သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးအကျဉ်းသားအဖြစ် တရားဝင်သတ်မှတ် သင့်မသင့်၊ လွှတ်တော်မှာ မေးခွန်းထုတ်


နိုင်ငံရေးအကျဉ်းသားအဖြစ် တရားဝင်သတ်မှတ် သင့်မသင့် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး။
နိုင်ငံရေးအကျဉ်းသားအဖြစ် တရားဝင်သတ်မှတ် သင့်မသင့် ဒီကနေ့ကျင်းပတဲ့ ပြည်သူ့လွှတ်တော်မှာ ဆွေးနွေး။

မြန်မာနိုင်ငံမှာ စစ်အစိုးရတွေ အဆက်ဆက်လက်ထက် အသိအမှတ်ပြု လက်ခံခဲ့ခြင်း မရှိခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ လက်ထက်မှာ တရားဝင် လက်ခံဖို့ ရှိမရှိ လွှတ်တော်မှာ မေးခွန်းထုတ် ခဲ့ကြပါတယ်။ နိုင်ငံရေး လှုပ်ရှားမှုတွေနဲ့ ဆက်နွယ်ပြီး ဖမ်းဆီးခံရသူတွေ ကို နိုင်ငံရေး အကျဉ်းသားအဖြစ် သတ်မှတ်ပြီး အရေးယူဖို့၊ ခံစားခွင့်တွေ ရရှိဖို့ ဆောင်ရွက်မယ့် အစီအစဉ်ရှိမရှိ လွှတ်တော်တွင်း ဆွေးနွေးခဲ့ကြတဲ့ အပေါ်မှာ နိုင်ငံရေး အကျဉ်းသားရေး လှုပ်ရှားသူတွေ ဘယ်လို တုံ့ပြန်ခဲ့ကြသလဲ ဆိုတာကိုတော့ မသိဂီ ၤထိုက်က စုစည်းတင်ပြထားပါတယ်။

ဖွဲ့စည်းပုံ အခြေခံမှာ နိုင်ငံသား အားလုံးကို တန်းတူခွင့်ပေးထားတာကြောင့် အကျဉ်းသားတွေကြားမှာ နိုင်ငံရေး အကျဉ်းသား အဖြစ် သတ်မှတ်ပြဌာန်းလိုက်ရင် ဖွဲ့စည်းပုံ အခြေခံနဲ့ ကွဲလွဲဆန့်ကျင်နေနိုင်တယ် လို့ မြန်မာ အာဏာပိုင်တွေ က ပြောဆိုလိုက်ပါတယ်။

ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး
ပြည်ထဲရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး

ကြာသပတေးနေ့ ကျင်းပတဲ့ လွှတ်တော် အစည်းအဝေး မှာ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဒုတိယ ဝန်ကြီး ဗိုလ်ချုပ်အောင်စိုး က နိုင်ငံရေး ပြစ်မှု နဲ့ နိုင်ငံရေး အကျဉ်းသားဆိုတဲ့ စကားရပ်ကို အဓိပ္ပါယ်ဖွင့်ဆို သတ်မှတ်ပြဌာန်းဖို့ မရှိဘူးလို့ အခုလို ပြောဆိုသွားပါတယ်။

