သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ Donald Trump ကျမ်းသစ္စာကျိန်ပွဲ မိန့်ခွန်းရဲ့ အီဒီယံအသုံးအနှုန်းများ


တိုက်ရိုက် လင့်ခ်


ဒီတပတ် English American Style Idioms ကဏ္ဍမှာ အမေရိကန်နိုင်ငံရဲ့ (၄၅) ဦးမြောက် သမ္မတ Donald Trump ဇန်နဝါရီလ (၂၀) ရက်နေ့က ကျမ်းသစ္စာကျိန်ပွဲမှာနိုင်ငံကို ပြောကြားတဲ့မိန့်ခွန်းမှာ သုံးနှုန်းခဲ့တဲ့ အီဒီယံအသုံးတချို့ ဖြစ်တဲ့ Get the job done, Let you down, Speak one’s mind, Think big, All talk and no action နဲ့ Empty talk တို့ကို တင်ပြထားပါတယ်။

(၁) Get the job done

Get (တခုခုကို ဖြစ်အောင်လုပ်တာ)၊ the job (အလုပ်)၊ done (ပြီးစီးအောင်လုပ်တာ) ဖြစ်ပြီး၊ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အလုပ်ကို ပြီးစီးအောင်လုပ်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ လုပ်ရမယ့်တာဝန်၊ လုပ်ရမယ့်အလုပ်ကို အောင်မြင်ပြီးစီးအောင်၊ မဖြစ်ဖြစ်အောင်လုပ်တာကို ဆိုလိုတာ ဖြစ်ပါတယ်။ သမ္မတထရမ့် သူ့မိန့်ခွန်းမှာ သုံးနှုန်းခဲ့တာကို လေ့လာကြည့်ရအောင်ပါ။

We will face challenges, we will confront hardships, but we will get the job done.
ကျနော်တို့အနေနဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ရမယ်။ အခက်အခဲတွေကို ကြုံတွေ့ရမယ်။ ဒါပေမဲ့ လုပ်ရမယ့်အလုပ်ကိုတော့ မဖြစ်မနေ ပြီးစီးအောင်လုပ်ကြမှာဖြစ်ပါတယ်။

(၂) Let you down

Let (တခုခုကို ဖြစ်စေတာ)၊ you (သင်)၊ down (အောက်) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ သင့်ကို အောက်ကိုချလိုက်တာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်က လူတဦးဦးကို စိတ်ပျက်အောင်လုပ်တာ၊ လုပ်ပေးပါမယ်လို့ ကတိပေးထားပေမယ့် တကယ်မလုပ်ပေးတာ၊ လူတဦး မျှော်လင့်ထားတာ ဖြစ်မလာဘဲ၊ စိတ်ဓါတ်ကျစေတာ၊ တခုခုနဲ့ ပတ်သက်လို့ ပြောတဲ့အတိုင်း မလုပ်တဲ့အတွက် အားမကိုးရတာ၊ စိတ်မချရတာမျိုးကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတထရမ့် ပြောခဲ့တာကို လေ့လာကြည့်ရအောင်ပါ။

I will fight for you with every breath in my body and I will never ever let you down.
ကျနော့်အနေနဲ့ အသက် ရှိနေသရွေ့ နိုင်ငံအတွက် ရုန်းကန်ပေးသွားမှာဖြစ်ပြီး ၊ နိုင်ငံကို စိတ်ဓါတ်ကျအောင်ဘယ်တော့မှလုပ်မှာမဟုတ်ပါဘူး။

(၃) Speak one’s mind

Speak (ပြောတာ)၊ one’s mind (လူတဦးရဲ့အတွေး) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်ကတော့ လူတဦးရဲ့အတွေးတွေထဲမှာ ရှိတာကို ပြောတာ ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ ကိုယ့်စိတ်ထဲမှာ ခံစားရတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောတာ ဖြစ်ပါတယ်။ တနည်းတော့ ရင်ထဲမှာမထားဘဲ ကိုယ်ခံစားရတာကို ထုတ်ပြောတာ ဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတထရမ့် ပြောဆိုခဲ့တာကို လေ့လာကြည့်ရအောင်ပါ။

We must speak our minds openly, debate our disagreements honestly, but always pursue solidarity.
ကျနော်တို့အနေနဲ့ စိတ်ထဲရှိတာကို ပွင့်ပွင့်လင်းလင်း ထုတ်ပြောကြရမယ်။ မတူတာတွေကို စေတနာအရင်းမှန်နဲ့ အချေအတင် ဆွေးနွေးကြရမယ်။ ဒါပေမဲ့ သွေးစည်းခိုင်မာမှု ရှိဖို့ကတော့ အမြဲကြိုးစားသွားရမှာ ဖြစ်ပါတယ်။

(၄) Think big

Think (စဉ်းစားတာ)၊ big (ကြီးမားတာ) ဆိုတော့ စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ကြီးကြီးမားမား စဉ်းစားတာ ဖြစ်ပါတယ်။ ဒီအသုံးရဲ့ အီဒီယံအဓိပ္ပါယ်ကတော့ မျှော်မှန်းချက်ထားရာမှာ မြင့်မားဖို့၊ ကိုယ့်ရှေ့ရေးအတွက် ရည်ရွယ်ချက် ကြီးမားဖို့ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒီ အီဒီယံအသုံးနဲ့ ပတ်သက်လို့ သမ္မတထရမ့် ပြောဆိုခဲ့တာကို လေ့လာကြည့်ရအောင်ပါ။
Finally, we must think big and dream even bigger.

နောက်ဆုံးပြောချင်တာက ကျနော်တို့အနေနဲ့ စဉ်းစားတွေးခေါ်ရာမှာအမျှော်အမြင်ကြီးမားဖို့လိုသလို၊ ဖြစ်ချင်တာကိုရည်မှန်းရာမှာလဲ ပိုလိုတောင် မြင့်မြင့်မားမား မှန်းကြရမှာ ဖြစ်ပါတယ်။

(၅) All talk and no action

All talk (အပြောချည်းသက်သက်)၊ no action (လက်တွေ့ဖော်ဆောင်မှုမရှိတာ) ဖြစ်ပြီး စကားစုတစုလုံးရဲ့ တိုက်ရိုက်အဓိပ္ပါယ်က အပြောကြီးသက်သက်ဖြစ်ပြီး လက်တွေ့မလုပ်ဆောင်တာမျိုး ဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကလည်း သိပ်မကွာလှပါဘူး။ စကားတွေချည်းပြော၊ ကတိတွေချည်းပေးပြီး လက်တွေ့ကျတော့ ဘာမှမလုပ်ပေးတာ၊ လေချည်းပဲ ပစ်ပြီး အကောင်အထည် ဖော်ပေးမှုမရှိတာ။ ကျမတို့ မြန်မာဘန်းစကားမှာတော့ အရွှီးကောင်းပြီးတော့ လက်တွေ့မှာတော့ ဘာမှမဖြစ်လာတာကို ဆိုလိုတာဖြစ်ပါတယ်။ ဒီအသုံးနဲ့ ပတ်သက်လို့ သမ္မတထရမ့် ပြောခဲ့တာကို လေ့လာကြည့်ရအောင်ပါ။

We will no longer accept politicians who are all talk and no action.
လုပ်ပေးပါမယ်လို့ ကတိတွေပေး၊ အပြောကောင်းပြီး လက်တွေ့မှာတော့ ဘာမှ လုပ်ပေးခြင်းမရှိတဲ့ နိုင်ငံရေးသမားတွေကို ကျနော်တို့ လက်ခံတော့မှာ မဟုတ်ဘူး။

(၆) Empty talk

Empty (ဗလာ၊ ဘာမှမရှိတာ)၊ talk (ပြောဆိုစကား) ဆိုတော့ စကားစုတစုရဲ့ တိုက်ရိုက်အဓိပ္ပါယ်က ပြောတဲ့စကားတွေက ဗလာစကားဖြစ်ပါတယ်။ အီဒီယံသွယ်ဝိုက်အဓိပ္ပါယ်ကတော့ အဓိပ္ပါယ်မရှိ လေးနက်မှုမရှိတဲ့ စကားမျိုး၊ အကျိုးမရှိတဲ့စကားမျိုး၊ လေလုံးထွား ဖြီးဖြန်းတဲ့စကားမျိုး၊ စကားအပိုတွေ ပြောတာကို ဆိုလိုတာ ဖြစ်ပါတယ်။ ကျမတို့မြန်မာဘန်းစကားမှာအရေမရအဖတ်မရစကားတွေလို့ဆိုရမှာပါ။ Empty Talk အသုံးကို သမတထရမ့် သူ့မိန့်ခွန်းမှာ ပြောခဲ့တာကိုလေ့လာကြည့်ရအောင်ပါ။

The time for empty talk is over.
အဓိပ္ပါယ်မရှိတဲ့ စကားမျိုးပြောတဲ့အချိန် မဟုတ်တော့ဘူး။

သမ္မတထရမ့်ရဲ့ကျမ်းသစ္စာကျိန်ဆိုပွဲ (Inauguration) မှာ ပြောကြားခဲ့တဲ့ မိန့်ခွန်းကနေ ကောက်နှုတ်တင်ပြခဲ့တဲ့ အီဒီယံအသုံးတွေကတော့ Get the job done, Let you down, Speak one’s mind , Think big, All talk and no action နဲ့ Empty talk တို့ဖြစ်ကြပါတယ်။

XS
SM
MD
LG