သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ASEAN ထိပ်သီးပွဲမှာ အတိုင်ပင်ခံပုဂ္ဂိုလ် မိန့်ခွန်းပြောမည်


ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံမှာ မိန့်ခွန်းပြောစဉ် ( သြဂုတ်လ ၂၁-၂၀၁၈)
ဒေါ်အောင်ဆန်းစုကြည် စင်ကာပူနိုင်ငံမှာ မိန့်ခွန်းပြောစဉ် ( သြဂုတ်လ ၂၁-၂၀၁၈)

နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူဝန်ကြီးချုပ် Lee Hsien Loong ရဲ့ ဖိတ်ကြားချက်နဲ့ စင်္ကာပူကို သွားရောက်မှာ ဖြစ်ပြီး ၃၃ ကြိမ်မြောက် အာဆီယံထိပ်သီးအစည်းဝေးကို ပါ တက်ရောက်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ စင်္ကာပူ ၄ ရက်ကြာ ခရီးစဉ်ကို တနင်္လာနေ့မှာ စတင်မှာဖြစ်ပြီး အာဆီယံ ထိပ်သီး အစည်းအဝေးနဲ့ အကြိမ် ၂၀ မြောက် အာရှ-ပစိဖိတ်စီးပွါးရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ APEC အစည်းဝေးတွေ ကို တက်ရောက်မှာ ဖြစ်ပါတယ်။

ဒီအစည်းဝေးတွေမှာ ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့ခေါင်းဆောင်တွေကို မိန့်ခွန်းပြောကြားဖို့ ရှိပြီး ဒီမိန့်ခွန်း ထဲမှာ ပူးပေါင်း ဆောင်ရွက်ရေးဆိုင်ရာ၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ၊ ကာကွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ထည့်သွင်း ပြောကြားဖို့ရှိတယ်လို့ နိုင်ငံခြားရေးဌာန လက်အောက်က မြန်မာဆိုင်ရာ အာဆီယံ ဌာနရဲ့ ပြောကြားချက်ကို သတင်းတွေမှာ ဖေါ်ပြကြပါတယ်။ ဒါ့အပြင် စိုက်ပျိုးရေး၊ သစ်တောနဲ့ ငါးလုပ်ငန်း ဆိုင်ရာ၊ ဆက်သွယ်ရေး၊ စွမ်းအင်၊ ခရီးသွားလုပ်ငန်း၊ တရားဥပဒေစိုးမိုးရေး၊ ပညာရေးနဲ့ ဒေသတွင်းမိတ်ဆွေ များ ပူးပေါင်းဆောင်ရွက်မှု ထိရောက်စွာ အကောင်ထည်ဖေါ်ရေးဆိုင်ရာ ကိစ္စရပ်တွေကိုပါ ဆွေးနွေးဖို့ ရှိပါတယ်။

စင်္ကာပူထိပ်သီးအစည်းအဝေးကို အာဆီယံ ဆယ်နိုင်ငံခေါင်းဆောင်တွေ အပြင် ဒေသတွင်း တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ ရုရှားနဲ့ အမေရိကန်နဲ့ Australia နဲ့ အိန္ဒိယနိုင်ငံတွေက ခေါင်းဆောင်တွေပါ တက်ရောက်မှာ ဖြစ်ကြောင်း စင်္ကာပူဝန်ကြီးချုပ်ရုံးက ထုတ်ပြန်တဲ့ ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။

အာဆီယံအလှည့်ကျ ဥက္ကဋ္ဌ ရာထူးရယူထားတဲ့ စင်္ကာပူဟာ အခုအာဆီယံထိပ်သီးအစည်းအဝေးမှာ ထိုင်း ဝန်ကြီးချုပ် Prayut Chan-o-cha ကို နိုဝင်ဘာလ ၁၅ ရက်နေ့မှာ လွှဲပြောင်းပေးအပ်မှာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ စင်္ကာပူနိုင်ငံကို လွန်ခဲ့တဲ့ ၃လ သြဂုတ်လကလည်း အလုပ်သဘော သွားရောက်ခဲ့ပြီး အခုလည်း အစည်းအဝေးတွေ တက်ရောက်ဖို့ပါ သွားရောက်မှာ ဖြစ်ပါတယ်။

(စင်္ကာပူဟာ တရုတ်ပြီးရင် မြန်မာနိုင်ငံမှာ အများဆုံး ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံဖြစ်သလို MIC မြန်မာရင်းနှီးမြှုပ်နှံမှု ကော်မရှင်ရဲ့ စာရင်းအရ မြန်မာနိုင်ငံမှာ စင်္ကာပူ ကုမ္ပဏီပေါင်း ၂၀၀ ကျော်ကို လုပ်ကိုင်ခွင့်ပြုထားတာ ဖြစ်ပါတယ်။)

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG