ဂါဇာဒေသမှာ ၁ နှစ်ကျော်လောက် ဓါးစာခံအဖြစ် ဖမ်းဆီးခံထားရကနေ လွတ်မြောက်လာတဲ့ ထိုင်းနိုင်ငံသား ၅ ယောက် ထိုင်းနိုင်ငံ ဘန်ကောက်မြို့ကို ဒီနေ့ ပြန်ရောက်လာခဲ့ပါတယ်။ အဲဒီ ထိုင်းနိုင်ငံသား ၅ ယောက်ကို အကျဉ်းသား လဲလှယ်ရေးအစီအစဉ် အစိတ်အပိုင်းတရပ်အဖြစ်နဲ့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃၀ ရက်နေ့က ပြန်လွှတ်ပေးလိုက်တာ ဖြစ်ပါတယ်။
သူတို့ကိုတော့ မိသားစုဝင်တွေအပြင်၊ ထိုင်းနိုင်ငံခြားရေးဝန်ကြီး Maris Sangiampongsa နဲ့ ထိုင်းနိုင်ငံဆိုင်ရာ အစ္စရေးသံအမတ် Orna Sagiv တို့က ဘန်ကောက်မြို့က သုဝဏ္ဏဘူမိ နိုင်ငံတကာလေဆိပ်မှာ လာရောက်ကြိုဆိုခဲ့ကြပါတယ်။
“ကျနော်တို့နိုင်ငံကို ပြန်ရောက်လာတဲ့အတွက် ကျနော်တို့ အားလုံးအရမ်းပျော်ပြီး၊ အဲဒီအတွက် ကျနော်တို့အားလုံးက အထူးကျေးဇူးတင်တယ်” လို့ ပြန်လည်လွတ်မြောက်လာသူတွေထဲက အသက် ၃၆ နှစ်အရွယ် Pongsak က သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
ထိုင်းနိုင်ငံခြားရေးဝန်ကြီးကတော့ ထိုင်းအစိုးရအနေနဲ့ သူတို့ရဲ့ မျှော်လင့်ချက်တွေကို ဘယ်တော့မှ လက်မလျှော့ခဲ့တာကြောင့် အခုလိုရလဒ်တွေ ထွက်လာခဲ့တာဖြစ်ပြီး၊ ကျန်တဲ့ဓါးစာခံတွေ လွတ်မြောက်လာဖို့အတွက် ဆက်လုပ်သွားမယ်လို့ ပြောပါတယ်။
ဒါဟာ ဂါဇာစစ်ပွဲ စဖြစ်ချိန်ကစပြီး ဒုတိယအသုတ်အနေနဲ့ ပြန်လွှတ်ပေးလိုက်တဲ့ ထိုင်းနိုင်ငံက ဓါးစာခံတွေ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာလက အပစ်အခတ် ရပ်စဲခဲ့ချိန်အတွင်း ကာတာနဲ့ အီရန်နိုင်ငံတွေရဲ့ အကူအညီနဲ့ ထိုင်းအစိုးရနဲ့ ဟားမတ်အဖွဲ့ကြား သဘောတူညီမှုရပြီး၊ ထိုင်းနိုင်ငံသား ၂၃ ယောက် ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ ၂၀၂၃ အောက်တိုဘာ ၇ ရက်တိုက်ခိုက်မှုအတွင်း ဟားမတ်စ်တွေက အစ္စရေးတောင်ပိုင်းမှာရှိတဲ့ ထိုင်းနိုင်ငံသား ၃၁ ယောက်ကို ပြန်ပေးဆွဲဖမ်းဆီးသွားခဲ့တာ ဖြစ်ပါတယ်။
Forum