သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကချင်သင်းထောက်ဆရာ ၂ ဦး၊ ဖမ်းဆီးမှု တပ်မတော်အတည်ပြု


ကချင်သင်းထောက်ဆရာ ၂ ဦး။
ကချင်သင်းထောက်ဆရာ ၂ ဦး။

ရှမ်းပြည်နယ်အရှေ့မြောက်ဒေသ မူဆယ်ခရိုင် မုန်းကိုးမြို့က သင်းထောက် ဆရာနှစ်ဦးဖြစ်တဲ့ ဦးဒီဒီနောင်လတ်ခေါ် ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်း တို့နှစ်ဦးကို KIOအဖွဲ့အတွက် လူသစ်စုဆောင်းပေးခြင်း၊ သတင်းပေးခြင်း၊ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်းများကို ပါဝင်လုပ်ဆောင်ခဲ့တာကြောင့် ဖမ်းဆီးထိန်းသိမ်းထားတယ်လို့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။ သင်းထောက်ဆရာနှစ်ဦးဟာ တပ်မတော်က စွပ်စွဲထားတဲ့ကိစ္စရပ်တွေအပေါ် ကျူးလွန်တာမျိုးမရှိခဲ့တဲ့အတွက် တရားရုံးကို အမြန်ရောက်စေချင်တယ်လို့လဲ ကချင်နှစ်ခြင်း ခရစ်ယာန်အဖွဲ့ချုပ် တာဝန်ရှိသူတွေကဆိုပါတယ်။ သတင်းအပြည့်အစုံကိုတော့ ဗွီအိုအေမြန်မာပိုင်း သတင်းထောက် နိုင်ကွန်းအိန်ကနေ သတင်းးပေးပို့ထားပါတယ်။

ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မုံးကိုးသင်းထောက်ဆရာဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးဟာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအတွက် လူသစ်စုဆောင်းခြင်း သတင်းပေးခြင်း လုပ်ဆောင်ခဲ့တယ်လို့တပ်မတော်ရဲ့ စွပ်စွဲချက်အပေါ် ဖြစ်နိုင်ခြေမရှိဘူးလို့ ကချင်နှစ်ခြင်းခရစ်ယာန်အဖွဲ့ချုပ် အထွေထွေအတွင်းရေးမှူး ဒေါက်တာ ခလန်ဆမ်ဆွန်ကပြောပါတယ်။

"စွပ်စွဲချက်တွေကတော့ တော်တော်များတယ်။ ကချင်တယောက်အနေနဲ့ကတော့ မိတ်ဆွေအနေနဲ့ကတော့ အားလုံးက ဆက်နွယ်မှုတွေကတော့ ရှိနေကြတာချည်းပဲ။ ဒါပေမဲ့ ခုနကပြောတဲ့ ကိုယ်ထိလက်ရောက်ကူညီတာတို့၊ နိုင်ငံတော်ရဲ့ စီမံကိန်းကို ပျက်ပြားလောက်အောင် လုပ်မယ်လို့တော့ မထင်ဘူး။ ဆိုတော့ ကျနော်ကတော့ သူတို့စွပ်စွဲချက်အပေါ်မှာ တရားရုံးအပေါ်မှာ ရင်ဆိုင်ပြီးမှ ဖြေရှင်းမယ်ဆိုရင် ကျနော်ထင်တယ် အမှန်တရားတော့ ပေါ်လာပါလိမ့်မယ်။ ဒါပေမဲ့ စစ်တပ်ထဲမှာ သူတို့ လက်ထဲမှာ စစ်ဆေးမယ်ဆိုရင်တော့ အဖြေမှန်တော့ ပေါ်လာမယ်လို့တော့ မထင်ဘူး ကျနော်တော့။ ရုံးမှာပဲ အမြန်ရောက်စေချင်တာပေါ့။"

လက်ရှိတပ်မတော်ကနေဖမ်းဆီးထိန်းသိမ်းထားတဲ့သင်းထောက်ဆရာနှစ်ဦးအမှုကိစ္စအတွက် အရပ်ဖက်တရားရုံးက အမြန်ဆုံးကိုင်တွယ်စေချင်တယ်လို့သူကဆိုပါတယ်။
သင်းထောက်ဆရာနှစ်ဦးကို စစ်တပ်က ဆင့်ခေါ်ခဲ့ပြီးနောက် ၂၀၁၆ခုနှစ် ဒီဇင်ဘာ(၂၄) ရက်နေ့ညမှာ ပျောက်ဆုံးသွားခဲ့ တာဖြစ်ကြောင်း သတင်း ထွက်ပေါ်ခဲ့ပေမဲ့ မနေ့ကမှတပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ရုံးကနေ တရားဝင်သတင်း ထုတ်ပြန်ခဲ့တာပါ။

တပ်မတော်ရဲ့စစ်ကြောမေးမြန်းချက်အရ ဦးဒီဒီနောင်လတ်ဟာ မုံးကိုးကာကွယ်ရေးတပ် (MDA)မှာမုံးကိုးမြို့နယ်၊ အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ဘူးသူဖြစ်ပြီး KIOနဲ့ ကိုးကန့်တပ်ဖွဲ့ခေါင်းဆောင်တွေနဲ့ ရင်းနှီးသူဖြစ်တာ ကြောင့် မုံးကိုးမြို့နှစ်ခြင်းခရစ်ယာန်အသင်းဥက္ကဋ္ဌအဖြစ် အသွင်ယူပြီး တပ်မတော် စစ်ကြောင်း လှုပ်ရှားမှုတွေကို သတင်း ပေးခြင်း ငွေကြေးထောက်ပံ့ပေးခြင်း၊ ပြည်ပ မီဒီယာတွေနဲ့ချိတ်ဆက်ပြီး တပ်မတော်အပေါ် နိုင်ငံတကာနှင့် ပြည်သူလူ ထုမှ အထင်အမြင်လွဲမှားစေဖို့ မဟုတ်မမှန် လုပ်ကြံဝါဒဖြန့်ခြင်း၊ မုံးကိုးတိုက်ပွဲဖြစ်စဉ် မတိုင်မီနဲ့ တိုက်ပွဲကာလ အတွင်း KIA အဖွဲ့နဲ့ အကြိမ်ကြိမ် ဆက်သွယ်ဆောင်ရွက်ခဲ့သူဖြစ်ပြီး ဦးလန်ဂျော်ဂမ်ဆိုင်း ကတော့ KIO အတွက် လူသစ်စု ဆောင်းပေးတာ စက်သုံးဆီတွေ သယ်ယူပို့ဆောင် အကူညီပေးဆောင်တဲ့သူလို့ စစ်ဆေးတွေ့ရှိရတယ်လို့ တပ်မတော် ဘက်ကသတင်းထုတ်ပြန်ထားပါတယ်။

ဦးဒွမ်ဒေါ့နောင်လတ်နဲ့ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးကို ဖမ်းဆီး ထိန်းသိမ်းထားတဲ့ဖြစ်စဉ်အပေါ် မူဆယ် မြို့မရဲစခန်းမှူး ဒုရဲမှူး အေးမြင့်က အခုလိုပြောပါတယ်။

" ဒီသင်းအုပ်ဆရာနှစ်ယောက်ကတော့ တပ်မတော်ကနေ စစ်ဆေးနေတယ်လို့ပဲ သိရတယ်။ သူတို့က ရှမ်းမြောက်ဒေသ အကြမ်းဖက်မှုဖြစ်စဉ်များမှာ အကြမ်းဖက်သောင်းကျန်းသူများအတွက် ငွေကြေးအထောက်အပံ့အကူအညီပေးတယ်။ သတင်းပေးတယ်။ လူသစ်စုဆောင်းပေးတယ်။ မဟုတ်မမှန် ဝါဒဖြန့်ချီခဲ့သူနှစ်ဦးလို့ အဲ့လိုတော့ ဆိုထားတယ်။ ထုံးစံအတိုင်းကတော့ တရားဥပဒေအရ ဆက်လက်အရေးယူဆောင်ရွက်မယ်ဆိုရင်တော့ သက်ဆိုင်ရာ ရဲစခန်းအပိုင်ကို စနစ်တကျ လွှဲပြောင်းအပ်နှံရမှာပါ။ "

သက်ဆိုင်ရာတပ်မတော်ဘက်က စစ်ဆေးမေးမြန်းပြီးရင် သက်ဆိုင်ရာရဲဌာနဆီ စနစ်တကျအပ်နှံ သွားဖို့ အစီအစဉ်ရှိ တယ်လို့လဲ ဒုရဲမှူး အေးမြင့်ကပြောပါတယ်။

မုံးကိုးမြို့ခံတဦးကတော့ အဖမ်းဆီးခံရတဲ့သင်းထောက်ဆရာနှစ်ဦးဟာ တပ်မတော် စွပ်စွဲသလိုမဟုတ်ဘဲ မြို့ခံလူကြီး လူကောင်းဖြစ်တယ်လို့ဆိုပါတယ်။

"သူတို့က အဲ့လိုမျိုးတွေ မဟုတ်ပါဘူး။ တကယ့်တစ်ယောက်ဆိုရင်တော့ ဘုရားကျောင်းရဲ့ မုံးကိုးမြို့ရဲ့ တကယ့်မြို့မိမြို့ဖပါ။ လူကြီးလူကောင်းပါ။ တယောက်ကလည်း ဆရာပါပဲ။ ကျနော်တို့အသင်းတော်မှာ ကောင်းကောင်းမွန်မွန် လူငယ်တွေကိုလည်း တကယ့် ဘာသာတရားတွေကို ကောင်းကောင်းမွန်မွန် စည်းရုံးတဲ့ တရားဟောတဲ့ဆရာပါ။ သူတို့က တကယ် လူကြီးလူကောင်းတွေဖြစ်ပါတယ်။"

တပ်မတော်ကနေဖမ်းဆီးထားတဲ့ သင်းထောက်ဆရာတွေဟာ မုံးကိုးဒေသကို သွားရောက်ခဲ့ကြတဲ့ သတင်းဌာန အသီးသီးက သတင်းထောက်တွေ နဲ့ ပြည်တွင်းပြည်ပသတင်းဌာနတွေကို တိုက်ပွဲဖြစ်ပွားချိန်အခြေအနေတွေနဲ့ ဘာကြောင့် ပျက်စီးခဲ့တယ်ဆိုတဲ့ အခြေအနေမှန်ကို ရှင်းလင်းပြောဆိုခဲ့သူတွေဖြစ်ပါတယ်။

သတင်းမီဒီယာတွေကို ဖြေကြားကူညီခဲ့တဲ့ မုံးကိုးသင်းထောက်ဆရာနှစ်ဦးကို ဖမ်းဆီးခဲ့တဲ့ကိစ္စရပ်အပေါ် စိုးရိမ်မကင်း ဖြစ်ရတယ်လို့ BNIခေါ် နိုင်ငံတကာမြန်မာသတင်းဒါရိုက်တာစိုင်းမိန်းကပြောပါတယ်။

မုံးကိုးမြို့ကသင်းထောက်ဆရာ ဦးဒွမ်ဒေါ့နောင်လတ်နဲ့ ဦးလန်ဂျော်ဂမ်ဆိုင်းတို့နှစ်ဦးကို ဥပဒေလုပ်ထုံး၊ လုပ်နည်းတွေ အညီ အသေးစိတ် စိစစ် မေးမြန်းဆောင်ရွက်ခြင်း၊ စစ်ကြောချက်တွေကို အတည်ပြုခြင်းများကို အချိန်ယူလုပ်ဆောင် နေပြီး ဆက်လက်အရေးယူ ဆောင်ရွက်နိုင်ရေးအတွက် သက်ဆိုင်ရာရဲစခန်းကို စနစ်တကျ လွှဲပြောင်းအပ်နှံ သွားမှာဖြစ်ကြောင်းနဲ့ တပ်မတော်စစ်ကြောင်းတွေအနေနဲ့ လက်နက်ကိုင်တပ်ဖွဲ့တွေရဲ့အမာခံတွေကို ထပ်မံဖမ်းဆီး ရမိရေးနဲ့ ဒေသတည်ငြိမ် အေးချမ်းရေးအတွက် ဆက်လက်စိစစ် ဖော်ထုတ်ဆောင်ရွက်နေတယ်လို့လဲ တပ်မတော် ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ မနေ့ကသတင်းထုတ်ပြန်ထားပါတယ်။

၂၀၁၆ခုနှစ်နိုဝင်ဘာ(၂၀)ရက်နေ့ကစပြီး ရှမ်းပြည်နယ် အရှေ့မြောက်ပိုင်းဒေသဘက်မှာ မြန်မာ့တပ်မတော်နဲ့ မြောက် ပိုင်းမဟာမိတ်တပ်ပေါင်းစု(KIA၊ TNLA၊ MNDAA၊ AA) တို့အကြားဖြစ်ပွားတဲ့ တိုက်ပွဲတွေအနက် မုံးကိုးဒေသမှာ အပြင်း ထန်ဆုံးဖြစ်ပွားခဲ့သလို ဒီတိုက်ပွဲကြောင့်သောင်းနဲ့ချီတဲ့ဒေသခံတွေစစ်ဘေးတိမ်းရှောင်နေခဲ့ရပြီး တိုက်ပွဲကာလအတွင်း လူနေအိမ်ခြေ စာသင်ကျောင်း ခရစ်ယာန်ဘုရားကျောင်းတွေ ပျက်စီးမှုတွေရှိခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG