သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ယူကရိန်းအရေးကြောင့် ရုရှား-ဘဲလာရုစ်နဲ့ ဆက်စပ်လုပ်ငန်းတွေ AIIB ဘဏ် ဆိုင်းငံ့


တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာရှိတဲ့ Asian Infrastructure Investment Bank (AIIB) ဘဏ်ဌာနချုပ်က ဆိုင်းဘုတ်။ (ဇန်နဝါရီ ၁၇၊ ၂၀၁၆) 
တရုတ်နိုင်ငံ၊ ဘေဂျင်းမြို့မှာရှိတဲ့ Asian Infrastructure Investment Bank (AIIB) ဘဏ်ဌာနချုပ်က ဆိုင်းဘုတ်။ (ဇန်နဝါရီ ၁၇၊ ၂၀၁၆) 


[[Zawgyi/Unicode]]

တရုတ်နိုင်ငံက ကျောထောက်နောက်ခံပေးထားတဲ့ အာရှအခြေခံအဆောက်အဦး ရင်းနှီးမြုပ်နှံမှုဘဏ် AIIB က ယူကရိန်း၊ ရုရှားနှစ်နိုင်ငံကြား စစ်ရေးတင်းမာနေလာနေတဲ့အခြေအနေကြောင့် ရုရှားနဲ့ ဘဲလာရုစ်နဲ့ ဆက်စပ်တဲ့စီးပွားရေးလုပ်ငန်းတွေကို ဆိုင်းငံ့ထားမယ်လို့ မနေ့ ကြာသပတေးနေ့က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

ဘဏ်ရဲ့ အကောင်းဆုံးအကျိုးစီးပွားအတွက် ဘဏ်စီမံအုပ်ချုပ်ရေးပိုင်းက ဆုံးဖြတ် တာဖြစ်ကြောင်းနဲ့ ရုရှားနဲ့ ဘဲလာရုစ်နဲ့ ဆက်စပ်စီးပွားရေးသဘောတူညီမှုတွေ အားလုံးကို ပြန်လည်သုံးသပ်နေကြတယ်လို့ ဆိုထားပါတယ်။ ပြီးခဲ့တဲ့နှစ်တွေက ရုရှားနဲ့ အပြန်အလှန်ဆက်ဆံရေးခိုင်မာအားကောင်းခဲ့တဲ့တရုတ်နိုင်ငံအနေနဲ့ ရုရှားနိုင်ငံက ယူကရိန်းအပေါ် ကျူးကျော်တိုက်ခိုက်နေတဲ့အရေးနဲ့ပတ်သက်ပြီး ဝေဖန်ပြောဆိုမှု မရှိဘဲ အခုချိန်အထိ နှုတ်ဆိတ်နေခဲ့တာပါ။ အာရှအဆောက်အဦးရင်းနှီးမြှုပ်နှံမှုဘဏ် AIIB မှာ တရုတ်နိုင်ငံက အကြီးမားဆုံးအစုရှယ်ယာရှင်ဖြစ်ပြီး တရုတ်သမ္မတရှီကျင်းပင် ကမတထလုပ်ခဲ့သလို ၂၇% ဆုံးဖြတ်မဲပေးနိုင်စွမ်းရှိတာပါ။

ကမ္ဘာ့ဘဏ်နဲ့ IMF နိုင်ငံတကာငွေကြေးရံပုံငွေအဖွဲ့ကြီးစတဲ့ အနောက်နိုင်ငံတွေရဲ့ငွေကြေးလွှမ်းမိုးမှုကို ကာကွယ်နိုင်ဖို့ ၂၀၀၆ ခုနှစ်က အခုလို တရုတ်ရဲ့ကျောထောက်နောက်ခံအပြည့်ပေးထားတဲ့ AIIB အာရှအခြေခံအဆောက်အဦး ရင်းနှီးမြှုပ်နှံ မှုဘဏ်ကို စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။ ဒီဘဏ်တည်ထောင်တဲ့အဖွဲ့ဝင်တွေထဲမှာလည်း ရုရှားနိုင်ငံပါဝင်ပြီး တရုတ်နိုင်ငံနဲ့ အိန္ဒိယနိုင်ငံပြီးရင် တတိယအင်အားအကြီးဆုံး ၆% ဆုံးဖြတ်မဲပေးနိုင်စွမ်းရှိတဲ့ ဘဏ်အဖွဲ့ဝင်နိုင်ငံဖြစ်ပါတယ်။

အခုဆိုရင် ရှန်ဟိုင်းအခြေစိုက်ဖွံ့ဖြိုးတိုးတက်မှုဘဏ်ကလည်း အာရှအခြေခံအဆောက်အဦးရင်းနှီးမြှုပ်နှံမှုဘဏ် AIIB နဲ့အလားတူ ရုရှားနိုင်ငံတွင်း ငွေကြေးစီးဆင်းမှုတွေကို ရပ်ဆိုင်းထားဖို့ ရှိနေပါတယ်။ ကမ္ဘာတဝန်းက ဘဏ္ဍာငွေကြေးဆိုင်ရာအဖွဲ့အစည်းတွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ အခုဆိုရင် ယူကရိန်းနိုင်ငံကို ကျူးကျော်စစ်ဆင်နွှဲနေတဲ့ ရုရှားနဲ့ ဘင်လာရုစ်နိုင်ငံတွေနဲ့ စပြီး ခပ်ကင်းကင်း နေနေကြပါပြီ။

လောလောဆယ်မှာတော့ အမေရိကန်ဒေါ်လာ သန်း ၈၀၀ ကုန်ကျမယ့် ရုရှားနိုင်ငံရဲ့ စီးပွားရေးစီမံကိန်းနှစ်ခုကို အတည်ပြုထားကြောင်းနဲ့ ဘဲလာရုစ်နိုင်ငံဘက်ကလည်း ပြည်သူ့ကျန်းမာရေးနဲ့ သယ်ယူပို့ဆောင်ရေးစီမံကိန်းနှစ်ခုအတွက် တင်ပြထားတယ်လို့ အာရှအဆောက်အဦးရင်းနှီးမြှုပ်နှံမှုဘဏ် AIIB ရဲ့ ဝဘ်ဆိုက်စာမျက်နှာမှာ ဖော်ပြထားပါတယ်။

အာရှအဆောက်အဦးရင်းနှီးမြုပ်နှံမှုဘဏ် AIIB အနေနဲ့ စစ်ပွဲကြောင့် သက်ရောက် မှုရှိခဲ့တဲ့အဖွဲ့ဝင်တွေအတွက် ဘဏ္ဍာငွေကြေးဆိုင်ရာအဆင်ပြေချောမွေ့စေဖို့နဲ့ အထောက်အပံ့အကူအညီတွေပေးနိုင်ရေး အသင့်ရှိနေပါတယ်လို့ ပြောဆိုထားပေမယ့် ဘယ်လိုအကူအညီတွေပေးမယ်ဆိုတာကိုတော့ အသေးစိတ်ပြောကြားခြင်းမရှိသေးပါဘူး။ ရုရှားနဲ့ ဘဲလာရုစ်နှစ်နိုင်ငံကသာ AIIB ဘဏ်ရဲ့အဖွဲ့ဝင်တွေဖြစ်ပြီး ယူကရိန်းကတော့ အဖွဲ့ဝင်မဟုတ်ပါဘူး။

တိုက်ရိုက် လင့်ခ်

===============

[[Unicode]]







===============

XS
SM
MD
LG