သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကြေးနီစီမံကိန်း ဒေသခံပိတ်ဆို့မှု လုံခြုံရေးပစ်ခတ်လူစုခွဲ


ကြေးနီစီမံကိန်း ဒေသခံတွေက ကားတွေကို ပိတ်ဆို့မှု လုံခြုံရေး ရဲတပ်ဖွဲ့တွေဘက်က ပစ်ခတ်လူစုခွဲ။
(မတ် ၂၄၊ ၂၀၁၇(
ကြေးနီစီမံကိန်း ဒေသခံတွေက ကားတွေကို ပိတ်ဆို့မှု လုံခြုံရေး ရဲတပ်ဖွဲ့တွေဘက်က ပစ်ခတ်လူစုခွဲ။ (မတ် ၂၄၊ ၂၀၁၇(

ဒေသခံတွေရဲ့ကန့်ကွက်မူတွေကြုံနေရဆဲဖြစ်တဲ့ စစ်ကိုင်းတိုင်း လက်ပန်းတောင်ကြေးနီ စီမံကိန်း အတွက် သွားတဲ့ကျောက်သယ်ဆောင်တဲ့ကားတွေကို ဒေသခံတွေက မတ်လ၂၄ရက်နေ့က တားဆီးမူတွေ လုပ်ခဲ့တာပါ။ အဲ့ဒီနောက် ဆားလင်းကြီးမြို့နယ် အထွေထွေ အုပ်ချုပ်ရေးမှူး က လာရောက်ဖြေရှင်းခဲ့ပေမဲ့ ပြေလည်မှုမရခဲ့ပဲ ညနေပိုင်း မှာတော့ ရဲတွေနဲ့ ဒေသခံတွေကြားမှာ တင်းမာမူတွေဖြစ်ခဲ့ပြီး သေနတ်နဲ့ ပစ်ခတ်မူတွေဖြစ်ပွားခဲ့တာကြောင့် ဒေသခံ ၁၀ဦးခန့် ဒဏ်ရာတွေရခဲ့ပါတယ်။ အသေးစိတ် ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာကသတင်းပေးပို့ထားပါတယ်။

စစ်ကိုင်းတိုင်းဆားလင်းကြီးမြို့နယ်ထဲက လက်ပံတောင်းတောင် ကြေးနီစီမံကိန်းကြေးနီ ကားတွေ ၊ လုပ်ငန်းခွင်သုံးကားတွေ၊ ကျောက်သယ်ဆောင်တဲ့ ကားတွေကို ဖေဖေါ်ဝါရီ ၂၁ရက်နေ့ကတည်း ဒေသခံတွေက တားဆီးထားပြီး ထွက်ခွာခွင့်မပေးတာကြောင့် တင်းမာမူတွေဖြစ်ရာကနေ အစိုးရပိုင်း က တာဝန်ရှိသူတွေက လာရောက် ညှိနှိုင်းပေးခဲ့ရတဲ့ အထိ တင်းမာမူဖြစ်ခဲ့တာပါ။ ဒါပေမဲ့လည်း ဒီပြသနာဟာ တလကျော်ကြာ တဲ့အထိ တိကျဖြေရှင်းပေးမှုတွေ မရှိတာကြောင့် ဆိုပြီး ဒေသခံတွေဟာ ကျောက် သယ်ဆောင်တဲ့ ကားတွေကို ထပ်မံတားဆီးမူတွေလုပ်ခဲ့ပါတယ်။

ဒီအတွက် မတ်လ၂၄ရက်နေ့မှာတော့ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး လာရောက်ဖြေရှင်းပေးခဲ့ပေမဲ့ ပြေလည်မှု မရပဲ ညနေပိုင်းမှာ သေနတ်နဲ့ ပစ်ခတ်မူတွေဖြစ်ပွားခဲ့ကြောင်း ဒေသခံတောင်သူတဦးကပြောပါတယ်။

" ညနေ ငါးနာရီလောက်မှာ ရဲတွေက ဒိုင်းတွေကာပြီး သေနတ်တွေပစ်ပြီး ကျောက်ကားတွေ မောင်းခိုင်းတယ်။ သေနတ်တွေနဲ့ ရာဘာကျည်သေနတ်တွေနဲ့ ဒေသခံတွေကို ပစ်တာ ဒေသခံ (၁၀) ဦးထက်မနည်း ဒဏ်ရာရတယ်။ ညနေငါးနာရီလောက်မှာ။ ဒဏ်ရာတွေက ရာဘာကျည်နဲ့ အနီးကပ်ပစ်တာဆိုတော့ ပေါက်ပြဲဒဏ်ရာတွေပေါ့။ အခုဆေးရုံတော့ မပို့ရဘူး။ ဆေးရုံပို့တယ်ဆိုရင် ဒေသခံတွေကို အန္တရာယ်ပြုမှာတွေ ဘာတွေ စိုးရိမ်လို့။"

ပြီးခဲ့တဲ့လတုန်းကတော့ ဒေသခံတွေနဲ့ စစ်ကိုင်းတိုင်းဝန်ကြီးချုပ် အပါအဝင် အစိုးရ အဖွဲ့ဝင့်က တွေ့ဆုံပြီးတဲ့နောက်မှာတော့ မြေယာနစ်နာကြေး မယူထားတဲ့ဒေသခံတွေအတွက် သီးနှံလျော်ကြေးတောင်းဆို တာတွေ ရှိပေမဲ့ တိကျတဲ့အဖြေတွေတော့ မရခဲ့ကြပါဘူး။ နောက်ပိုင်းမှာတော့ ကြေးနီကားတွေကို တားဆီးတဲ့ဒေသခံတွေကို တရားစွဲဆိုတာတွေ ရှိခဲ့ပါတယ်။

ဒီရက်ပိုင်းအတွင်းမှာပဲ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကနေ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးကို ထိခိုက်စေတယ်ဆိုပြီး မတ်လ ၂၂ ရက်နေ့ ရက်စွဲနဲ့ တားမြစ်မိန့်တခုကို ထုတ်ပြန်ခဲ့ရာမှာ လူနဲ့ယာဉ်တွေကိုတားဆီးတာ တွေ လူ၅ယောက်ထက် ပိုပြီး လမ်းလျောက်တာ စီတန်းလှည့်လည်တာ အော်ဟစ်ကြွေးကြော်ခြင်းတွေ မလုပ်ဖို့ တွေ ပါဝင်ပါတယ်။ ဒီလိုတွေလုပ်မယ်ဆိုရင် လုံခြုံရေး အာဏာပိုင်တွေက အင်အားသုံးဖမ်းဆီးပြီး တည်ဆဲဥပဒေအရေ အရေးယူတာတွေ လုပ်မယ်လို့ ထုတ်ပြန်ထားတာပါ။

မတ်လ၂၄ရက်နေ့မှာတော့ ကျောက်သယ်ကားတွေကို ဒေသခံတွေကို ထပ်မံတားဆီးမူတွေ ထပ်လုပ်ခဲ့တာကြောင့် ညနေပိုင်းမှာ လုံခြုံရေးရဲတွေက ပစ်ခတ်မူတွေဖြစ်ခဲ့ပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ ဆားလင်းကြီးမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူး ဦးအောင်မြင့်ထွန်းကို ဆက်သွယ်မေးမြန်းခဲ့တဲ့အခါမှာတော့ တာဝန်ခံဖြေကြားပေးခြင်းမရှိခဲ့ပါဘူး။

ဒေသခံတွေက ရွာတွေဖြတ်ပြီး မောင်းနှင်နေတဲ့ ကျောက်သယ်ကားတွေက စည်းကမ်းမဲ့ မောင်းနှင်မူတွေကြောင့် လူတွေနဲ့ တိရိစ္ဆာန်တွေကို ထိခိုက်တွေရှိနေတဲ့အတွက်ကြောင့် တားဆီးခဲ့ရတယ်လို့ ပြောပါတယ်။ ဒါပေမဲ့ ရွာသားတွေရဲ့အဓိကတောင်းဆိုချက်ကတော့ သီးနှံနစ်နာကြေးကိစ္စတွေနဲ့ စီမံကိန်းကို ကန့်ကွက်မူတွေသာဖြစ်ပါတယ်။

အရင်တုန်းကလည်း လက်ပံတောင်းဒေသမှာ အခုလိုမျိုး ပစ်ခတ်မူတွေ ရှိခဲ့တာကြောင့် ဒေသခံတောင်သူတဦးဖြစ်တဲ့ ဒေါ်ခင်ဝင်းသေဆုံးခဲ့ရပြီး တချို့ဒေသခံတွေလည်း သေနတ်ဒဏ်ရာတွေ ရခဲ့သူတွေလည်း ရှိခဲ့တာပါ။

ဖေဖေါ်ဝါရီ ၁၀ ရက်နေ့က (Amnesty International) က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ လက်ပံတောင်းကြေးနီစီမံကိန်းကြောင့် ထောင်နဲ့ချီတဲ့ မိသားစုတွေဟာ ဒီစီမံကိန်း တိုးချဲ့မှုနဲ့အတူ အိုးအိမ်ရွှေ့ပြောင်းရတာ၊ လယ်ယာဆုံးရှုံးရတာတွေ နဲ့လူအခွင့်အရေးချိုးဖောက်မူတွေရှိနေတယ်လို့ဖော်ပြထားတာပါ။

ဒီၤအတွက် လက်ပံတောင်းတောင် ကြေးနီသတ္တုတွင်း တူးဖေါ်ရေးလုပ်ငန်းကို ချက်ချင်း ရပ်ဆိုင်းပစ်ဖို့ အတွက် လူ့အခွင့်ရေးအဖွဲ့ကြီးက မြန်မာအာဏာပိုင်တွေကို တောင်းဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG