သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်လက်ခံမှု ကန့်သတ်မယ့် Trump ပေါ်လစီ မြန်မာတွေစိုးရိမ်


သမ္မတ Donald Trump လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြဌာန်းချက်အသစ်တွေ ဗုဒ္ဓဟူးနေ့က ထုတ်ပြန်လိုက်တာမှာ မက္ကဆီကို နယ်စပ်မှာ တံတိုင်း တည်ဆောက်မယ့်ကိစ္စအပါအဝင် အမေရိကန်နိုင်ငံအတွင်း ဝင်ရောက်ခွင့်ပြုထားတဲ့ ဒုက္ခသည်တွေကို လတ်လော ဆိုင်းငံ့တာနဲ့ အရေအတွက် လျော့ချတာတွေ လုပ်ဆောင်မယ့် အစီအစဉ်တွေ ပါဝင်ပါတယ်။

ဒုက္ခသည်အရေး ဆောင်ရွက်သူတွေကတော့ ဒါဟာ ဒုက္ခသည်တွေအတွက် အခက်တွေ့စေနိုင်တဲ့ ပြဌာန်းချက်မျိုး ဖြစ်တယ်လို့ ထောက်ပြကြပါတယ်။ အပြည့်အစုံကိုတော့ ကိုဇော်ဝင်းလှိုင်က တင်ပြပေးပါမယ်။

လူဝင်မှုကြီးကြပ်ရေး ဆိုင်ရာ ပြုပြင်ပြောင်းလဲမှု လုပ်ဆောင်မယ့် သမ္မတရဲ့ အမိန့်ကြေညာချက်တွေကို သမ္မတ Donald Trump က လက်မှတ်ရေးထိုးလိုက်တာ ဖြစ်ပါတယ်။ သမ္မတ Trump လက်မှတ်ရေးထိုးလိုက်တဲ့ အမိန့်ကြေညာချက်နဲ့ ပတ်သက်လို့ ဗုဒ္ဓဟူးနေ့က ကျင်းပတဲ့ သတင်းစာရှင်းလင်းပွဲမှာ အိမ်ဖြူတော် ပြောခွင့်ရ Sean Spicer က အခုလို ရှင်းပြပါတယ်။

“သမ္မတအမိန့်ကတော့ နယ်စပ်နဲ့ လူဝင်မှုကြီးကြပ်ရေးအတွက် လုံခြုံရေး တိုးမြင့်လုပ်ဆောင်မဲ့ အချက်အဖြစ်ပြီး၊ ကာလရှည်ကြာဖြစ်နေတဲ့ နယ်စပ် လုံခြုံရေးပြဿနာတွေကို ကိုင်တွယ် ဖြေရှင်းမှာ ဖြစ်ပါတယ်။ ပထမဆုံးကတော့ အမေရိကန်တောင်ပိုင်း နယ်စပ်မှာ တံတိုင်းကြီး တည်ဆောက်ဖို့ပါဘဲ။ ဒုတိယအမိန့်ကတော့ - အမေရိကန်ပြည်တွင်း လုံခြုံရေး တိုးမြင့်ဖို့ ဖြစ်ပါတယ်။ လူဝင်မှုကြီးကြပ်ရေး ဥပဒေတွေကို ပိုတိတိကျကျ အရေးယူဆောင်ရွက်ဖို့ ရှိပြီး ဗဟိုအစိုးရ လက်အောက်ရှိ ဌာနတွေက ဒီဥပဒေတွေကို ခြွင်းချက်မရှိ ပြတ်ပြတ်သားသား လိုက်နာ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။”

