သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျာမနီတိုက်ခိုက်မှု ကျုးလွန်သူရဲ့ တူဖြစ်သူ ဖမ်းဆီးခံရ


ဘာလင်မြို့ ခရစ္စမတ်ဈေးတန်းတိုက်ခိုက်သူ Anis Amri ရဲ့မိဘအိမ်။ ၂၃ ဒီဇင်ဘာ၊ ၂၀၁၆။
ဘာလင်မြို့ ခရစ္စမတ်ဈေးတန်းတိုက်ခိုက်သူ Anis Amri ရဲ့မိဘအိမ်။ ၂၃ ဒီဇင်ဘာ၊ ၂၀၁၆။

ဂျာမဏီနိုင်ငံ၊ ဘာလင်မြို့က ခရစ္စမတ်ဈေးတန်းတိုက်ခိုက်မှုမှာ သံသယရှိခံထားရသူ Anis Amri ရဲ့တူဖြစ်သူတဦးနဲ့ IS စစ်သွေးကြွ ၂ ဦးတို့ကို တူနီးရှားအာဏာပိုင်တွေက ဖမ်းဆီးလိုက်တယ်လို့ ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ စနေနေ့မှာပြောပါတယ်။ သူတို့သုံးဦးဟာ ဘာလင်မြို့မှာ အကြမ်းဖက်တိုက်ခိုက်ခဲ့သူ Anis Amri နဲ့ အဆက်အသွယ်လုပ်သူတွေ၊ အကြမ်းဖက်အဖွဲ့ဝင်တွေဖြစ်တယ်ဆိုပြီး ထုတ်ပြန်ချက်မှာပြောထားပါတယ်။ သူတို့သုံးဦးကို သောကြာနေ့က ဖမ်းဆီးလိုက်တာပါ။

တချိန်ထဲမှာပဲ ရာနဲ့ချီတဲ့လူတွေဟာ စနေနေ့မှာ တူနီးရှားနိုင်ငံမြို့တော်Tunis က လမ်းတွေပေါ်ထွက်ပြီး အကြမ်းဖက်မှုဆန့်ကျင်ရေးစုဝေးခဲ့ကြပါတယ်။ အကြမ်းဖက်အဖွဲ့အစည်းတွေနဲ့ဆက်စပ်နေတဲ့ ပြည်ပရောက် တူနီးရှားနိုင်ငံသားအားလုံးကို ပြန်ခေါ်ပြီး မိခင်နိုင်ငံမှာ တရားရင်ဆိုင်ဖို့ လူပေါင်း ၂၀၀ လောက်က အစိုးရကို တိုက်တွန်း တောင်းဆိုခဲ့ကြပါတယ်။ ပြီးခဲ့တဲ့နှစ်ကမတ်လက IS တို့တိုက်ခိုက်ခဲ့တဲ့ Bardo ပြတိုက်အပြင်ဘက်မှာ ဆန္ဒပြသူတွေစုရုံးခဲ့ကြတာပါ။အဲ့ဒီဖြစ်ရပ်မှာ ကမ္ဘာလှည့်ခရီးသွား ၂၁ ဦးနဲ့ တူနီးရှားရဲ ၁ ဦးတို့ကို သေနတ်သမားတဦးက ပစ်သတ်သွားခဲ့တာဖြစ်ပါတယ်။

မီလန်မြို့မှာ အီတလီရဲရဲ့ပစ်ခတ်မှုကြောင့် သေဆုံးသွားပြီဖြစ်တဲ့ Anis Amri ရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အပေါင်းအပါတွေကို ဂျာမဏီ တာဝန်ရှိသူတွေလိုက်လံရှာဖွေနေချိန်နောက်တနေ့မှာပဲ တူနီးရှားမှာ ခုလိုဖမ်းဆီးမှုဖြစ်ပွါးတာဖြစ်ပါတယ်။

ခရစ္စမတ်ပွဲတော်ကာလကို တနိုင်ငံလုံးကျင်းပနေချိန်ဖြစ်ပေမယ့် ရာနဲ့ချီတဲ့ ထောက်လှမ်းရေးတွေကတော့ အားလပ်ရက်ကာလတလျှောက်လုံး စုံစမ်းစစ်ဆေးရေးတွေဆက်လုပ်သွားမယ်လို့ ဂျာမဏီ တာဝန်ရှိသူတွေကပြောပါတယ်။ အသက် ၂၄ နှစ်အရွယ်၊ တူနီးရှားနိုင်ငံသား Anis Amri ကို ဘယ်သူတွေက အကူအညီပေးနေတယ် ဆိုတာကို ဖေါ်ထုတ်နိုင်ဖို့ ကြိုးစားနေ ကြောင်း ဂျာမဏီ ဗဟိုအစိုးရရှေ့နေချုပ် Peter Frank က သောကြာနေ့မှာပြောပါတယ်။ ဂျာမာန်ဝန်ကြီးချုပ် အန်ဂလာမာကဲလ် ကလည်း ပူးပေါင်းကြံစည်သူတွေရှိမရှိ အဓိက အာရုံစိုက်ပြီး စုံစမ်းစစ်ဆေးသွားမယ်လို့ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG