သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Theresa May ဗြိတိန် ဝန်ကြီးချုပ်အသစ်ဖြစ်ဖို့ သေချာ


ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမည့် Theresa May.
ဗြိတိန်ဝန်ကြီးချုပ် ဖြစ်လာမည့် Theresa May.

ဗြိတိန်နိုင်ငံ အီးယူ ဥရောပသမဂ္ဂထဲက နှုတ်ထွက်ဖို့ မဲခွဲ ဆုံးဖြတ် လိုက်ပြီးတဲ့နောက် ပေးထားတဲ့ ကတိအတိုင်း ဝန်ကြီးချုပ် David Cameron ဟာ ဗုဒ္ဓဟူးနေ့မှာ ရာထူးကနေ တရားဝင် အနားယူတော့မှာဖြစ်ပြီး လက်ရှိ ပြည်ထဲရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ Theresa May ကို ဝန်ကြီးချုပ်သစ်အဖြစ် ကွန်ဆာဗေးတစ်ပါတီက ရွေးချယ် တင်မြောက်လိုက်ပါတယ်။ Theresa May ဗြိတိန် ဝန်ကြီးချုပ် ဖြစ်လာတဲ့အခါ မြန်မာပြည်အရေးကိစ္စနဲ့ပတ်သက်လို့ ဘယ်လို သဘောထားမျိုး ထားရှိသွားမလဲဆိုတာတွေကို ကိုဇော်ဝင်းလှိုင်က စုစည်း တင်ပြပေးထားပါတယ်။

အီးယူ ဥရောပသမဂ္ဂထဲကနေ ဗြိတိန်နိုင်ငံ နှုတ်ထွက်ရေး ၊ မထွက်ရေးအတွက် ဇွန်လ ၂၇ ရက်နေ့မှာ လူထုဆန္ဒခံယူပွဲ ကျင်းပစဉ်က ဗြိတိန်နိုင်ငံ အီးယူထဲမှာ ဆက်တည်ရှိရေး စည်းရုံးမှုတွေ မအောင်မမြင် ဖြစ်ခဲ့ပြီးတဲ့နောက် David Cameron ဟာ ပေးထားတဲ့ ကတိအတိုင်း ဇူလိုင်လ ၁၃ ရက်၊ ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ် ရာထူးကနေ တရားဝင် အနားယူတော့မှာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ် David Cameron နေရာမှာ အစားထိုး တာဝန် ထမ်းဆောင်ဖို့ အတွက် ပြည်ထဲရေးဝန်ကြီး Theresa May နဲ့ စွမ်းအင်ဝန်ကြီး Andrea Leadsom တို့ ၂ ဦး ကွန်ဆားဗေးတစ်ပါတီအတွင်းမှာ ယှဉ်ပြိုင်ကြမယ်လို့ မျှော်လင့်ထားခဲ့ပေမယ့် Andrea Leadsom က ဝန်ကြီးချုပ် ရွေးချယ်မှုကနေ နှုတ်ထွက်ကြောင်း တနင်္လာနေ့ အစောပိုင်းမှာ ကြေညာလိုက်တဲ့အတွက် Theresa May တဦးထဲ ဝန်ကြီးချုပ်ဖြစ်ရေး ယှဉ်ပြိုင်သူအဖြစ် ကျန်ရှိနေတော့တာပါ။

“ကွန်ဆာဗေးတစ်ပါတီ ကိုယ်စား အစိုးရအဖွဲ့ကို ဦးဆောင်ရမယ့် အခွင့်အရေးလောက် ကြီးမားတဲ့ အခွင့်အလန်း မရှိပါဘူး။ ကျမအနေနဲ့လည်း ဂုဏ်ယူ ဝမ်းမြောက်စွာနဲ့ တာဝန်ထမ်းလိုပါတယ်။ ဒါပေမယ့် ထက်မြက်ပြီး အများစုရဲ့ ထောက်ခံမှုရရှိထားတဲ့ ခေါင်းဆောင်ကို အမြန်ဆုံး ရွေးချယ် ခန့်အပ်ခြင်းက တိုင်းပြည်အတွက် ပိုအကျိုးရှိနိုင်မယ်လို့ ယူဆတဲ့ အတွက် ခေါင်းဆောင်ရွေးချယ်မှုကနေ ကျမ နှုတ်ထွက်ပါတယ်။ Theresa May အနေနဲ့ အအောင်မြင်ဆုံး လုပ်ဆောင်နိုင်ပါစေလို့ ကျမ ဆုတောင်းပေးပါတယ်။ ကျမအနေနဲ့ သူမကို အပြည့်အ၀ ထောက်ခံပေးသွားမယ်ဆိုတာကိုလည်း ပြောကြားခဲ့ပါတယ်။”

ဝန်ကြီးချုပ် Cameron ကတော့ ဗုဒ္ဓဟူးနေ့မှာ ကျင်းပမယ့် အောက်လွှတ်တော်နဲ့ ဝန်ကြီးချုပ် အမေးအဖြေကဏ္ဍကို သူတက်ရောက်မယ်လို့ ပြောကြားလိုက်ပြီး Andrea Leadsom အနေနဲ့ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချခဲ့ကြောင်း ပြောပါတယ်။

“Andrea Leadsom အနေနဲ့ လုံး၀ မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချလိုက်တယ်လို့ ကျနော်ထင်ပါတယ်။ ဒါကြောင့် လွှတ်တော်အတွင်း ကွန်ဆာဗေးတစ် ပါတီဝင်တွေရဲ့ အပြတ်အသတ် ထောက်ခံမှုကို Theresa May ရရှိလိုက်တယ်ဆိုတာဟာ သိသာ ထင်ရှားပါတယ်။ Theresa May ဝန်ကြီးချုပ်ဖြစ်လာမယ့်အတွက် ကျနော် ဝမ်းမြောက် ဂုဏ်ယူပါတယ်။ သူမဟာ ထက်မြက်ပြီး အရည်အချင်း ပြည့်မှီတဲ့သူ တဦးဖြစ်တဲ့အပြင် လာမယ့် နှစ်အနဲငယ်အတွင်း ကျနော်တို့ တိုင်းပြည်က လိုအပ်တဲ့ ခေါင်းဆောင်မှုထက် ပိုပြီး စွမ်းဆောင်နိုင်သူ တဦးဖြစ်ပါတယ်။ သူမအနေနဲ့ ကျနော့်ရဲ့ ထောက်ခံမှု အပြည့်အ၀ ရရှိမှာ ဖြစ်ပါတယ်။”

တနင်္လာနေ့ နှောင်းပိုင်းမှာတော့ Theresa May ဟာ ကွန်ဆာဗေးတစ် ပါတီဝင်တွေနဲ့အတူ လွှတ်တော်အပြင်ကို ထွက်လာပြီး - အီးယူထဲက ဗြိတိန်နှုတ်ထွက်လိုက်တဲ့အတွက် ဗြိတိန်အတွက် အကောင်းဆုံး ဘယ်လို လုပ်ဆောင်ရမလဲဆိုတာ သူမရဲ့ ပထမဦးစားပေး လုပ်ငန်း တာဝန်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

“Brexit ဆိုတဲ့အတိုင်း အီးယူကနေ ဗြိတိန် နှုတ်ထွက်တော့မှာပါ။ ဒီ နှုတ်ထွက်မှုကနေ အောင်မြင်မှုတွေ ရရှိအောင် ကျမတို့ လုပ်ဆောင်သွားမှာပါ။ ဒုတိယအချက်အနေနဲ့ကတော့ ကျမတို့ တိုင်းပြည်ကို ညီညွတ်အောင် လုပ်ကြရပါမယ်။ တတိယ အချက်အနေနဲ့ကတော့ - ကျမတို့ တိုင်းပြည်အတွက် အင်အား တောင့်တင်းပြီး သစ်လွင်တဲ့၊ တိုးတက်မှုရှိတဲ့ လမ်းစဉ်တွေ ချမှတ်ရပါမယ်။ အဲဒီ လမ်းစဉ်တွေဟာ အလုပ်ဖြစ်ပြီး အခွင့်ထူးခံ လူတန်းစား တချို့အတွက်မဟုတ်ပဲ လူတိုင်းအတွက် ဖြစ်စေရပါမယ်။ ဘာဖြစ်လို့လည်းဆိုတော့ တိုင်းသူ ပြည်သားတွေ သူတို့ဘဝတွေကို ပိုပြီး ထိန်းချုပ်နိုင်ဖို့ ကျမတို့က ကူညီ ဆောင်ရွက်ပေးသွားမှာကြောင့် ဖြစ်ပါတယ်။ အဲဒါဟာ ကျမတို့အနေနဲ့ ဗြိတိန်နိုင်ငံ တိုးတက် ကောင်းမွန်အောင် ဘယ်လို တည်ဆောက်သွားမယ်ဆိုတဲ့ နည်းလမ်းပဲ ဖြစ်ပါတယ်။”

