သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု စာအုပ်ဖြန့်ချိမှုနဲ့ လွင်ဦးစာပေတိုက် ပိတ်ပင်ခံရ


Myanmar's Rohingya Genocide(Photo: BLOOMSBURY.com )
Myanmar's Rohingya Genocide(Photo: BLOOMSBURY.com )

[[Zawgyi/Unicode]]


မြန်မာနိုင်ငံ ရခိုင်မြောက်ပိုင်းမှာ ဖြစ်ပျက်ခဲ့တဲ့ ရိုဟင်ဂျာ လူမျိုးတုန်းသတ်ဖြတ်မှုအကြောင်းကို ပြည်တွင်းမှာ စာအုပ်ဖြန့်ချီမှု ပိတ်ပင်တားဆီးရုံနဲ့ အမှန်တရားကို ဖုံးကွယ်လို့ရမှာမဟုတ်ဘူးလို့ ရိုဟင်ဂျာအရေးတောင်းဆိုလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ တကယ်တမ်း ရိုဟင်ဂျာတွေ ရင်ဆိုင်ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု၊ လူမဆန်မှုတွေဟာ စာအုပ်တွေ၊ မှတ်တမ်းတွေ သတင်းတွေမှာ ရေးသားဖော်ပြခဲ့တာထက်ကို ပိုပြီးတော့ ဆိုးရွားကြမ်းတမ်းခဲ့ပါတယ်လို့လည်း ကိုယ်တိုင်ရင်ဆိုင်ခဲ့ရတဲ့ရိုဟင်ဂျာတွေက ဆိုပါတယ်။ ရန်ကုန်ကပေးပို့ထားတဲ့သတင်းကို အခြေခံပြီး ရိုဟင်ဂျာတွေကို ဆက်သွယ်မေးမြန်းထားတဲ့ VOA မြန်မာပိုင်းက မဆုမွန် တင်ဆက်ထားပါတယ်။

မြန်မာနိုင်ငံထဲက အွန်လိုင်းစာပေအရောင်းဈေးကွက်ထဲမှာ- ဒီသီတင်းပတ်ထဲကပဲ ဒီ “အင်္ဂလန် ဥပဒေပညာရှင် Ronan Lee ရေးသားထားတဲ့ Myanmar's Rohingya Genocide” ဆိုတဲ့စာအုပ်ကို မိတ္တူရပြီလို့ ကြော်ငြာရောင်းချခဲ့တဲ့အတွက် ပုံနှိပ်ထုတ်ဝေခြင်းဥပဒေကို ချိုးဖောက်တယ်ဆိုတဲ့ အကြောင်းပြချက် နဲ့ လွင်ဦးစာပေကို စစ်ကောင်စီပြန်ကြားရေးဌာနက ထုတ်ဝေခွင့်လိုင်စင် ရုပ်သိမ်းလိုက်ပါတယ်။ ဥပဒေပြဌာန်းချက်ပါ စည်းကမ်းချက်တွေ ချိုးဖောက်တာမို့ အခုလို ထုတ်ဝေခွင့်လိုင်စင် ပိတ်ပင်လိုက်တာလို့ ပြန်ကြားရေးဌာန၊ မူပိုင်ခွင့်နှင့် မှတ်ပုံတင်ဌာနရဲ့ ညွှန်ကြားရေးမှူး ဦးကျော်ဌေးက ဗွီအိုအေမြန်မာပိုင်းကို ပြောခဲ့ပါတယ်။

