သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Kabul Shi'ite ဗလီကျောင်း တိုက်ခိုက်မှု ၁၄ ဦးသေဆုံး


အာဖဂန်နစ္စတန်နိုင်ငံ ကာဘူးမြို့တော်မှာ ရှီယာမူဆလင်တွေနဲ့ ပြည့်နှက်နေတဲ့ ဗလီဝတ်ကျောင်းတခုကို အာဖဂန် ရဲဝတ်စုံတွေ ဝတ်ဆင်ထားတယ် လို့ဆိုကြတဲ့ သေနတ်သမားတွေက - အင်္ဂါနေ့နှောင်းပိုင်းမှာ ဝင်ရောက် တိုက်ခိုက်ခဲ့တဲ့အတွက် အနည်းဆုံး ၁၄ ဦး သေဆုံးပြီး ၃၀ ကျော် ဒဏ်ရာတွေ ရရှိခဲ့ကြပါတယ်။

အသေခံ ဗုံးခွဲသမားတဦးက သူ့ကိုယ်သူ ဖောက်ခွဲပြီးတော့ မြို့တော်ရဲ့ ကာတ် အီး ဆာခီ ရပ်ကွက်မှာ - တိုက်ခိုက်မှုကို စတင်ခဲ့တာဖြစ်ပြီး၊ နောက် ၂ ဦးကိုတော့ လုံခြုံရေးတပ်ဖွဲ့တွေက အသေပစ်ခတ်ဖမ်းဆီးပြီးနောက် တနာရီလောက်ကြာတဲ့ စီးနင်းတိုက်ခိုက်မှုဟာ အဆုံးသတ်ခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ဒဏ်ရာရသူတွေထဲမှာ အနည်းဆုံး အမျိုးသမီး ၁၆ ဦး ပါဝင်ပြီး ဆေးရုံတွေကို ပို့ဆောင်ခဲ့တဲ့အကြောင်း ကျန်းမာရေးတာဝန်ရှိသူတွေက အတည်ပြု ပြောဆိုခဲ့တာပါ။ တိုက်ခိုက်ခံခဲ့ရတဲ့ အင်္ဂါနေ့ဟာဆိုရင် မူဆလင်ပြက္ခဒိန်မှာ ပထမဆုံးလဖြစ်တဲ့ Moharram လရဲ့ ၉ ရက်မြောက်နေ့ဖြစ်ပြီး၊ ဒီလရဲ့ ၉ ရက်နဲ့ ၁၀ ရက်နေ့ကိုရောက်တိုင်း ကမ္ဘာတဝှမ်းမှာရှိတဲ့ ရှီယာမူဆလင်တွေကနေ - တမန်တော် မူဟာမက်ရဲ့ မြေး အသတ်ခံရမှုအပေါ် ဝမ်းနည်းကြောင်း ပြသတဲ့ အထိမ်းအမှတ်ပွဲ ဆင်နွှဲလေ့ ရှိကြပါတယ်။

နှစ်စဉ်ကျင်းပတဲ့ ရှီယာမူဆလင်တွေရဲ့ ဘာသာရေးပွဲတော်အတွက် ကာဘူးမြို့တော်မှာတော့ လုံခြုံရေးတွေ တင်းကျပ်ထားတာပါ။ တိုက်ခိုက်ခံရ မှာကို စိုးရိမ်တဲ့အတွက် လမ်းတွေပေါ်မှာ လူစုလူဝေးနဲ့ လှည့်လည်တာမျိုး မလုပ်ဘဲ ဗလီတွေနဲ့ ဘုရားကျောင်းတွေမှာသာ စုဝေးကြဖို့လည်း အာဖဂန်အာဏာပိုင်တွေက မေတ္တာရပ်ခံထားတာ ဖြစ်ပါတယ်။

XS
SM
MD
LG