" ပြည်ထောင်စုသမ္မတနိုင်ငံတော် ဖွဲ့စည်းပုံ အခြေခံဥပဒေပုဒ်မ ၃၇၄ မှာ နိုင်ငံတော်သည် မည်သူ့ကိုမဆို ဥပဒေအရာတွင် တန်းတူညီမျှ အခွင့်အရေး ရရှိစေရမည် ထို့အပြင် ဥပဒေ၏ အကာအကွယ်ကိုလည်း တန်းတူညီမျစွာ ရယူပိုင်ခွင့် ပေးရမည်ဟု ပြဋ္ဌာန်း ထားရှိသဖြင့် အကျဉ်းသားများအား အဆင့်အတန်း ခွဲခြားသည့် စနစ်ကို ပြန်လည်ဖော်ဆောင်ပါက ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ကွဲလွဲဆန့်ကျင်နေနိုင်မည်ဖြစ်ပါသည်။ အကျဉ်းသားအားလုံး၏ အဆင့်အတန်းကို မြှင့်တင်ပေးခြင်းကသာလျှင် အကျဉ်းသားများအား ပြစ်ဒဏ်ပေး သည့် သဘောမဟုတ်ပဲ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာများ ပြုပြင်ပြောင်းလဲကာ လူကောင်းသူကောင်းများ ဖြစ် လာစေရန်နှင့် ပြစ်ဒဏ်မှ လွတ်မြောက်ပြီးတဲ့အခါ ထိုက်သင့်သည့် ပညာရပ်များ တတ်မြောက်သွားစေရန် စသည့် ရည်ရွယ်ချက်ကောင်း များကိုလည်း အထောက်အကူဖြစ်စေမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံဥပဒေ တည်ဆဲ ဥပဒေများတွင် ဖော်ပြပါရှိခြင်း မရှိသဖြင့် နိုင်ငံရေးပြစ်မှု နဲ့ နိုင်ငံရေး အကျဉ်းသား ဟူသည့် စကားရပ်များကို အဓိပါယ်ဖွင့်ဆိုသတ်မှတ်ပေးရန် အစီအစဉ်မရှိပါကြောင်း ရှင်းလင်းဖြေကြားလိုပါတယ်။ "

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖေသန်း

နိုင်ငံရေး လှုပ်ရှားသူတွေရဲ့ လွတ်လပ်ခွင့်နဲ့ အခွင့်အရေးတွေ အတွက် နိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေး ပြစ်မှုတွေ အဖြစ် သတ်မှတ်ပြဌာန်းဖို့ လိုတယ်လို့ ရခိုင်အမျိုးသားပါတီက လွှတ်တော်အမတ် ဦးဖေသန်းက တုံ့ပြန်ပြီး လက်ရှိ အစိုးရသစ်ရဲ့ မူဝါဒကိုလည်း မေးမြန်းခဲ့တာပါ။

" အမှန်မှန်မှာ နိုင်ငံရေးသမားဆိုတာ ထောင်ထဲကို မသွားသင့်ပါဘူး။ ဒါပေမဲ့ ဒီကနေ့ ပုဒ်မ အမျိုးမျိုးတပ်တော့ နိုင်ငံရေး ပုဒ်မ ဆိုတာ ပျောက် သွားတယ်။ နိုင်ငံရေး အကျဉ်းသား အဓိပါယ်ဖွင့်ဆိုချက် မရှိဘူး။ တကယ်လို့ နိုင်ငံရေးအကျဉ်းသားများကို လွှတ်ပေးမယ်ဆိုရင်တောင်မှ ရာဇဝတ်သားတွေနဲ့ ရောနှောပြီးတော့မှ အဲ့လိုဖုန်းဖိပြီးတော့မှ လွှတ်ပေးတာတွေရှိခဲ့တယ်။ ဒါကြောင့် ကျနော်တို့က ဒီနေ့ နိုင်ငံရေးအကျဉ်းသားတွေကို အဓိပါယ် သတ်မှတ်လိုက်မယ် ဆိုရင် နိုင်ငံရေးအကျဉ်းသားကို ဖမ်းစရာအကြောင်း မရှိတော့ဘူး။ ဒါ နိုင်ငံရေးပြစ်မှု ပုဒ်မပါလို့ သတ်မှတ်ပေးလိုက်ရင်လည်း ဒါ ကျနော်တို့ နိုင်ငံရေး အကျဉ်းသားတွေ ကို ပြန်လွတ်အောင် လုပ်ပေးနိုင်ပါတယ်။ ဒါကြောင့် ကျနော်တို့က မရှိတာကို ရှိအောင် လုပ်ဖို့အတွက် ဒီအစိုးရမှာ တာဝန်ရှိတယ်လို့ မြင်တယ်။ ဒီဟာဟာ နိုင်ငံတော် အစိုးရရဲ့ မူဝါဒနဲ့ အများကြီး သက်ဆိုင်ပါလိမ့်မယ်။ နိုင်ငံရေး မူဝါဒနဲ့ သက်ဆိုင်ပါလိမ့်မယ်။"

