သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာ့စီးပွားရေး နှေးကွေးနိုင်ကြောင်း ကုလသမဂ္ဂခန့်မှန်း 


၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စီးပွါးရေးအခြေအနေနဲ့အလားအလာအစီရင်ခံစာပါဂရပ်ဖ် (Crd: UN.org)
၂၀၂၃ ခုနှစ်၊ ကမ္ဘာ့စီးပွါးရေးအခြေအနေနဲ့အလားအလာအစီရင်ခံစာပါဂရပ်ဖ် (Crd: UN.org)

[[Zawgyi/Unicode]]

၂၀၂၃ ခုနှစ် ကမ္ဘာ့စီးပွားရေးအခြေအနေနဲ့အလားအလာ အစီရင်ခံစာကို ထုတ်ပြန်လိုက်တဲ့အထဲ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးမှုက အထူးနှေးကွေးမယ်ဆိုတဲ့ခန့်မှန်းချက်နဲ့အတူ အခုနှစ်အတွင်း စီးပွားရေးအခြေအနေ မရေရာမသေချာမှုတွေကို ကုလသမဂ္ဂရဲ့စီးပွားရေးပညာရှင်တွေက တင်ပြခဲ့ကြပါတယ်။ ဂျီနီဗာ ကနေ Lisa Schlein ပေးပို့တဲ့ သတင်းဆောင်းပါးကို မသိင်္ဂီထိုက်က တင်ပြပေးထားပါတယ်။

ပြဿနာပေါင်းစုံကြောင့် ကမ္ဘာ့စီးပွားရေးအပေါ်မှာ ရိုက်ခတ်သက်ရောက်မှု ဖြစ်စေပါတယ်။ လက်တလော ဆယ်စုနှစ်တွေအတွင်း ကမ္ဘာ့စီးပွားရေးမှာ ဖွံ့ဖြိုးမှု အနှေးကွေးဆုံး အခြေအနေတခုကိုရောက်စေခဲ့တဲ့ ပြင်းထန်တဲ့ပဋိပက္ခအများအပြားကို ကုလသမဂ္ဂရဲ့အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။ Covid-19 ကပ်ဘေးရောဂါ၊ ယူကရိန်းကစစ်ပွဲ၊ ငွေကြေးဖောင်းပွမှုတိုးလာမှုနဲ့ ရာသီဥတု အရေးပေါ်အခြေအနေတွေအပြင် တခြားသော ပြဿနာတွေကြောင့် ဆင်းရဲတဲ့ နိုင်ငံတွေမှာ ရေတိုဖွံ့ဖြိုးမှုအလားအလာတွေ ဆုတ်ယုတ်စေသလို ရေရှည် တည်တံ့တဲ့ ဖွံ့ဖြိုးမှုတွေ ယုတ်လျော့သွားစေဖို့အထိ ခြိမ်းခြောက်နေတယ်လို့ ဖော်ပြပါတယ်။ ကမ္ဘာ့ထုတ်လုပ်မှုဖွံ့ဖြိုးမှုက ၂၀၂၂ ခုနှစ်အတွင်း ခန့်မှန်းခြေ ၃ ရာခိုင်နှုန်းရှိခဲ့ရာကနေ ၂၀၂၃ ခုနှစ်အတွင်း ၁.၉ ရာခိုင်နှုန်းကျဆင်းမယ့် အကြောင်း အစီရင်ခံစာမှာ ခန့်မှန်းထားပါတယ်။ ကုလသမဂ္ဂ စီးပွားရေးနဲ့လူမှုရေးဆိုင်ရာဌာနက အကြီးတန်းစီးပွားရေးပညာရှင် Ingo Pitterle က အခုလို ပြောပါတယ်။

ဝင်ငွေလျော့ကျလာမှုနဲ့ အတိုးနှုန်းကြီးမြင့်လာမှုတွေကြောင့် နိုင်ငံအများစုမှာတော့ လူတဦးချင်းစီရဲ့သုံးစွဲမှုနဲ့ ရင်းနှီးမြှုပ်နှံမှုတွေအားနည်းလာမယ်လို့ ခန့်မှန်းကြောင်း သူက ပြောပါတယ်။ ဒီနှစ် ဒုတိယနှစ်ဝက်ကနေ နောက်နှစ် ၂၀၂၄ ခုနှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှု ပြန်လည်ဦးမော့မလာခင် နိုင်ငံအတော်များများမှာ အနည်းအကျဉ်းစီးပွားကျမှုကို တွေ့ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

“ငွေကြေးဖောင်းပွမှု၊ ငွေရေးကြေးရေးနဲ့ ဘဏ္ဍာရေးမူဝါဒဆိုင်ရာ တုံ့ပြန်ဆောင်ရွက်မှု အခင်းအကျင်းတွေက ဒီနှစ်နဲ့ လာမယ့်နှစ် စီးပွားရေးလမ်းကြောင်းရဲ့ သိသာထင်ရှားတဲ့ မောင်းနှင်အားဖြစ်ပါလိမ့်မယ်။ သတင်းကောင်းကတော့ စွမ်းအင်၊ စားနပ်ရိက္ခာနဲ့ ဓာတ်မြေသြဇာဈေးနှုန်းတွေက ပြီးခဲ့တဲ့နှစ်လယ်ပိုင်း အမြင့်ဆုံးဈေးနှုန်းကနေ သိသိသာသာ ဈေးကျလာနေတာ ဖြစ်ပါတယ်။ ဒါပေမဲ့ စားနပ်ရိက္ခာလုံခြုံမှုကတော့ ဧရာမစိန်ခေါ်ချက်တခုအဖြစ် ကမ္ဘာတဝန်း ဆက်ပြီး ကြုံနေရပါတယ်။ စားနပ်ရိက္ခာမလုံခြုံမှုနဲ့ ကြုံတွေ့ရတဲ့လူဦးရေက ၂၀၁၉ နောက်ပိုင်း ၂ ဆကျော် ဖြစ်လာပါတယ်။”

အမေရိကန်ပြည်ထောင်စု၊ ဥရောပသမဂ္ဂနဲ့ တခြားသော ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ ပြီးခဲ့တဲ့နှစ်အတွင်း စီးပွားရေးဖွံ့ဖြိုးမှု အားနည်းခဲ့တာကြောင့် ကျန် ကမ္ဘာရဲ့စီးပွားရေး အပေါ်မှာလည်း ဆိုးဆိုးရွားရွား ထိခိုက်စေကြောင်း အစီရင်ခံစာက ဖော်ပြပါတယ်။

ဖွံ့ဖြိုးဆဲဒေသအများစုမှာတော့ ဒီနှစ်အတွင်း ဖွံ့ဖြိုးမှုကျတာနဲ့ ကြုံရနိုင်ကြောင်းလည်း Pitterle က ပြောပါတယ်။ တရုတ်မှာ သိသိသာသာ ပြန်လည် အားကောင်းလာမှုကြောင့် အရှေ့အာရှဒေသကတော့ အဓိက ခြွင်းချက်ဖြစ်တယ်လို့လည်း သူက ပြောပါတယ်။

“အာဖရိကအတွက် ဖွံ့ဖြိုးမှုခန့်မှန်းချက်ကတော့ အလယ်အလတ် ရှိပါတယ်။ ဒါပေမဲ့ လူဦးရေဖွံ့ဖြိုးမှုသိပ်ပြီးများလာတဲ့အချက်နဲ့ ကြည့်မယ်ဆိုရင်တော့ ဖွံ့ဖြိုးမှု ၄ ရာခိုင်နှုန်းဆိုတာက ဒေသရဲ့ အကြီးအကျယ်ဖွံ့ဖြိုးမှု စိန်ခေါ်ချက်တွေကို ဖြေရှင်းဖို့မလုံလောက်ပါဘူး။”

အစိုးရတွေအနေနဲ့ စီးပွားရေးနှေးကွေးမှုကနေလွတ်ကင်းဖို့ ဘဏ္ဍာရေးအရ ခြိုးခြံ တာတာတွေကို ရှောင်ရှားကြဖို့လည်း အစီရင်ခံစာက တိုက်တွန်းထားပါတယ်။ ဒီလိုခြိုးခြံ တာမှုတွေဟာ ဖွံ့ဖြိုးမှုတန့်သွားစေမှာဖြစ်သလို အကူအညီ အလိုအပ်ဆုံးသူတွေကို အလွန်အကျွံ ထိခိုက်သက်ရောက်စေမှာဖြစ်ပြီး ကျား-မ တန်းတူညီမျှရး တိုးတက်မှုလျော့ပါးပြီး ဖွံ့ဖြိုးရေး အလားအလာတွေကိုလည်း အဟန့်အတား ဖြစ်စေမယ်လို့လည်း အစီရင်ခံစာက ဖော်ပြပါတယ်။

အလုပ်အကိုင်တွေ ဖန်တီးပေးနိုင်ပြီး ဖွံ့ဖြိုးမှု ပြန်လည် အားကောင်းလာစေမယ့် တိုက်ရိုက် ကြားဝင်ဆောင်ရွက်မှု မူဝါဒတွေကနေတဆင့် အများပြည်သူဆိုင်ရာ အသုံးစရိတ်တွေ ပြန်လည်ခွဲဝေချထားဖို့လည်း အစီရင်ခံစာက အကြံပြုထားပါတယ်။ ပညာရေး၊ ကျန်းမာရေး၊ နည်းပညာသစ်တွေနဲ့ ရာသီဥတုပြောင်းလဲမှု လျော့ပါးသက်သာစေရေးနဲ့ သင့်လျော်အောင်စီစဉ်မှုတွေမှာ မဟာဗျူဟာမြောက် ရင်းနှီးမြှုပ်နှံမှုတွေဟာ လူမှုရေးနဲ့ စီးပွားရေး ပြန်လည် ကောင်းမွန်လာရေးမှာ အထောက်အကူကောင်း ဖြစ်နိုင်ကြာင်း ကုလသမဂ္ဂ အစီရင်ခံစာက ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

=======================











XS
SM
MD
LG