အမေရိကန်- မက္ကဆီကို နယ်စပ်မှာ တည်ဆောက်မယ့် ကီလိုမီတာ ၃,၂၀၀ အရှည်ရှိတဲ့ ကုန်ကျစားရိတ် ၁၀ ဘီလီယံကျော်ကို အစပိုင်းမှာ အမေရိကန်နိုင်ငံသားတွေက ဆောင်တဲ့အခွန်နဲ့ ပထမ စိုက်ထုတ် သုံးစွဲမှာဖြစ်ပြီး နောက်ပိုင်းမှာ မက္ကဆီကိုနိုင်ငံက တနည်းနည်းနဲ့ ပြန်လည် ပေးဆပ်ရမယ်လို့ သမ္မတ Trump က ပြောထားတာ ဖြစ်ပါတယ်။

သမ္မတ Trump ဟာ အမိမြေလုံခြုံရေးဝန်ကြီးသစ် John F. Kelly ကို ဌာနနဲ့ မိတ်ဆက်ပေးတဲ့ အခမ်းအနားမှာ နယ်စပ်လုံခြုံရေးနဲ့ ပြည်တွင်း လုံခြုံရေးတို့အတွက် အရေးယူဆောင်ရွက်မှုရဲ့ အကျိုးရလဒ်တွေကို အခုလို ပြောကြားခဲ့ပါတယ်။

“နယ်နိမိတ်မပိုင်းခြားထားတဲ့ နိုင်ငံဟာ နိုင်ငံရဲ့ အင်္ဂါရပ်နဲ့ မညီပါဘူး။ ဒါကြောင့် ဒီနေ့ကစလို့ အမေရိကန်ပြည်ထောင်စု အနေနဲ့ သူ့နယ်နိမိတ်ကို ပြန်ထိန်းချုပ်မှာ ဖြစ်ပြီး နိုင်ငံသားတွေလက်ထဲ ပြန်အပ်မှာ ဖြစ်ပါတယ်။ ဒီနေ့ ကျနော် လက်မှတ်ရေးထိုးခဲ့တဲ့ သမ္မတအမိန့် ၂ ရပ်ဟာ လူအသက်ပေါင်း သောင်းနဲ့ချီ ကယ်တင်မှာ ဖြစ်သလို အလုပ်အကိုင် သန်းနဲ့ချီဖန်တီးပေးပြီး ဒေါ်လာ ဘီလီယံပေါင်းများစွာလဲ ဝင်စေမှာ ဖြစ်ပါတယ်။ ဒီအမိန့် နှစ်ရပ်ဟာ ကျနော်တို့ မဲဆွယ်လှုပ်ရှားစဉ်က လူဝင်မှုကြီးကြပ်ရေးနဲ့ ပတ်သက်ပြီး ပေးခဲ့တဲ့ ကတိတွေပါဘဲ။”

သမ္မတ Trump အစိုးရ အဆိုပြုလိုက်တဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ ပြုပြင် ပြောင်းလဲမှုတွေထဲမှာ မက္ကဆီကို နယ်စပ်မှာ တံတိုင်း တည်ဆောက်တာ၊ အမေရိကန်နိုင်ငံအတွင်း တရားမဝင် ဝင်ရောက်နေထိုင်သူတွေကို အကာကွယ် ပေးထားပြီး သူတို့ ဘယ်သူတွေ ဖြစ်တယ်ဆိုတာကို အစိုးရကို ထုတ်ဖော်ပြောဆိုဖို့ ငြင်းဆန်သူတွေကို ထိပ်တိုက် ရင်သွားမယ်ဆိုတဲ့ အချက် ၂ ရပ်အပြင် - တရားဝင် ဝင်ရောက်လာကြမယ့် ဒုက္ခသည်တွေကိုလည်း ၄ လ ဝင်ရောက်ခွင့် ဆိုင်းငံ့ထားတာအပြင် အရှေ့အလယ်ပိုင်း ဒေသ (၇) နိုင်ငံက လူတွေကို အမေရိကန်ပြည်ထောင်စုအတွင်း ဝင်ရောက်ခွင့် ရက် (၃၀) တားမြစ်ထားတာတွေလည်း ဆက်လက် လုပ်ဆောင်သွားမယ့် အစီအစဉ်တွေထဲမှာ ထည့်သွင်းထားပါတယ်။

