သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဟိုပုံးမြို့နယ်မှာ လက်နက် ၅၀၀ ခန့် ဖမ်းမိ စစ်ကောင်စီသတင်းထုတ်ပြန်


ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကားစတင်းပေါ်က ဖမ်းဆီးရမိတဲ့ လက်နက်များ။ (ဒီဇင်ဘာ ၁၉ ၊ ၂၀၂၂/ တပ်မတော်သတင်းမှန်ပြန်ကြားရေး)
ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်း ကားစတင်းပေါ်က ဖမ်းဆီးရမိတဲ့ လက်နက်များ။ (ဒီဇင်ဘာ ၁၉ ၊ ၂၀၂၂/ တပ်မတော်သတင်းမှန်ပြန်ကြားရေး)

[[Zawgyi/Unicode]]

ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုံးမြို့နယ်အတွင်းမှာ PDF တွေရဲ့ သေနတ်အလက် ၅၀၀ နီးပါး ဖမ်းဆီးရမိကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ လတ်တလော ရှမ်းပြည်နယ်အတွင်း လက်နက်တွေ ဖမ်းဆီးရမိတဲ့သတင်းတွေကိုအခြေခံပြီး PDF အဖွဲ့တွေနဲ့ တရုတ်မြန်မာ နယ်စပ်ဒေသအခြေစိုက် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေရဲ့ တစုံတရာ ဆက်စပ်နိုင်ကြောင်းကို ထောက်ပြလာတာမျိုး တွေ့ရတယ်လို့ ဒေသတွင်း လေ့လာသူတွေကတော့ သုံးသပ်ပါတယ်။ ရန်ကုန်ကလာတဲ့ သတင်းကို ကိုဇော်ဝင်းလှိုင်က တင်ပြထားပါတယ်။

ဒီနေ့ထုတ် အစိုးရပိုင်သတင်းစာတွေမှာ PDF အဖွဲ့တွေ သယ်ဆောင်လာတဲ့ ရာနဲ့ချီတဲ့ လက်နက်တွေကို ရှမ်းပြည်နယ် တောင်ပိုင်း ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာ အုပ်စုအတွင်းမှာ ဒီလ ၁၇ ရက်နေ့က ဖမ်းဆီးရမိကြောင်း ဖော်ပြထားပါတယ်။

ဖမ်းဆီးရမိတဲ့ လက်နက်တွေဟာ Type 81 အမျိုးအစား သေနတ် ၄၉၉ လက်၊ ကျည်အိမ် ၄၉၈ ခုနဲ့ အခြားဆက်စပ်ပစ္စည်းတွေ ပါဝင်ကြောင်း၊ ပင်လုံမြို့ ဆနင်းကျေးရွာဘက်ကနေ ရပ်စောက်မြို့ ပင်ဖြစ်ကျေးရွာဘက်ကို ဦးတည်မောင်းနှင်လာတဲ့ ဒိုင်နာကားကို မသင်္ကာလို့တားဆီးစဉ် ထွက်ပြေးသွားပြီးနောက် ရပ်ထားတဲ့ကားပေါ်ကသိမ်းဆည်းရခဲ့ကြောင်း ဖော်ပြထားပါတယ်။

လက်နက်တွေ ဖမ်းမိတဲ့နေရာဟာ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းမှာဖြစ်ပါတယ်။

ပအိုဝ်းပြည်သူ့စစ်အဖွဲ့ဖြစ်တဲ့ PNA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးခွန်သန်းကြွယ်ကတော့ လက်နက်တွေဖမ်းဆီးရမိတဲ့ ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာဟာ သူတို့ ထိန်းချုပ်ထားတဲ့ဒေသမဟုတ်ကြောင်းနဲ့ ဖမ်းဆီးတဲ့လက်နက်ဟာ ကချင် သို့မဟုတ် ဝတပ်ဖွဲ့ကကိုင်ဆောင်တဲ့ လက်နက်နဲ့ ဆင်တူကြောင်း ပြောပါတယ်။

“လက်ရှိ မိုင်းပျဉ်းကတော့ ကျနော်တို့နယ်မြေထဲမှာ မဟုတ်ဘူးဗျ။ အရင်က RCSS ။ အခုတော့ SSPP နယ်မြေလား မသိဘူး။ ဒီလိုဖြစ်နေတာ။ အဲဒီတကြောလုံးပေါ့နော်။ ကျနော်တို့နယ်မြေထဲမှာမဟုတ်ပါဘူး။ မိတာတော့။ ဘယ်သူ့ လက်နက်လဲတော့ ကျနော်တို့လည်း မသိဘူးဗျ။ အဲဒီလက်နက်တွေက ကချင်လက်နက်လိုလို။ ဝလက်နက်လိုလိုပဲ ယူဆရတယ်။ တပ်မတော်စစ်ကြောင်းက မိတယ်လို့ ပြောတာကော။ ”

ဟိုပုန်းမြို့နယ်မြောက်ပိုင်း မိုင်းပျဉ်းကျေးရွာအုပ်စုဟာ အရှေ့ဘက်မှာ လွိုင်လင်မြို့နယ်၊ အနောက်ဘက်မှာ ရပ်စောက်မြို့နယ်နဲ့ ဆက်စပ်နေတဲ့ ဒေသဖြစ်ပါတယ်။

ဒီနှစ် ဖေဖော်ဝါရီလက လွိုင်လင်မြို့နယ် ပင်လုံမြို့အနီး စနင်းတောင်ဒေသနဲ့ ရပ်စောက်မြို့နယ် နောင်ဝိုး၊ ကျောက်ဂူ ဒေသဘက်တွေမှာ ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ RCSS တပ်နဲ့ ရှမ်းပြည်တိုးတက်ရေးပါတီ SSPP တပ်တွေအကြား တိုက်ပွဲပြင်းထန်ပြီး နောက်ပိုင်းမှာ SSPP တပ်တွေက ထိန်းချုပ်ခဲ့တာဖြစ်ပါတယ်။ စစ်ကောင်စီဘက်ကတော့ စနင်း-ဖောင်းဆိုင်ဒေသမှာ မူးယစ်ဆေးဝါးနှိမ်နင်း စစ်ဆင်ဖို့အကြောင်းပြပြီး ဒေသတွင်းက SSPP တပ်တွေ ဆုတ်ခွာပေးဖို့ တောင်းဆိုထားတယ်လို့ SSPP အရာရှိတဦးကို ကိုးကားပြီး ရှမ်းသံတော်ဆင့်သတင်းမှာ ဖော်ပြထားပါတယ်။

ရှမ်ပြည်နယ်အရေးလေ့လာသုံးသပ်သူ စိုင်းထွန်းအောင်လွင်ကတော့ ဒီဒေသမှာ လက်နက်ကိုင်အဖွဲ့ အတော်များများ လှုပ်ရှားနေကြောင်း ပြောပါတယ်။

“ စနင်းက ထွက်လာတယ်ဆိုတဲ့ဟာတွေ့တယ်။ အဲဒီနေရာတွေက RCSS ကို မောင်းထုတ်ပြီး SSPP က ဝင်ယူထားတယ်။ ဒါပေမဲ့ ကြားထဲမှာတော့ စစ်တပ်တို့၊ PNO တို့ ရှိတဲ့နေရာတွေလည်း အများကြီးရှိတာပေါ့နော်။ တချို့နေရာတွေလည်း ကျနော် ကြားတာတော့ RCSS က ဝင် ဝင်လာတယ်လို့ ကြားတာပဲပေါ့နော်။ အဲတော့ အဖွဲ့စုံရှိတဲ့နေရာဖြစ်တယ်ပေါ့။ အဲတော့ ဘယ်သူလက်နက်လဲဆိုတာတော့ ပြောဖို့တော့ခက်တယ်။ ဒါပေမဲ့ Type 81 ဆိုတာကတော့ တရုတ်နယ်စပ်ထုတ်တို့၊ တရုတ်ထုတ်တို့ ဒါမျိုးတွေ ရှိတာကိုး။”

ထူးခြားချက်အနေနဲ့ကတော့ တရုတ်နယ်စပ်အခြေစိုက်လက်နက်ကိုင်အဖွဲ့တွေနဲ့ PDF တွေအကြား ဆက်စပ်မှုကို စစ်ကောင်စီဘက်က ထောက်ပြလာတဲ့အခြေအနေကို တွေ့ရကြောင်း သုံးသပ်ထားပါတယ်။

“ထူးခြားချက်ကတော့ဗျာ တရုတ်နယ်စပ်အဖွဲ့တွေနဲ့ ဒီလို ကိစ္စတွေ ခပ်စိပ်စိပ်ဖြစ်နေတာပေ့ါနော်။ ပထမအဖွဲ့ကတော့ TNLA ပေါ့။ နောက်အဖွဲ့ကတော့ အဖွဲ့နံမည်တော့ မတပ်ထားဘူး။ ဒါပေမဲ့ သဘောကတော့ အဲဒီသဘောဖြစ်နေတာပေါ့။ စနင်းဆိုရင် စနင်းတောင်ပေါ်မှာ လောလောဆယ်ရှိတာက SSPP ဦးဆောင်တဲ့ မဟာမိတ်တွေ ရှိတာပေါ့။ နောက်ဆက်တွဲကတော့ သူ့ Motive (ရည်ရွယ်ချက်) ကတော့ ဒီ တရုတ်နယ်စပ်အဖွဲ့တွေကို ဦးတည်လာတဲ့ Motive မျိုးကတော့ တွေ့ရတာပေါ့။ တစ်ဘက်ကလည်း စစ်ရေး ရည်ရွယ်ချက်များ ပါလားလို့ ပေ့ါလေ။”

လောလောဆယ်မှာတော့ တရုတ်မြန်မာနယ်စပ်အခြေစိုက်လက်နက်ကိုင်အဖွဲ့ ၇ ဖွဲ့အနက် KIA ကချင်တပ်ဖွဲ့ကလွဲလို့ ကျန်အဖွဲ့တွေဟာ နွေဦးတော်လှန်ရေးမှာ တိုက်ရိုက်ပါဝင်လာတာတွေ မတွေ့ရသေးပါဘူး။

ဒီလ ၇ ရက်နေ့ကတော့ စစ်ကောင်စီတပ်ဟာ ရှမ်းပြည်နယ်မြောက်ပိုင်း နမ့်ဆန်မြို့နယ်အတွင်းက TNLA တအန်း (ပလောင်) တပ်စခန်းအချို့ကို ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ ဒီလို တိုက်ခိုက်တာဟာ လက်နက်ခဲယမ်းတွေ သယ်ဆောင်လာတဲ့ PDF အဖွဲ့တွေကို တိုက်ခိုက်တာဖြစ်ကြောင်း စစ်ကောင်စီက သတင်းထုတ်ပြန်ပါတယ်။ TNLA ကတော့ ဒါဟာ တအန်း(ပလောင်)ဒေသကို ကျူးလွန်ဖျက်ဆီးဖို့ ဆောင်ရွက်တာဖြစ်ကြောင်း တုံ့ပြန်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

=================

[[Unicode]]
















XS
SM
MD
LG