သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်ပြည်နယ်၊ ဝေါ်လေမြို့အဝင်က ရဲစခန်း KNLA နဲ့ ပူးပေါင်းတပ်တွေ စီးနင်း


KNLA, KNDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြဝတီတောင်ဘက် ဝေါ်လေမြို့အဝင် စစ်နဲ့ရဲပူးပေါင်းတပ်စခန်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်စဉ်။ (ဇွန် ၁၃၊ ၂၀၂၂/ဓာတ်ပုံ-KNDO)
KNLA, KNDO နဲ့ PDF ပူးပေါင်းတပ်ဖွဲ့တွေက မြဝတီတောင်ဘက် ဝေါ်လေမြို့အဝင် စစ်နဲ့ရဲပူးပေါင်းတပ်စခန်းကို ဝင်ရောက်စီးနင်း သိမ်းပိုက်စဉ်။ (ဇွန် ၁၃၊ ၂၀၂၂/ဓာတ်ပုံ-KNDO)

[[Zawgyi/Unicode]]

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်၊ ဝေါလေမြို့အဝင်က စစ်တပ်နဲ့ ရဲပူးပေါင်းတပ်စွဲထားတဲ့ ရဲစခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ် KNDO ၊ ကရင်အမျိုးသားကာကွယ်ရေးတပ်၊ PDF ပြည်သူကာကွယ်ရေးတပ် စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေက ဒီနေ့မနက်က စခန်းကိုဝင်ရောက်စီးနင်းရာမှာ အဲဒီစခန်းက စခန်းမှူးအပါအဝင် ရဲတပ်ဖွဲ့ဝင် ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။ တိုက်ပွဲအတွင်း စခန်းထဲမှာဖမ်းထာတဲ့ CDM ရဲ ၃ ဦးကိုလည်း ကယ်ထုတ်လာနိုင်တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ဗွီအိုအေသတင်းထောက် မအေးအေးမာက သတင်းပေးပို့ထားပါတယ်။

ကရင်ပြည်နယ် မြဝတီမြို့တောင်ဘက်၊ ဝေါလေမြို့အဝင်က စစ်တပ်နဲ့ရဲ ပူးပေါင်းတပ်စွဲထားတဲ့ ရဲစခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ် နဲ့ PDၤF ပြည်သူ့ကာကွယ်ရေးတပ်စတဲ့ ပူးပေါင်းတပ်ဖွဲ့တွေကဇွန်လ ၁၃ ရက်နေ့မနက်အစောပိုင်းမှာပဲ ဝင်ရောက်စီးနင်းခဲ့ပြီး အပြန်အလှန် ပစ်ခတ်ခဲ့ပါတယ်။ ဝေါ်လေမြို့ပေါ်မှာပဲ တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက်မှာတော့ ရဲတပ်ဖွဲဝင် ၃ ဦးကို အရှင်ဖမ်းမိခဲ့တယ်လို့ ကရင်အမျိုးသားအစည်းအရုံး နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ ဖဒိုစောတောနီးက အခုလိုပြောပြပါတယ်။

“အကြမ်းဖျင်းကတော့ မနက်ပိုင်းမှာ စခန်းကိုသိမ်းကြတယ်။ ဝေါ်လေမှာလေ။ စစ်တပ်ကတော့လက်နက်ကြီးတွေနဲ့ပစ်တယ်။ အခု ရဲစခန်းဘက်ကတော့ ၂ ယောက်ကျတယ်။ အရှင် ၃ ယောက်ဖမ်းမိတယ်။”

နှစ်ဘက်တိုက်ပွဲတွေဖြစ်ပြီးတဲ့နောက် ဝေါ်လေရဲစခန်းထဲမှာဖမ်းဆီးချုပ်နှောင်ထားတဲ့ CDM ရဲ ၃ ဦးကို ကယ်ထုတ်လာခဲ့တယ်လို့လည်းပြောပါတယ်။

“သူတု့ိ ဘယ်လိုနည်းနဲ့ဖမ်းသွားလဲတော့မသိဘူး။ အခုတိုက်ပွဲဖြစ်တော့ သူတို့ ၃ ဦးကို ခေါ်ထုတ်လာပါတယ်။”

စစ်ကောင်စီတပ်တွေနဲ့ရဲတပ်ဖွဲ့ဝင်တွေ စခန်းချထာတဲ့ ဝေါ်လေမြို့အဝင်က ရဲစခန်းကုန်းကိုသိမ်းပိုက်ခဲ့ရာမှာ လက်နက်ခဲယမ်းများ သိမ်းဆည်းရမိတယ်လို့လည်း ကေအန်ယူဘက်ကပြောပါတယ်။

ဝေါ်လေရဲစခန်း စီးနင်းခံရတဲ့ဖြစ်စဉ်နဲ့ပတ်သက်လို့ စစ်ကောင်စီဘက်ကတော့ တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။

KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်၊ KNDO ကရင်အမျိုးသားကာကွယ်ရေးတပ် နဲ့ PDF ပြည်သူ့ကာကွယ်ရေးတပ် စတဲ့ပူးပေါင်းတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့မေလ ၁၈ ရက်နေ့ကလည်း စစ်တပ်က နှစ်ပေါင်း ၃၀ ကျော် အခိုင်အမာ တပ်စွဲထားတဲ့ သေ့ဘောဘိုးစစ်စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့သလို မတ်လ ၂၁ ရက်နေ့က လည်း စစ်ကောင်စီရဲ့ နယ်ခြားခံစစ်စခန်းတစ်ခုဖြစ်တဲ့ မော်ခီးစခန်းကို KNLA နဲ့ ပူးပေါင်းတပ်က သိမ်းပိုက်ခဲ့တာပါ။ အခုလိုသိမ်းပိုက်မှုတွေအတွင်း ကေအန်ယူဘက်က ထိခိုက်မှုတွေလည်းရှိသလို စစ်ကောင်စီဘက်က တပ်ဖွဲ့ဝင်အတော်များများ သေဆုံးခဲ့ပြီး အရှင်ဖမ်းမိတာတွေလည်းရှိပါတယ်။

ကေအန်ယူ တပ်မဟာ (၆) နယ်မြေဖြစ်တဲ့ ကရင်ပြည်နယ်၊ မြဝတီခရိုင်နဲ့ ကော့ကရိတ်ခရိုင်တွေဘက်မှာ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာလကစပြီး နှစ်ဘက်တိုက်ပွဲတွေပြင်းထန်ခဲ့တာပါ။ နှစ်ဘက်တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က လေကြောင်းကနေ မကြာခဏ တိုက်ခိုက်ခဲ့ပြီး ရွာတွေဘက်ကိုလက်နက်ကြီးတွေနဲ့ပစ်ခတ်ခဲ့တာကြောင့် ဒေသခံကျေးရွာတွေက ဒုက္ခသည် ၃ သောင်းလောက်ဟာ နေရပ်ရင်းကိုစွန့်ခွါပြီး ၆ လနီးပါးကြာတဲ့အထိ သောင်ရင်းမြစ်နဘေးနဲ့တောတောင်တွေထဲ ထွက်ပြေးတိမ်းရှောင်နေရဆဲဖြစ်ပါတယ်ရှင်။

တိုက်ရိုက် လင့်ခ်

=============

[[Unicode]]










=============

XS
SM
MD
LG