ဒါ့အပြင် အမေရိကန်ပြည်ထောင်စုက နှစ်စဉ် လက်ခံနေတဲ့ ဒုက္ခသည်အရေအတွက် တသိန်းကျော် ဝန်းကျင်ကနေ ငါးသောင်းအထိ လျော့ချသွားမယ့် အစီအစဉ်ကို မကြာခင် ထုတ်ပြန်သွားဖို့ ရှိတယ်လို့ သိရပါတယ်။

Indiana ပြည်နယ်၊ Indianapolis မြို့မှာ အခြေစိုက်နေထိုင်ပြီး မြန်မာဒုက္ခသည်တွေအရေး ကူညီ ဆောင်ရွက်ပေးနေတဲ့ ဒေါက်တာ Ro Dinga ကတော့ သမ္မတ Trump ရဲ့ ပေါ်လစီအသစ်ဟာ မြန်မာဒုက္ခသည်တွေအတွက် အလားအလာကောင်း မဟုတ်ဘူးလို့ သုံးသပ်ပါတယ်။

"တော်တော်လေးကို ထိခိုက်ပြီးတော့ အခက်အခဲ ကြုံသွားမယ်လို့ ကျနော်ထင်တယ်။ ဘာလို့လဲဆိုတော့ အမေရိကန်အစိုးရရဲ့ ပေါ်လစီအရ လုပ်ထုံးလုပ်နည်းအရ တနှစ်ကို ဘဏ္ဍာရေးနှစ် တနှစ်အတွက်ပဲ အမေရိကန်နိုင်ငံကို ဒုက္ခသည်တွေ ဝင်ခွင့်ပြုတာဖြစ်တယ်။ ၂၀၁၆ အောက်တိုဘာ ၁ ရက်ကနေ ၂၀၁၇ စက်တင်ဘာလကုန် ၃၀ ရက်နေ့အထိ အမေရိကန်အစိုးရအနေနဲ့က ဒုက္ခသည်တွေကို ၁ သောင်း ၄ ထောက် လက်ခံဖို့ သမ္မတ အိုဘားမားကနေ ပြီးခဲ့တဲ့နှစ် ၂၀၁၆ စက်တင်ဘာလထဲမှာ လက်မှတ်ထိုးပြီးသား ဖြစ်တယ်။ ဒါ အခု အသက်ဝင်နေတယ်ပေါ့။ အခု ကျနော်တို့ သတင်းကြားရတဲ့အတိုင်း အခု သမ္မတသစ် Trump ကနေ သမ္မတရဲ့အမိန့်နဲ့ လေးလ ပိတ်လိုက်တယ်ဆိုတဲ့အခါကျတော့ ဒါတွေအားလုံး ပထမအဆင့် ၄ လတော့ ဝင်လာလို့ မရတော့ဘူး။ မြန်မာပြည်ဒုက္ခသည်တွေ၊ ထိုင်း-မြန်မာနယ်စပ်၊ မလေးရှား၊ အိန္ဒိယပေါ့နော် အစရှိသဖြင့်။ နောက် အဲဒီ ၄ လ ကျော်သွားပြီရင်လည်း သမ္မတ အိုဘားမားလက်ထက်က ခွင့်ပြုထားတဲ့ ၁ သောင်း ၄ ထောင်ကို အများကြီး လျှော့ချနိုင်သေးတယ်။ မျှော်လင့်ချက်တော့ သိပ်ထားလို့ မရတော့ဘူးနဲ့ တူတယ်လို့ ကျနော်မြင်တယ်။"

၂၀၁၆ ခုနှစ်တုန်းကတော့ အမေရိကန်ပြည်ထောင်စုက ဒုက္ခသည် ၈၅,၀၀၀ လောက် လက်ခံခဲ့တာမှာ အဲဒီအထဲမှာ မြန်မာနိုင်ငံက ဒုက္ခသည် ၁၂,၀၀၀ ခန့်လည်း ပါဝင်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG