သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် ရပ်ကျေးအုပ်ချုပ်ရေးမှူးများ နှစ်ဘက်ဖိအားပေးခံနေရ


ရခိုင်ပြည်နယ် (MIMU)
ရခိုင်ပြည်နယ် (MIMU)

[[Zawgyi/Unicode]]

စစ်ရေးတင်းမာလာတဲ့ ရခိုင်ပြည်နယ်တွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတချို့ဟာ နှစ်ဘက်ဖိအားပေးတာတွေ၊ စစ်ဆေးမေးမြန်းတာတွေကို ခံနေရကြတယ်လို့ အုပ်ချုပ်ရေးမှူးတွေက ပြောပါတယ်။ ရခိုင်တောင်ပိုင်း ကျောက်ဖြူမြို့နယ် စနဲမြို့မှာဆိုရင်လည်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီဘက်က အခုရက်ပိုင်းအတွင်း ခေါ်ယူစစ်ဆေးတာတွေရှိသလို AA အဖွဲ့ဘက်ကလည်း ခေါ်ယူသတိပေးတာတွေရှိတယ်လို့ ပြောပါတယ်။ ရန်ကုန်ကပေးပို့တဲ့သတင်း ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

ပြီးခဲ့ရက်ပိုင်း စနဲမြို့စခန်းမှူးကို ရခိုင်လက်နက်ကိုင် AA အဖွဲ့က ဖမ်းဆီးသွားပြီးနောက်ပိုင်းမှာ ဒေသခံ ၈ ဦးကို စစ်ကောင်စီက ဖမ်းဆီးခဲ့တယ်လို့သိရပါတယ်။ ဒါ့အပြင် စနဲမြို့နယ်တခုလုံးမှာရှိတဲ့ အုပ်ချုပ်ရေးမှူးတွေကို စစ်ကောင်စီက ခေါ်ယူစစ်ဆေးပြီး လက်နက်ကိုင်အဖွဲ့တွေနဲ့ မပတ်သက်ဖို့ ဖိအားပေးတာတွေရှိတယ်လို့လည်း ကျောက်ဖြူမြို့နယ် စနဲဒေသခံ အုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကို ခေါ်စစ်တာရှိတယ်၊ ခေါ်စစ်တဲ့အခါမှတော့ ကျေးရွာတွေမှာ ULA/AA အမာခံတွေရှိလား မရှိလား ဒါတွေ ခေါ်စစ်တယ်။ နောက် ငွေကောက် တာတို့ ဘာတို့ရှိလား အဲဒါတွေ ခေါ်စစ်တယ်။ ပြီးတော့ သူတို့မရှိတဲ့အကြောင်း အုပ်ချုပ်ရေးမှူးတွေကို လက်မှတ်တွေ ဘာတွေ ထိုးခိုင်းတာရှိတယ်။”

ရခိုင်ပြည်နယ်တွင်း ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီနဲ့ ရခိုင်လက်နက် ကိုင်အဖွဲ့ နှစ်ဘက်စလုံးရဲ့ ဖိအားပေးတာတွေကိုလည်း ခံနေကြတယ်လို့လည်း လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးက ပြောပါတယ်။

“ဖိအားတော့ အမြဲတမ်း အပေးခံနေရတယ်။ စစ်ကောင်စီဘက်ကလည်း ဒါတွေ ဒါတွေ မလုပ်ရဘူး။ လက်နက်ကိုင်တွေကို ရွာမှာလက်မခံနဲ့ ဆိုပြီး ဖိအားပေးတာရှိတယ်။ လက်နက်ကိုင်ဘက်ကလည်း အုပ်ချုပ်ရေးမှူးဆိုတာကတော့ စစ်ကောင်စီဘက်ကလည်း လာရင် တွေ့ရတာပဲ။ အဲဒီလိုတွေ့ရင်လည်း လက်နက်ကိုင်တွေဘက်က စစ်ကောင်စီနဲ့ မပတ်သက်ဖို့ ဖိအားပေးတာတွေရှိတာပေါ့။”

ရခိုင်ပြည်နယ်မှာ ရှိတဲ့ အုပ်ချုပ်ရေးမှူးတွေဟာ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA နှစ်ဘက်စလုံးနဲ့ အဆင်ပြေအောင် ဆက်ဆံနေရတာဖြစ်သလို ပြဿနာတခုခုဖြစ်လာရင် ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေအတွက် အာမခံချက် တစုံတရာမရှိဘူးလို့ ကျောက်ဖြူမြို့နယ် စနဲ ဒေသခံ ရပ်ကျေး အုပ်ချုပ်ရေးမှူးတဦးကပြောပါတယ်။

“အုပ်ချုပ်ရေးမှူးတွေကို နှစ်ဘက်ကြားထဲကို ဆွဲမသွင်းစေချင်ဘူးခင်ဗျာ။ အုပ်ချုပ်ရေးမှူးက အုပ်ချုပ်ရေးမှူးအလုပ်ကို လုပ်ရမယ်။ အဲလို ဆွဲသွင်းလိုက်ရင် ကျနော်တို့ မှာ ဘာအာမ ခံချက်မှမရှိဘူး။ ကျနော်တို့ လုံခြုံမှုမရှိဘူး။ ကျနော်တို့ဘဝအတွက်၊ ပြီးတော့ကျနော်တို့က မိသားစုတွေနဲ့ နေရတာကျတော့ ပြဿနာတခုခုဆိုရင် ဘာမဟုတ်တဲ့ဟာနဲ့ အသက်တွေ ပေးသွားရမယ့် အခြေအနေတွေရှိတယ်။ ဒါကြောင့် နှစ်တင်းမာမှုကြားထဲကို အုပ်ချုပ်ရေးမှူးတွေကို ဆွဲမသွင်းစေချင်ဘူးလို့ မြင်ပါတယ်။”

စစ်ရေးတင်းမာနေတဲ့ ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဇွန်လကပြီးတော့ စစ်ကောင်စီနဲ့ ရခိုင်လက်နက်ကိုင် AA အဖွဲ့ကြား အပြန်အလှန်ဖမ်းဆီးမှုတွေ ရှိနေတာပါ။ စစ်ကောင်စီဘက်က ရခိုင်လက်နက်ကိုင် AA အဖွဲ့နဲ့ ဆက်စပ်တယ်ဆိုပြီး သံသယနဲ့ ဖမ်းဆီးတာတွေရှိသလို AA အဖွဲ့ဘက်ကလည်း မြို့နယ်အုပ်ချုပ်ရေးမှူးတွေ၊ ရဲနဲ့ စစ်ဘက်ဆိုင်ရာ တာဝန်ရှိသူတွေကို ဖမ်းဆီးမှုတွေရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

===========

[[Unicode]]











XS
SM
MD
LG