"ကော်ပီကူးပြီး ဖြန့်တယ်ဆိုတာ သူတို့က ဒီစာအုပ်ကို အွန်လိုင်းမှာ ကြေညာတယ်လေ။ မိတ္တူရပြီ ဘာ ညာ ဆိုပြီးတော့လေ။ ကျနော်တို့က ပုံနှိပ်ခြင်းနှင့် ထုတ်ဝေခြင်းလုပ်ငန်းဥပဒေဆိုတာ ရှိတယ်။ အဲဒီမှာ ပုဒ်မ (၁၇) မှာ ပုဒ်မ (၈) ပါ စည်းကမ်းချက်နဲ့အညီ ထုတ်ဝေခြင်း၊ ဖြန့်ချီခြင်း သို့မဟုတ် ပြည်ပမှတင်သွင်းခြင်း မပြုရဆိုတဲ့ တားမြစ်ချက်ရှိ တယ်လေနော်။ ဒီစည်းကမ်းချက်တွေကို မလိုက်နာဘူး၊ တားမြစ် ချက်တွေကို ဖောက်ဖျက်တယ်ဆိုရင်တော့ သူ့သက်ဆိုင်ရာ ဥပဒေနဲ့အညီ အရေးယူတဲ့သဘောပါ။"

တကယ်တော့ စစ်ကောင်စီဘက်က ဒီလို ပြည်တွင်းမှာ စာအုပ်ဖြန့်ချီမှု ပိတ်ပင်တားဆီးရုံလောက်နဲ့ ဒီမြန် မာနိုင်ငံ ရခိုင်မြောက်ပိုင်းမှာ အမှန်တကယ်ဖြစ်ပျက်ခဲ့တဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေအပေါ် စစ်တပ်က ကျူးလွန်ခဲ့တဲ့ ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်ခဲ့တယ်ဆိုတဲ့ အမှန်တရားကို ဖုံးကွယ်လို့ရမှာမဟုတ်ဘူးလို့ ရိုဟင်ဂျာအရေး တောင်းဆိုလှုပ်ရှားသူတွေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေက ပြောဆိုလိုက်ပါတယ်။ ဒီလိုမြန် မာပြည်သူတွေ မဖတ်မိအောင် တားဆီးပိတ်ပင်လုပ်ရုံနဲ့ ကျူးလွန်ခဲ့သူရော ကျူးလွန်ခံရသူတွေပါ နှစ်ဦးနှစ်ဘက် သိတဲ့ အမှန်တရားကို ဖုံးကွယ်လို့ မရနိုင်ပါဘူးလို့ ဘင်္ဂလားဒေ့ရှ် ကော့ဇ်ဘဇား ဒုက္ခသည်စခန်းက ရိုဟင်ဂျာဒုက္ခသည် ကိုအောင်မြိုင်ကပြောပါတယ်။

“စစ်ကောင်စီက အဲ့ဒီ့လို စာပေတွေကိုပိတ်ရုံနဲ့ ရိုဟင်ဂျာသမိုင်းရော ရိုဟင်ဂျာရဲ့ဖြစ်တည်မှုရော နောက် ရိုဟင်ဂျာတွေရဲ့ အခြေအနေတွေကို ကမ္ဘာရော မြန်မာပါမသိအောင် ပိတ်လို့ရမှာမဟုတ်ပါဘူး။ သူတို့ အဲ့သလို ပိတ်လေ ပေါ်လေပါပဲ။ ဒီလိုစာပေတွေကနေ တဆင့် ရိုဟင်ဂျာတွေရဲ့အသံတွေကို စုဆောင်းပြီးတော့-ရိုဟင်ဂျာတွေရဲ့ နစ်နာမှုတွေကို ဖော်ပြမယ်ဆိုရင် ဒီလိုမျိုး နောက်နောင် လူမျိုးတုန်းသတ်ဖြတ်တဲ့ပုံစံမျိုး မဖြစ်အောင် မြန်မာနိုင်ငံတဝန်းလုံး ဒေသအသီးသီးမှာပါ ဒီလိုမျိုးမဖြစ်အောင် တခြားလူမျိုးစုတွေအတွက်ရော အဲ့တာက ကောင်းမယ်လို့ ကျနော်ထင်ပါတယ်။”

တကယ်တော့ အမှန်တကယ်ဖြစ်ပျက်ကြုံတွေ့ခဲ့ရတဲ့ လူ့အခွင့်အရေးချိုးဖောက်မှု လူမဆန်မှုတွေဟာ စာအုပ်တွေ၊ မှတ်တမ်းတွေ သတင်းတွေမှာ ရေးသားဖော်ပြခဲ့တာထက်ကို ပိုပြီးတော့ ဆိုးရွားကြမ်းတမ်းခဲ့ပါတယ်လို့လည်း ကိုယ်တိုင်ရင်ဆိုင်ခဲ့ရတဲ့ ရိုဟင်ဂျာတွေက ဆိုပါတယ်။ သူတို့ကိုယ်တိုင် မျက်မြင်ကိုယ်တွေ့ကြုံတွေ့ခဲ့ရတဲ့ ရခိုင်မြောက်ပိုင်းအဖြစ်အပျက်တွေကို အသက်သေဆုံးခဲ့ရသူတွေရဲ့ မိသားစုတွေ၊ ဆွေမျိုး မိတ်ဆွေတွေ အသက်လုပြေးခဲ့ရတဲ့ ရိုဟင်ဂျာ ရွာသူရွာသားတွေက သူတို့ရဲ့အသံတွေကို ထုတ်ဖော်ပြီး တရားမျှတမှုရရေး တောင်းဆိုနေကြတယ်လို့လည်း ရိုဟင်ဂျာဒုက္ခသည် ဦးစိုးမြင့်ကပြောပြပါတယ်။

“တကယ်တော့ စာရေးသူက လက်လှမ်းမှီသလောက် စုဆောင်းပြီးတော့ သူကပြုစုခဲ့တယ်လို့ ကျနော်ထင်တယ်။ တကယ်ဖြစ်ပျက်ခဲ့ရတဲ့ အခြေအနေက တကယ်ကြုံတွေ့ခဲ့ရတဲ့သူတွေက ပိုသိမှာပါ။ စာအုပ်ရေးသားသူထက်ကို တကယ်ခံစားခဲ့ရသူတွေက ပိုသိပါတယ်။ ပိုပြီးတော့ နာကျင်ခံစားခဲ့ရတဲ့သူတွေပါ။ နောက်တခုက မြန်မာပြည်တွင်းမှာ ဒီသက်သေအထောက်အထားတွေကို လူတွေကို မြေမြှုပ်ပြီးတောင် မီးရှှို့ဖျောက်ဖျက်ဖို့ကြိုးစားတာ။ ကျနော်တို့ပြောချင်တာက ဒီအာဏာရှိတဲ့ပုဂ္ဂိုလ်တွေဘက်က ဘယ်လောက်ပဲ ဖျောက်ဖျက်ဖို့ကြိုးစားပါစေ၊ ဒီ Genocide လူမျိုးတုန်း သတ်ဖြတ်မှုဖြစ်စဉ်မှာ သွယ်ဝိုက်တဲ့နည်းနဲ့ရော တိုက်ရိုက်နည်းတွေပါ ပါဝင်ခဲ့တဲ့သူတွေအပေါ် ဘယ်လောက်ပဲပိတ်ပိတ် ဘယ်လိုနည်းနဲ့မှ သူတို့ ဖုံးဖိလို့ရမှာမဟုတ်ဘူး။ ဘာဖြစ်လို့လဲဆိုရင် ခံစားခဲ့ရသူတွေက ဒီဘက်ကိုလည်း ရောက်နေကြတာလေ။ လွတ်လပ်တဲ့နယ်မြေကို ခဏရောက်နေကြတာဆိုတော့ ဖြစ်ပျက်ခဲ့သမျှတွေကို နိုင်ငံတကာအဖွဲ့ အစည်း တွေရော သက်ဆိုင်တဲ့သူတွေက ဒါတွေကိုမှတ်တမ်းယူပြီး စုံစမ်းဖော်ထုတ်နေကြတာပဲ။ နော် ဒါကြောင့် သူတို့ဘက်က ဘယ်လောက်ပဲပိတ်ပိတ် တရားမျှတမှုရရှိရေးအတွက် ကျနော်ပြောချင်တာကတော့ ဒီလွင်ဦးစာပေက ဖြန့်မယ့်စာအုပ်ကို ပိတ်ပင်ရုံနဲ့တော့ သူတို့အတွက် အကျိုးသက်ရောက်မှာမဟုတ်ဘူးလို့ထင်ပါတယ်။”

ဒီလို ရိုဟင်ဂျာလူမျိုးတုန်း သတ်ဖြတ်မှုတွေနဲ့ပတ်သက်ပြီး နိုင်ငံတကာတရားရုံးမှာပါ အမှုရင်ဆိုင်နေရချိန် စစ်အစိုးရရဲ့ အခုလို သက်သေဖျောက်ဖျက်ဖို့လုပ်တာ၊ ပြည်သူတွေကို သတင်းမှန်ရရှိဖို့ ဖုံးကွယ်တဲ့လုပ်ရပ်အဖြစ် မြန်မာရိုဟင်ဂျာများအဖွဲ့ ( UK) ရဲ့ ဥက္ကဋ္ဌ - လက်ရှိ အာဂျင်တီးနားတရားစွဲဆိုမှု ဦးဆောင်သူ ဦးထွန်းခင်က သုံးသပ်ပါတယ်။

“ဒါကတော့ ရှင်းရှင်းလေးပါနော် အာဏာသိမ်းစစ်ကောင်စီက-ဒီလို၂၀၁၆ ၂၀၁၇ ခုနှစ်မှာ စစ်တပ်က ရိုဟင်ဂျာလူမျိုးတွေအပေါ် ရက်ရက်စက်စက် လူမျိုးတုန်းသတ်ဖြတ်မှုတွေ လုပ်ခဲ့တာက ပေါ်လာမှာကို သူတို့က ဘယ်လိုမှ မလိုလားဘူး။ ဘာဖြစ်လို့လဲဆိုတော့ ဒီမှာ ICC မှာလည်း ကေ့စ်ရှိနေတယ်။ ICG မှာလည်း ကေ့စ်ရှိနေတယ်။ ကျနော်တို့ မြန်မာရိုဟင်ဂျာ ယူကေအဖွဲ့အနေနဲ့ကလည်း အာဂျင်တီးနားမှာ အမှုတွေက စွဲထားတယ်။ အဲ့ဒီ့တော့ သူတို့က မြန်မာပြည်သူတွေကပေါ့နော် ဒီလိုစစ်တပ်ရဲ့ လူမျိုးတုန်း ရက်ရက်စက်စက်သတ်ဖြတ်မှုတွေကို သိလာမှာ ဘယ်လိုနည်းနဲ့မှ မလိုဘူး ဒါကြောင့် ရပ်တန့်ဖို့ ကြိုးစားတာဖြစ်တယ်။ နောက်တဘက်က ဒီစစ်ကောင်စီရဲ့တပ်တွေက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ဂိုဏ်းသားတွေ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှုကို လုပ်ခဲ့တာ ထင်ထင်ရှားရှား ဖြစ်တယ် နိုင်ငံတကာကလည်း သိတယ်။ အဲ့တာကြောင့် သူတို့က ဒီလိုဟာတွေ ပေါ်လာမှာကို ဘယ်လိုနည်းနဲ့မှ မလိုလားဘူး။ ရိုဟင်ဂျာလူမျိုးတုန်းသတ်ဖြတ်မှု GENOCIDE က On going ပဲ အခုထိ သွားနေတုန်းပဲ။ အခုရခိုင်ပြည်မှာ တသိန်းသုံးသောင်းသော ၂၀၁၂ကနေ ဒီနှစ်ထက်ထိ အကျဉ်းစခန်းလိုနေရတယ်။ အစားအသောက်တွေ အကန့်အသတ်နဲ့ထားထားတယ်။ ကျောင်းတက်ခွင့် ပညာသင်ခွင့် ဆေးကုသခွင့်တွေကို အကန့်အသတ်နဲ့ လုပ်ထားတယ်။ အဓိကကတော့ ရိုဟင်ဂျာတွေအပေါ် ရည်ရွယ်ချက်ရှိရှိ သုတ်သင်ရှင်းလင်းနေတာဖြစ်တယ် စနစ်တကျ ရိုဟင်ဂျာတွေကို ရှင်းလင်းနေတာသာဖြစ်တယ်။”

ဒီလို ရိုဟင်ဂျာဆိုတဲ့အသုံးအနှုန်းကို လက်ခံမထားတဲ့ စစ်ကောင်စီဘက်က ဘယ်လိုပဲ ဖုံးကွယ်ဖို့ကြိုးပမ်းနေပါစေ အခုဆိုရင် စစ်အာဏာရှင်ရဲ့ လုပ်ရပ်တွေကို မြန်မာပြည်သူတွေကိုယ်တိုင်ကိုယ်တွေ့ သိရှိနေကြပြီဖြစ်လို့ ကိုယ်တွေ့အတွေ့အကြုံတွေနဲ့ ယှဉ်ပြီး နစ်နာသူတို့ တရားမျှတမှုရနိုင်ရေး ဝိုင်းဝန်းဆောင်ရွက်ဖို့လိုတယ်လို့ ဦးထွန်းခင်က တိုက်တွန်းပါတယ်။

“နောက်တခုက မြန်မာပြည်မှာ စစ်ကောင်စီက အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်တပ်ရဲ့ ရက်ရက်စက်စက်ကြမ်းကြုတ်ရက်စက်မှုတွေကို ပိုပြီးသိလာတယ်။ ရိုဟင်ဂျာတွေအပေါ် ဘယ်လိုလုပ်ခဲ့တယ်ဆိုတာ ရိုဟင်ဂျာတွေ ဘယ်လိုခံခဲ့ရတယ်ဆိုတာ မြန်မာပြည်သူအများစုက နားလည်လာတယ် သိရှိလာတယ်ဆိုတော့ အဲ့တာတွေ ပေါ်လွင်လာမှာကိုလည်း မလိုလားဘူး။”

မဆုမွန်။ ။ ဟုတ်ကဲ့ အဓိကကပေါ့နော် မြန်မာပြည်မှာ စစ်အာဏာသိမ်းပြီးတဲ့နောက်ပိုင်း တိုင်းနဲ့ဒေသကြီးအသီးသီး မကွေး စစ်ကိုင်းတွေမှာပါ လူတွေ အစုလိုက်အပြုံလိုက်သတ်ခံရတာမျိုး ကြိုးတွေနဲ့ တုပ်ထားတာ၊ နေအိမ်တွေကို မီးနဲ့တိုက်တာ စတာတွေကို လက်တွေ့ကြုံရတဲ့ မြန်မာပြည်သူတွေမှာလည်း နောက်နောင်မှာ ဒီလိုမျိုး အလားတူ လူမျိုးတုန်းသတ်ဖြတ်မှု ထပ်လည်းမဖြစ်အောင် ကြုံခဲ့ရသူတွေအတွက် တရားမျှတမှုဖြစ်အောင် နိုင်ငံတကာအနေနဲ့ ဘာတွေ လုပ်သင့်တယ်လို့ ဦးထွန်းခင် အကြံပြုချင်တာရှိပါလဲရှင့်။