လက်ရှိ အစိုးရ အနေနဲ့ နိုင်ငံရေး အကျဉ်းသား၊ နိုင်ငံရေး ပြစ်မှု ဆိုတဲ့ စကားရပ်ကို သတ်မှတ်ပြဌာန်းဖို့ အစီအစဉ် မရှိဘူးဆိုတာက လက်ရှိ အစိုးရရဲ့ မူဝါဒ ဟုတ်မဟုတ် ဆိုတာကိုတော့ ပြည်ထဲရေး ဒုတိယ ဝန်ကြီးဘက်က ရှင်းလင်းနိုင်ခဲ့ခြင်း မရှိဘဲ အစိုးရ အဖွဲ့ကို ပြန်လည် မေးမြန်းပါမယ်လို့ ကတိပြုခဲ့ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနရဲ့ ဖြေကြားချက် အပေါ်မှာ နိုင်ငံရေး အကျဉ်းသား အရေး ဆောင်ရွက်သူတွေကြား မှာလည်း စိတ်တိုင်းမကျ ဖြစ်ခဲ့ကြတာပါ။

နိုင်ငံရေး အကျဉ်းသား ကူညီစောင့်ရှောက်ရေး အသင်း AAPP က ဦးအောင်မျိုးကျော် ကတော့

" ခွဲခြားဆက်ဆံတာနဲ့ ခွဲခြားတာနဲ့ သူတို့ခွဲထားတာက တော်တော်ကြီးကို ကွဲပါတယ်။ နိုင်ငံရေးအကျဉ်းသားတွေဆိုတာက အစိုးရနဲ့ အယူအဆမတူ အမြင်မတူလို့ ရောက်လာတဲ့သူတွေ တိုင်းပြည်ဒီမိုကရေစီရေးကိစ္စတွေ မှာ အစိုးရ စစ်အာဏာရှင်တွေက ဖမ်းဆီးထိန်းသိမ်း ထောင်ချခံရသူတွေဖြစ်တယ်။ ဒါကြောင့်မို့လို့ ဒီလူတွေနဲ့ ရာဇဝတ်မှုကျူးလွန်သူတွေနဲ့ အတူတူထားဖို့ဟာ ဘယ်လိုမှကို မသင့်တော်ပါဘူး။ ဒီလိုမျိုး မတူလို့ ခွဲခြားထားတဲ့ ကိစ္စကို ပြည်ထဲရေး ဒုဝန်ကြီးက ခွဲခြားဆက်ဆံဖို့ပြောသွားတာ အင်မတန်မှ အခြေခံကျတဲ့ လူ့အခွင့်အရေးဆိုတဲ့အချက်ကို ပြည်ထဲရေးဒုဝန်ကြီးအနေနဲ့ သေချာ သဘောမပေါက်ဘူး။ သေချာ နားမလည်ဘူးလို့ ကျနော်က မြင်တယ်။"

အရပ်သား အစိုးရသစ် အနေနဲ့ ပြည်သူတွေရဲ့ အခွင့်အရေးတွေ လိုလားချက်တွေကို ဖြည့်ဆည်းဆောင်ရွက်ပေးမယ်လို့ မျှော်လင့်တဲ့ အကြောင်းလည်း နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေး အသင်း AAPP ရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကလည်း ပြောပါတယ်။

အရင် အစိုးရတွေ လက်ထက်က နိုင်ငံရေး လှုပ်ရှားမှုတွေကြောင့် အကျဉ်းထောင်တွေထဲမှာ နှိပ်စက်ညှင်းပမ်းခံခဲ့ရမှုတွေကနေ ပြန်လည်ကုစားပေးနိုင်ဖို့ အတွက် မူဝါဒ ချမှတ်လုပ်ဆောင်ဖို့လည်း တိုက်တွန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG