်ပွဲတွေ ဖြစ်ပွားနေဆဲရှိနေပါတယ်။

စစ်ကောင်စီဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်က ပြီးခဲ့တဲ့ ဧပြီလအတွင်းက တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေကို ငြိမ်းချမ်းရေးဆွေးနွေးဖို့ ဖိတ်ခေါ်ခဲ့တာပါ။

ဒီဖိတ်ခေါ်ချက်ကို NCA အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသားလက်နက်ကိုင် ၇ ဖွဲ့နဲ့ လက်မှတ်မထိုးတဲ့ ၃ ဖွဲ့က လက်ခံခဲ့ပြီး လက်ရှိ ၆ ဖွဲ့နဲ့ ဆွေးနွေးပြီး ဖြစ်ပါတယ်။

NCA လက်မှတ်ထိုးထားတဲ့ ကရင်အမျိုးသားအစည်းအရုံး KNU ၊ ချင်းအမျိုးသားတပ်ဦး CNF၊ ကျောင်းသား တပ်မတော် ABSDF နဲ့ NCA လက်မှတ် မထိုးတဲ့ ကချင်လွတ်လပ်ရေးအဖွဲ့ KIO၊ ပလောင် ပြည်နယ် လွတ်မြောက်ရေးတပ်ဦး PSLF ၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် MNDAA ကိုးကန့်အဖွဲ့၊ ရခိုင်အမျိုးသားအဖွဲ့ချုပ် ULA/AA တို့ကတော့ လက်မခံခဲ့ပါဘူး။

==============

[[Unicode]]






















==============

XS
SM
MD
LG