“စစ်အာဏာမသိမ်းခင်တုန်းက မယုံခဲ့ဘူး အခုစစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့ ကချင်ညီအကိုမောင်နှမတွေ၊ ကရင်နီညီအကိုမောင်နှမတွေ၊ ချင်းညီအကိုမောင်နှမတွေ၊ နောက် စစ်ကိုင်း၊ မကွေးမှာ ညီအကိုမောင်နှမတွေအားလုံးက ရက်ရက်စက်စက် နှိပ်စက်မှုပေါင်းစုံ၊ အိမ်တွေဆိုရင်လည်း မီးရှှို့တယ်။ ရွာတွေဆိုလည်း မီးရှို့တယ်။ စစ်ကြောရေးတွေမှာ ရက်ရက်စက်စက် သတ်ဖြတ်မှုတွေ လုပ်နေတယ်ဆိုတော့-ဒီစစ်တပ်ရဲ့ ရက်စက်တဲ့ ကြမ်းကြုတ်မှုတွေကို ကျနော်တို့ မြန်မာပြည်သူတွေက ပိုပိုပြီးသိရှိလာတဲ့အတွက် တနိုင်ငံလုံး အားလုံးနီးပါးက ဒီစစ်အာဏာသိမ်းကောင်စီရဲ့ ရက်စက်မှုတွေကို သိရှိပြီးသားဖြစ်နေတယ်။ ဒါကြောင့် ဒီစစ်တပ်ရဲ့ နေ့စဉ်နဲ့အမျှ လုပ်နေတဲ့ ရက်စက်မှုတွေကို Crimes Against Humanity လူသားမျိုးနွယ်အပေါ် ရာဇဝတ်မှုကျူးလွန်မှုတွေ ကျူးလွန်နေတယ်ဆိုတော့ တရားမျှတမှုရဖို့ ကျနော်တို့ နိုင်ငံသူနိုင်ငံသားအားလုံးက ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အပါအဝင် အားလုံးကို တရားခွင်ပေါ် တင်နိုင်အောင် ခေါ်လာနိုင်အောင် လုပ်ကြရပါမယ်။”

အခုလိုမြန်မာပြည်တွင်း ထပ်ဆင့်ကူးယူဖော်ပြခွင့်- ဖြန့်ဖြူးသူကိုပါ ပုံနှိပ်ခြင်းလိုင်စင်အပိတ်ခံလိုက်ရတဲ့ “Myanmar's Rohingya Genocide” စာအုပ်ကို ရေးသားတဲ့ စာရေးဆရာ Ronan Lee ဟာ လန်ဒန် Loughborough တက္ကသိုလ်၊ " သတင်းနှင့်ကိုယ်ပိုင်ဖန်တီးမှုရပ်ဝန်း" အင်စတီကျူရဲ့ ပါရဂူဆုရှင်တဦး ဖြစ်ပြီး သူ့ရဲ့သုတေသန အများစုက လူမျိုးတုန်းသတ်ဖြတ်မှုတွေ၊ အမုန်းစကားတွေ၊ ရွှေ့ပြောင်းခြေချမှုတွေနဲ့ အာရှနိုင်ငံရေးကို အဓိကထား သုံးသပ်တာတွေ များပါတယ်။ ဒီစာအုပ်ကြောင့်လည်း မြန်မာ့နိုဗယ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင်ဆန်းစုကြည်ကို ကမ္ဘာကပိုပြီး အာရုံစိုက်ခဲ့သလို လူ့အခွင့်အရေးချိုးဖောက် မှုတွေ၊ အတင်းအကျပ် နေရပ်စွန့်ခွာခိုင်းတာတွေ၊ ဥပဒေပြင်ပက သတ်ဖြတ်မှုတွေအတွက်လည်း သူ့မှာ တာဝန်မကင်းဘူးဆိုတဲ့ စွပ်စွဲချက်တွေနဲ့လည်း ရင်ဆိုင်ခဲ့ရပါတယ်။

စစ်ကောင်စီ အာဏာသိမ်းပြီးတဲ့နောက်မှာ နိုင်ငံတော်လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကို ထိခိုက်စေတဲ့ အကြောင်းအရာတွေရေးသား ထုတ်လွှင့်ခဲ့တဲ့ မဂ္ဂဇင်း ၁ အုပ်၊ သတင်းအေဂျင်စီ ၁၁ ခုကို ၂၀၂၁ ခုနှစ်ထဲထဲမှာ လုပ်ငန်းလိုင်စင် ရုပ်သိမ်းခဲ့တယ်လို့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရုံးက ဧပြီလ ၇ ရက်မှာ ထုတ်ပြန်ထားပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]

















============

XS
SM
MD
LG