ဝန်ကြီးချုပ်အဖြစ် အတည်ပြုပြီးသွားရင်တော့ Theresa May ဟာ ၁၉၇၉ ခုနှစ်ကနေ ၁၉၉၀ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ Margaret Thatcher နောက်မှာ ပထမဆုံး အမျိုးသမီး ဝန်ကြီးချုပ် ဖြစ်လာမှာပါ။

ဗြိတိန်အခြေစိုက် မြန်မာ့အရေး ဆောင်ရွက်နေတဲ့ Burma Campaign UK အဖွဲ့က ဇိုရာဖန်းကတော့ ဝန်ကြီးချုပ်ဖြစ်လာမယ့် Theresa May အနေနဲ့ မြန်မာနိုင်ငံ အရေးကိစ္စနဲ့ပတ်သက်လို့ ဘယ်လို သဘောထားမျိုး ထားရှိသွားမလဲဆိုတဲ့ သူမရဲ့ အမြင်တွေကို အခုလို ပြောပြပါတယ်။

“Theresa May က ကြီးမားတဲ့ ပြောင်းလဲမှုတော့ ရှိမယ်လို့တော့ ကျမတို့ မထင်ပါဘူး။ ဒါပေမယ့် ရှိမယ်ဆိုရင်တော့ ကျမတို့ မြင်တာက Negative (မကောင်းဖက်) မှာ ပိုများမယ်။ ဘာဖြစ်လို့လဲဆိုတော့ သူက ဒီ International Aid ပေါ့နော်၊ ကူညီ ထောက်ပံ့မှုတွေကို သူက သိပ် စိတ်မဝင်စားဘူး။ ပြီးတော့ ကျမတို့ရဲ့ Record ထဲမှာဆိုရင်လည်း သူ့ရဲ့ လှုပ်ရှားမှုတွေ ပြန်ကြည့်တဲ့အချိန်မှာ မြန်မာပြည်အပေါ်မှာ သူ့ရဲ့ စိတ်ဝင်စားမှုတွေလည်း သိပ်မရှိဘူး။ အဲဒါကြောင့် ကျမတို့ အမြင်မှာတော့ သူက မြန်မာ့အရေးမှာဆိုရင်တော့ သိပ်ပြီးတော့ လုပ်ပေးမယ်ဆန္ဒ ရှိမယ်တော့ မဟုတ်ဘူး။ အဲဒါကြောင့် မြန်မာပြည်အပေါ်မှာဆိုရင် သူက ဒီမိုကရေစီအရေး တိုးတက်မှုအတွက်၊ ပြီးတော့ ဒီ လူ့အခွင့်အရေးတွေ အတွက်ဆိုရင်တော့ ကျမတို့ဘက်ကတော့ မျှော်လင့်ချက်တော့ နဲနေတာပေါ့နော်။”

ဗုဒ္ဓဟူးနေ့မှာ ဝန်ကြီးချုပ် David Cameron က သူ့ရဲ့ နှုတ်ထွက်စာကို ဘုရင်မကြီး Elizabeth ထံ တင်သွင်းမှာ ဖြစ်ပြီး ဝန်ကြီးချုပ် နှုတ်ထွက်စာတင်ပြီး မကြာခင်မှာပဲ ဝန်ကြီးချုပ်အသစ်ဖြစ်လာမယ့် Theresa May က အစိုးရအဖွဲ့ ဖွဲ့ခွင့်ပြုဖို့ ဘုရင်မကြီးထံ အဆိုပြုလွှာကို တင်သွင်းရမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG