သုံးရလွယ်ကူစေသည့် Link များ

လက်ယာစွန်းပါတီတွေ ဥရောပမှာ အလားအလာကောင်း


 သြစတြီးယား သမ္မတလောင်းရွေးကောက်ပွဲ ပိုစတာများ။ (Vienna, Austria)

သြစတြီးယား သမ္မတလောင်းရွေးကောက်ပွဲ ပိုစတာများ။ (Vienna, Austria)

အမေရိကန်သမ္မတရွေးကောက်ပွဲမှာ Donald Trump အနိုင်ရတာကို ကမ္ဘာတလွှား လက်ယာစွန်းနိုင်ငံရေးသမားတွေက ကြိုဆိုကြပါတယ်။ ကြိုဆိုသူ အများဆုံးရှိတဲ့ ဥရောပမှာဆိုရင် လာမယ့်ရွေးကောက်ပွဲတွေကျရင် လက်ရှိအာဏာရပါတီတွေအဖို့ အကြီးအကျယ် တုန်လှုပ်စရာဖြစ်လာနိုင်ပါတယ်။ ဒီဇင်ဘာ ၄ ရက်နေ့မှာ ရွေးကောက်ပွဲ ကျင်းပ ဖို့ရှိတဲ့ သြစတြီးယား (Austria) နိုင်ငံမှာဆိုရင် မဲဆန္ဒရှင်တွေဟာ ဒုတိယ ကမ္ဘာစစ်ကတည်းက စပြီးပထမဆုံးအကြိမ်အဖြစ် လက်ယာစွန်း ၀ါဒီတဦး ကို နိုင်ငံခေါင်းဆောင်အဖြစ် တင်မြှောက်ဖို့ ဦးတည်နေကြပါတယ်။ VOA သတင်းထောက် Henry Ridgewell ပေးပို့တဲ့ သတင်းလွှာ ကို ဦးကျော်ဇံသာက တင်ပြထားပါတယ်။

လက်ယာစွန်းသမ္မတလောင်း Norbert Hofer ဟာ ကမ္ဘာတဝှမ်း အရှိန်ရလာနေတဲ့ အစဉ်အလာ မဟုတ်သော " populism " ခေါ်တဲ့ လူအများကြိုက် အယူအဆကို အမှီပြုပြီး ဒီဇင်ဘာလ(၄)ရက်မှာ ကျင်းပလာမယ့် သြစတြီးယား သမ္မတရွေးကောက်ပွဲ မှာ အနိုင်ရဖို့ မျှော်လင့်နေသူပါ။

ဒီလအစောပိုင်း မိန့်ခွန်းပြောကြားရမှာ Hofer ဟာ Donald Trump ရဲ့ မဲဆွယ်မှု ပုံစံကို နမူနာယူပြီး နိုင်ငံရေးအထက်လွှာတွေဟာ မဲဆန္ဒရှင်တွေနဲ့ကင်းကွာလေလေ မဲရှုံးပြီး ရာထူးပြုတ်ဖို့ နီးလေလေဖြစ်ပါလိမ့်မယ်လို့ ပြောသွားတာပါ။

Hofer ရဲ့ လက်ယာစွန်း Freedom Party က လူဝင်မှုပြသနာကြောင့် ပြည်တွင်း စစ်ဖြစ်လာနိုင်တယ်လို့ ခြိမ်းခြောက်ထားတာပါ။ သူ့ရဲ့ ဒီအပြောကြောင့်ပဲ စစ်တမ်းကောက်ယူမှုတွေမှာ သူ့ရဲ့ပြိုင်ဘက် Green party သမ္မတလောင်း က နှာတဖျားသာနေပါတယ်။

လန်ဒန်တက္ကသိုလ်ဥရောပသမိုင်းပညာရှင် Andrea Mammone က လက်ယာစွန်းတွေဟာ ကမ္ဘာတဝှမ်းဆက်နွယ်နေတယ်လို့ ဆိုပါတယ်။

"နိုင်ငံရေးသမားတွေဟာ ဒီစိုးရိမ်မှုတွေကို ကစားနေရတာပါ။ သူတို့ဟာ ပုံစံသစ်တရပ်ကို ဖန်တီးပြနေပါတယ်။ အဲ့တာကတော့ တကယ်မရှိဖူးခဲ့တဲ့ ဟိုး ရွှေပြည်ကြီး ဆိုတဲ့ဆီကို ပြန်သွားနေတာဖြစ်ပါတယ်။"

ပြင်သစ်လက်ယာစွန်း အမျိုးသားတပ်ဦးပါတီခေါင်းဆောင် Marine Le Pen ကလည်း ဥရောပသမဂ္ဂမပေါ်ပေါက်ခင် လွတ်လပ်သော ကမ္ဘာ့ကုန်သွယ်ရေး ခေတ်မတိုင်မှီ ကာလဆီ နောက်ပြန်လှည့်သွားမယ်လို့ ကတိပေးထားပါတယ်။ ဗြိတိန်နိုင်ငံ ဥရောပသမဂ္ဂက ခွဲထွက်သွားတာ၊ Donald Trump အောင်ပွဲရတာတို့ဟာ သူ့အတွက် အရှိန်ရစေတယ်လို့ ဆိုပါတယ်။

"ဗြိတိန်နဲ့ အမေရိကန်တို့ဟာ ကြောက်ရွံ့မှုကို အခြေခံတဲ့ အပေါ်စီးမဲဆွယ်မှုတွေကို ပစ်ပယ်ခဲ့ကြပါပြီ။ ပြင်သစ်လူထုဟာလည်း အလားတူလုပ်နိုင်လိမ့်မယ်လို့ ကျမယုံကြည်ပါတယ်။"

ပြင်သစ်နိုင်ငံရဲ့ နှစ်ကြိမ်ယှဉ်ပြိုင်ရတဲ့ ရွေးကောက်ပွဲစနစ်မှာ အခုအချိန်အထိတော့ လက်ယာစွန်းပါတီဟာ အာဏာနဲ့အလှမ်းဝေးနေဆဲပါ။ ဒါပေမဲ့ ၂၀၁၆မှာတော့ ယခင်မဲပေးတဲ့ပုံစံက ယခုခေတ်သစ်နိုင်ငံရေးအတွက် အသုံးမဝင်တော့ဘူးလို့ Mammone က သုံးသပ်ပါတယ်။

"ဒီကန့်ကွက်လှုပ်ရှားမှုတွေကို မဲပေးရတာ တန်တယ်လို့ လူအများစုက ယူဆကြပါတယ်။ ဘာကြောင့်လဲဆိုတော့ နောက်ဆုံးတနေ့မှာ ဒီမဲတွေကပဲ အရေးပါလာမယ်။ ဒီမဲတွေက အပြောင်းအလဲဖန်တီးလာနိုင်မယ်။ အာဏာကို ကိုင်လှုပ်လာနိုင်မှာမို့ ဖြစ်ပါတယ်။"

ဒီလက်ယာစွန်းဝါဒီတွေဟာ အတ္တလန္တိတ် တဘက်မှာလည်း မဟာမိတ်ရှိနေတယ်လို့ ဆိုပါတယ်။ အဲ့တာကတော့ သမ္မတပူတင်ပဲဖြစ်ပါတယ်လို့ သုံးသပ်သူတွေကပြောကြ ပါတယ်။ ရုရှားဗဟိုဘဏ်ဟာ Marine Le Pen ကို ရွေးကောက်ပွဲ မဲဆွယ်ဖို့ အတွက် ဒေါ်လာ သန်းပေါင်းများစွာ ထောက်ပံ့ထားတယ်လို့ဆိုပါတယ်။

"ပူတင်က ဒီလက်ယာစွန်းလှုပ်ရှားမှုအားလုံးကို ထောက်ခံဖို့ ဆန္ဒရှိနေပါတယ်။ ဘာကြောင့်လဲဆိုတော့ သူတို့ဟာ ဥရောပသမဂ္ဂနဲ့ပတ်သက်တဲ့ကိစ္စမှာ ဖိအားပေးနိုင်ရုံသာမက အမျိုးသားရေးအသင်းအဖွဲ့တွေမှာ စကားပြောတဲ့ အခါမှာလည်း ရုရှားအကြောင်းကို ထောက်ခံပြောကြား လာနိုင်တဲ့အတွက် ဖြစ်ပါလိမ့်မယ်။

မော်စကိုအပေါ် ဂရုဏာသက်တဲ့ သဘောထားဟာ အီတလီနိုင်ငံရေး အတိုက်အခံတွေဆီမှာလည်း ပေါ်လွင်နေပါတယ်။ မကြာခင်ပြုလုပ်လာမယ့် ဖွဲ့စည်းပုံ အပြောင်းအလဲဆိုင်ရာ ဆန္ဒခံယူပွဲကျရင် လက်ရှိဝန်ကြီးချုပ် Matteo Renzi ဖြုတ်ချခံရမယ့်အခြေအနေရှိနေပါတယ်။

နယ်သာလန်နိုင်ငံမှာတော့ လက်ယာစွန်း far-right Freedom Party ဟာ ပါတီခေါင်းဆောင် Geert Wilders လူမျိုးရေးမုန်းတီးလှုံ့ဆော်မှုနဲ့ စွဲဆိုခံနေရသည့်တိုင်အောင် ၂၀၁၇ ခုနှစ် ရွေးကောက်ပွဲအကြို စစ်တမ်းကောက်ယူမှုတွေမှာ ရှေ့တန်းကပြေးနေပါတယ်။

အခုလောလောဆယ်မှာတော့ သြစတြီးယားရွေးကောက်ပွဲကို အားလုံးက မျှော်လင့်စောင့်စားနေကြပါတယ်။ ဒီရွေးကောက်ပွဲရဲ့ရလဒ်ဟာ ဥရောပရွေးကောက်ပွဲ မြေငလျင်ကြီးရဲ့ရှေ့ပြေး ဖြစ်လာနိုင်ကြောင်းပါတဲ့ခင်ဗျာ။

XS
SM
MD
LG