သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကုလထောက်ပံ့ငွေ လျှော့ချဖို့ Trump အစိုးရပြင်ဆင်


အမေရိကန်သမ္မတ အိမ်ဖြူတော်က မျှော်မှန်းထားတဲ့အတိုင်း သမ္မတ Donald Trump အစိုးရက အကောင်အထည်ဖော် လုပ်ဆောင်မယ်ဆိုရင် ကုလသမဂ္ဂအနေနဲ့ ကြီးမားတဲ့ ငွေကြေးဖြတ်တောက်ခံရမှုနဲ့ ရင်ဆိုင်ရနိုင်ပါတယ်။

သမ္မတ Trump က ဆောင်ရွက်နိုင်ခြေရှိတဲ့ မူကြမ်း ၂ ခုကို သူတို့ လက်ခံရရှိခဲ့ကြောင်း The New York Times သတင်းစာမှာ ဗုဒ္ဓဟူးနေ့က ဖော်ပြထားပါတယ်။ ပထမ မူကြမ်းကတော့ - ပါလက်စတိုင်း အစိုးရကို ကုလသမဂ္ဂ တင်းပြည့် အဖွဲ့ဝင်ဖြစ်ရေးအတွက် ထောက်ခံတဲ့ ကုလသမဂ္ဂလက်အောက်ခံ အေဂျင်စီတွေ၊ ပြည်ပမှာ ပဋိသန္ဓေဖျက်ချရေးအတွက် အထောက်အပံ့ ပေးနေတဲ့ ဌာနတွေ၊ ဒါမှမဟုတ် အီရန်နဲ့ မြောက်ကိုရီးယားအပေါ် ချမှတ်ထားတဲ့ ဒဏ်ခတ် ပိတ်ဆို့မှုကို ရှောင်နိုင်ရေးအတွက် အထောက်အကူပြုနေတဲ့ ကုလသမဂ္ဂနဲ့ ပတ်သက်နေတဲ့ ဌာနမှန်သမျှကို အမေရိကန်က ငွေကြေး ထောက်ပံ့မှု ဖြတ်တောက်သွားမှာ ဖြစ်ပါတယ်။

ဒါ့အပြင် နိုင်ငံတကာ အဖွဲ့အစည်းတွေကို အမေရိကန်ပြည်ထောင်စုက အထောက်အပံ့ပေးနေတာတွေကိုလည်း အနဲဆုံး ၄၀% လျှော့ချသွားရေးအတွက်လဲ မူကြမ်းထဲမှာ အဆိုပြုထားတယ်လို့ ဆိုပါတယ်။

ဒုတိယ မူကြမ်းကတော့ - နိုင်ငံပေါင်းစုံ သဘောတူညီချက်တွေကို ပြန်လည် သုံးသပ်ရေးအတွက် အဆိုပြုထားတာ ဖြစ်ပါတယ်။ အဲဒီအထဲမှာ အီရန်ရဲ့ နျူကလီးယားလက်နက် ထုတ်လုပ်မယ့်အစီအစဉ် ရပ်တန့်ရေးအတွက် အင်အားကြီးနိုင်ငံတွေနဲ့ ရရှိထားတဲ့ သဘောတူညီချက် ဖျက်သိမ်းရေးလည်း ပါဝင်ပါတယ်။ အီရန်နဲ့ ရရှိထားတဲ့ သဘောတူညီချက်ဟာ ညံ့ဖျင်းတဲ့ သဘောတူညီချက်ဖြစ်တယ်လို့ မစ္စတာ Trump က အရင်က ပြစ်တင် ရှုတ်ချထားတာ ဖြစ်ပါတယ်။

ဒုတိယ မူကြမ်းထဲမှာ မစ္စတာ Trump က အရင်က ဝေဖန်ခဲ့တဲ့ ပဲရစ် သဘောတူညီချက်လို့ခေါ်တဲ့ - ဥတုရာသီ ပြောင်းလဲမှု ဖြစ်ပေါ်နေတာကို ထိန်းချုပ်နိုင်မယ့် နိုင်ငံတကာ သဘောတူညီနဲ့ သက်ဆိုင်တဲ့ ကိစ္စရပ်လည်း ပါဝင်နိုင်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG