သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မောင်တောအရေး သက်သေမရှိမချင်း မည်သူ့ကိုမျှ အပြစ်မတင်လိုကြောင်း ဒေါ်စုပြော


ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ။
ဂျပန်နိုင်ငံကို ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ။

မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမွတ်ဆလင်တွေပေါ် မြန်မာစစ်တပ်က အကြမ်းဖက် ကိုင်တွယ် နှိမ်နင်းနေတယ်ဆိုတဲ့ လတ်တလော ထွက်ပေါ်နေတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ သက်သေအထောက်အထား မရှိဘူးလို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန် နိုင်ငံ တိုကျိုု မြို့ သတင်းထောက်များအသင်းမှာ ဒီကနေ့ ပြောကြားလိုက်ပါတယ်။ ရခိုင်ဒေသအရေးနဲ့ပတ်သက်လို့ နိုင်ငံတကာလူ့အခွင့်အရေး အဖွဲ့တွေက စိုးရိမ်မှု ထွက်ပေါ်နေချိန်မှာ အခုလိုပြောဆိုလိုက်တာပါ။ ကိုဉာဏ်ဝင်းအောင်က ဆက်လက် တင်ပြပါမယ်။

နိုဝင်ဘာ ၁ရက်နေ့က ဂျပန်နိူင်ငံ ချစ်ကြည်ရေးခရီးကို စခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဟာ နိုဝင်ဘာ ၄ရက် သောကြာနေ့ ညနေပိုင်းမှာတော့ တိုကျိုမြို့ Chiyoda-ku မှာရှိတဲ့ ဂျပန်သတင်းထောက်များအသင်းမှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီး၊ ရခိုင်ဒေသအရေးကို ရှင်းလင်းပြောဆို သွားတာပါ။ ပြီးခဲ့တဲ့ အောက်တိုဘာလထဲ ဖြစ်ခဲ့တဲ့ ရခိုင်အကြမ်းဖက်တိုက်ခိုက်ခံရမှုနောက်ပိုင်း လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ဒေသခံ မူဆလင် တွေပေါ် အကြမ်းဖက်နှိမ်နင်းနေတယ်ဆိုတဲ့ သတင်းနဲ့ပတ်သက်လို့ လုံလောက်တဲ့ အထောက်အထား မရှိဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်ပါတယ်။

“ကျမတို့အနေနဲ့ ဘယ်သူ့ကိုမှ အပြစ်မတင်မိဖို့ သိပ်ကို ဂရုတစိုက် လုပ်နေရပါတယ်။ အထူးသဖြင့် ဘယ်ကိစ္စအတွက် ဘယ်သူ့မှာ တာဝန်ရှိ တယ်ဆိုတာကို ခိုင်မာပြည့်စုံတဲ့ အထောက်အထား မတွေ့မချင်း သတိထားနေရပါတယ်။ နောက် သိကြတဲ့အတိုင်း မနေ့ကဘဲ ရှေ့တန်းက ရဲစခန်းတခု တိုက်ခိုက်ခံရလို့ ရဲတပ်ဖွဲ့ဝင်တဦး သေဆုံးခဲ့ပါတယ်။ အောက်တိုဘာလ ၉ ရက်နေ့ တိုက်ခိုက်မှုတွေ စကတည်းက မူဆလင်တွေ သေဆုံးတာလည်း ရှိပါတယ် ”

တရားဥပဒေနဲ့အညီ သက်သေအထောက်အထားတွေု သေချာစုံစမ်းစစ်ဆေးပြီးတာနဲ့ အာဏာပိုင်တွေဘက်က အရေးယူဆောင်ရွက် သွားမှာ ဖြစ်တယ် လို့ ဒေါ်အောင်ဆန်းစုကြည်က သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

“ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျမတို့ဘာမှဖုံးကွယ်ဖို့ မကြိုးစားပါဘူး။ ကျမတို့ ပြန်ကြားရေးဌာနမှာ အချက်အလက်တွေ အားလုံးရှိပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး ခြေခြေမြစ်မြစ် သိရအောင်ကြိုးစားနေပါတယ်။ ဒါပေမဲ့ ဘယ်သူတွေ အပြစ်ရှိတယ်လို့ သက်သေမပြ နိုင်ခင်မှာတော့ အားလုံးဟာ အပြစ်မဲ့သူတွေလို့ သဘောထားပြီး တရားဥပဒေအတိုင်း လိုက်နာဆောင်ရွက်သွားမှာဖြစ်ပါတယ် ”

ဒေသခံမူဆလင်တွေအပေါ် သတ်ဖြတ်တာ၊ မုဒိမ်းကျင့်တာ၊ နေအိမ်တွေ မီးရှို့တာတွေကို မြန်မာစစ်တပ်ဘက်က ကျူးလွန်ခဲ့တယ်ဆိုပြီး လတ်တလော ထွက်ပေါ်နေတဲ့ သတင်းတွေကြောင့်၊ ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်း စုကြည်ဟာ နိုင်ငံတကာရဲ့ ဖိအားတွေနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံဥပဒေအရ၊ မြန်မာစစ်တပ်ဆီမှာ အာဏာတစုံတရာရှိနေတာကြောင့်၊ အခုဖြစ်ရပ်အတွက် မြန်မာ အစိုးရက ဒီပြဿနာကို ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ ဆိုတဲ့အပေါ် မေးခွန်းထုတ်နေကြတာပါ။ ရခိုင်အရေးပြသနာပေါ် ဂျပန်အစိုးရရဲ့အမြင် နဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘ(ခေါ်) Hisao Tanabe က ခုလိုရှင်းပြပါတယ်။

“ ဂျပန်အစိုးရ အနေနဲ့တော့ ဒါကိုအဓိကအားဖြင့် လူ့အခွင့်အရေးကိစ္စအနေနဲ့ ရှုမြင်သုံးသပ်နေပါတယ်။ ပြီးတော့ ရခိုင်ပြည်နယ် မြောက်ဖက်ပိုင်း မောင်တော ဘူးသီးတောင်မှာ လူသတ်မှုတို့ဘာတို့ ဖြစ်ခဲ့တယ်ဆိုတာကို ဂျပန်အစိုးရ သိထားပါတယ်။ ဒါပေမယ့် ဒီလူမျိုးရေး ကိစ္စ ဒါမှမဟုတ် ဘာသာရေးနဲ့ ဆိုင်တဲ့ကိစ္စနဲ့ ပတ်သက်ရင်တော့ ဒါဟာ ကာယကံရှင် မြန်မာအစိုးရ ကသာ ဖြေရှင်းရမယ့် ကိစ္စဖြစ်တယ်၊ ဒါပေမယ့် ဥပမာ ဒီတိမ်းရှောင်ရေးစခန်းကို ရောက်လာသူတွေရဲ့ အစားအစာ မလုံလောက်တဲ့သူတွေရယ် ဆေးဝါးပစ္စည်း မရတဲ့သူတွေအတွက် အဲဒီလို လူသားချင်း စာနာထောက်ထားတဲ့ ရှုထောင့်ကနေပြီး ဂျပန်အစိုးရအနေနဲ့ ကူညီထောက်ပံ့ပေးဖို့ အသင့် ရှိတယ်လို့ ဂျပန်အစိုးရ ပြောနေပါတယ် ခင်ဗျ”

ဒေါ်အောင်ဆန်းစုကြည်ဟာ ဒီကနေ့ မနက်ပိုင်းမှာ ဂျပန်ဧကရာဇ် အကီဟီတို နဲ့ မိဖုရားတို့ကို တိုကျို ဂျပန်နန်းတော်မှာ သွားရောက်တွေ့ဆုံ ခဲ့ပါတယ်။ တကယ်တော့ ဒီကနေ့ဟာ ဂျပန်ဧကရာဇ်ရဲ့ ဦးလေးတော်အိမ်ရှေ့မင်းသား Mikasa ရဲ့ ဈာပနအခမ်းအနား ကျင်းပတဲ့နေ့ဖြစ်ပြီး ဒီလိုအခြေအနေတွေကြား မှာ ဒေါ်အောင်ဆန်းစုကြည် ကို လက်ခံတွေ့ဆုံခဲ့တာပါ။ ဒီလိုတွေ့ဆုံချိန်မှာ ဂျပန်ဧကရာဇ်ရဲ့ ပြောဆိုမှုနဲ့ပတ်သက်လို့ ဂျပန်သတင်းစာဆရာ ဦးရွှေဘက ခုလိုပြောပါတယ်။

“ ဂျပန့်ဘုရင်က ဒေါ်စုနဲ့ တွေ့တယ်ဆိုတာ ထူးဆန်းတယ်၊ ပြီးတော့ ဂျပန်ဘုရင်ကြီး ဘာပြောသလဲဆိုရင် စစ်တွင်းခေတ်မှာတဲ့ ဂျပန်စစ်သား တွေက ခင်ဗျားတို့နိူင်ငံကို ဝင်ရောက်ပြီးတော့ အနှောက်အယှက်ပေးတာ အများကြီးရှိတယ် ကြားရပါတယ်တဲ့ …ဒါတောင် မြန်မာတွေက ဂျပန့်စစ်သားတွေကို ကူညီပေးတာမျိုးတွေ ရှိတယ်ကြားရပါတယ်တဲ့ .. အရမ်းကို ဝမ်းသာပါတယ်တဲ့၊ အဲလိုမျိုး ဂျပန်ဘုရင်ကြီးက ဒေါ်စုကို ပြောတယ်တဲ့ ..”

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဂျပန်နိူင်ငံချစ်ကြည်ရေး ခရီးစဉ် မနက်ဖြန် စနေနေ့မှာ အဆုံးသတ်မှာဖြစ်ပြီး မြန်မာနိုင်ငံ ကို ပြန်လည်ရောက်ရှိမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG