သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး ကုလ လူ့အခွင့်အရေးကောင်စီ ဆုံးဖြတ်ချက် မြန်မာအစိုးရ လက်မခံ


ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကျင်းပရာခမ်းမ။
ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က လူ့အခွင့်အရေးကောင်စီ အစည်းအဝေးကျင်းပရာခမ်းမ။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်က မွတ်ဆလင်တွေအပေါ်ပြင်းထန်တဲ့လူ့အခွင့်အရေးချိုးဖောက်မှု စွတ်စွဲချက်တွေအတွက် နိုင်ငံတကာစုံစမ်းစစ်ဆေးရေးအဖွဲ့ စေလွှတ်ဖို့ ကုလသမဂ္ဂရဲ့ လူ့အခွင့်အရေးကောင်စီက ဒီနေ့ ဆုံးဖြတ်လိုက်ပါတယ်။ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေက ဒီဆုံးဖြတ်ချက်ကို ကြိုဆိုလိုက်ပေမဲ့မြန်မာ အစိုးရဘက်ကတော့ ဒီ အချက်အလက်စုံစမ်းရေးကော်မရှင်ကို လာခွင့်ပြုနိုင်မှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ ဘာကြောင့်ပါလဲ။ ဒီအကြောင်း ကိုဝင်းမင်းက မေးမြန်းတင်ပြထားပါတယ်။

ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့က ဒီကနေ့ ကျင်းပတဲ့ လူ့အခွင့်အရေးကောင်စီ က မြန်မာနိုင်ငံမှာ ရိုဟင်ဂျာ မူဆလင်တွေအပေါ် သတ်ဖြတ်မှုတွေ အဓမ္မကျင့်မှုတွေနဲ့ နှိပ်စက်ညှင်းပမ်းမှုတွေ ရှိနေတယ်လို့ ကျယ်ကျယ်ပြန့်ပြန့် စွပ်စွဲမှုတွေ ထွက်ပေါ်နေတာ အတွက် အခုလို စုံစမ်းရေးကော်မရှင်လွှတ်ဖို့ နိုင်ငံအများစုမဲနဲ့ တခဲနက် ဆုံးဖြတ်လိုက်တာပါ။ နိုင်ငံတကာမှာ စိုးရိမ်မှု များလာနေတဲ့ ဒီပြသနာအပေါ် အခုလို ဆုံးဖြတ်လိုက်တာဟာ အထူးအရေးပါလို့ ကြိုဆိုတယ်လို့ HRW လို့ အတိုကောက်ခေါ်တဲ့ နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့ ဂျနီဗာအခြေစိုက် John Fisherက ဆိုလိုက်ပါတယ်။

"ကျွန်တော်တို့ ထင်ပါတယ်၊ ဒီနေ့ ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက ဆုံးဖြတ်လိုက်တာက ထူးခြားအရေးပါတဲ့ အဆင့်ပါ။ မြန်မာနိုင်ငံမှာ ဖြစ်နေတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ အထူးသဖြင့် ရခိုင်ဒေသမှာဖြစ်နေတာတွေအတွက် ကျူးလွန်သူတွေမှာ တာဝန်ခံမှုရှိလာနိုင်ရေးအတွက်ပေါ့၊ နိုင်ငံတကာ အချက်အလက်စုံစမ်းရေး ကော်မရှင်လွှတ်ဖို့ ဆုံးဖြတ်လိုက်တာပါ။"

ဒါပေမဲ့ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက အမြဲတမ်းအတွင်းဝန်ဦးကျော်ဇေယျကတော့ ဒီဆုံးဖြတ်ချက်မှာ သူတို့မပါပဲ ထွက်နေခဲ့ပြီး လက်မခံနိုင်ဘူးလို့ ဆိုလိုက်ပါတယ်။

" ဒီဆုံးဖြတ်ချက် ချပြီးကတည်းကနေ ကျနော်တို့တွေကနေ ကျနော်တို့ရဲ့ ရပ်တည်ချက်ကို ကျနော်တို့ ပီပီပြင်ပြင်ပြောခဲ့ပြီးပါပြီ။ ကျနော်တို့ကနေ ဒီဆုံးဖြတ်ချက်ကနေ dissociate ပေါ့လေ ကျနော်တို့တွေဟာ ဒီဆုံးဖြတ်ချက်မှာ ပါဝင်ပတ်သက်မှုရှိမှာမဟုတ်ဘူးဆိုပြီး ရပ်တည်ချက်ကို ကျနော်တို့ ပြောထားပြီးပါပြီ။ အလားတူ ကျနော်တို့ရဲ့ရပ်တည်ချက်ကို ထောက်ခံတဲ့နိုင်ငံတွေလည်း ရှိပါတယ်။"

မြန်မာ့အိမ်နီးချင်း တရုတ်နဲ့ အိန္ဒိယကပါ ဘေးထွက်နေခဲ့တဲ့ ဒီဆုံးဖြတ်ချက်ကို လက်မခံနိုင်တယ်လို့ပြောတာက အခုလွှတ်မယ့်စုံစမ်းရေးကော်မရှင်ကို မြန်မာပြည်ဝင်ခွင့် မပြုနိုင်ဘူးလို့ ဆိုလိုပါသလားလို့ မေးရာမှာ ဦးကျော်ဇေယျက-

" အဲ့ဒီ့တော့ အစကတည်းက ဒီဆုံးဖြတ်ချက်ကို ကျနော်တို့က ဒီဆုံးဖြတ်ချက်ကို လက်ခံမှာ မဟုတ်ဘူးလို့ တိတိကျကျ ပြောထားပြီးဖြစ်လို့ ဒီဆုံးဖြတ်ချက်ကနေ ထွက်ပေါ်လာတဲ့ အကျိုးဆက်တစုံတရာကို ကျနော်တို့ လက်ခံမှာမဟုတ်ပါဘူးခင်ဗျ။ အဲ့တော့ ဒီဟာနဲ့ပတ်သက်လို့ စေလွှတ်မယ်ဆိုလည်း လက်ခံမှာမဟုတ်ပါဘူး။"

အဲ့ဒီ့တော့ ဘာကြောင့်လက်မခံရပါသလဲလို့ ဆက်ပြီးမေးရာမှာ ဦးကျော်ဇေယျက ဆက်ပြီးတော့-

"ကျနော်တို့ရဲ့ ဆိုပါတော့ မြန်မာနိုင်ငံရဲ့ စုံစမ်းစစ်ဆေးရေးကော်မရှင်က ဘာမှ မလုပ်ရသေးဘူး။ ဒါကို လက်မခံဘူးလို့ပြောတဲ့ဟာမျိုး။ ကျနော်တို့မှာ လုပ်စရာရှိတာတွေက လုပ်တာကို လက်မခံတာဖြစ်တဲ့အတွက်ကြောင့် ကျနော်တို့ကလည်း သူတို့ဘက်က တဘက်သတ်လုပ်မယ့်ဟာကို လက်မခံဘူးလို့ ဆုံးဖြတ်ချက်ချတဲ့သဘောဖြစ်ပါတယ်။"

တကယ်တော့ မြန်မာအစိုးရအနေနဲ့ အစိုးရရဲ့ စုံစမ်းရေးကော်မရှင်ဖွဲ့ပြီး ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ ရခိုင်ပြည်နယ်က မူဆလင်တွေကို မေးမြန်းပြီးတော့ သြဂုတ်လမှာ အစီရင်ခံစာထုတ်ဖို့ရှိနေတယ်လို့ ဂျနီဗာအခြေစိုက် မြန်မာသံအမတ်ကြီး ဦးထင်လင်းကပြောခဲ့ပါတယ်။

ဒါပေမဲ့ HRW လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့က John Fisherက သူတို့မှာလည်း လူ့အခွင့်အရေးချိုးဖောက်မှုတွေ စုံစမ်းသိရှိထားတယ်။ ဒါကြောင့် ပို သမာသမတ်ကျတဲ့ လူ့အခွင့်အရေးအဖွဲ့ စုံစမ်းဖို့လိုနေတယ်လို့ဆိုပါတယ်။

"လူ့အခွင့်အရေးစောင့်ကြည့်ရေးအဖွဲ့အနေနဲ့ မြန်မာနိုင်ငံထဲမှာ အစီအစဉ်ရှိရှိ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိနေတာကို အထောက်အထားတွေ ရထားပါတယ်။ ဒီအထဲမှာ အိမ်တွေ၊ ရွာတွေကို မီးရှို့တာ၊ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်တာနဲ့ တရားလက်လွတ် သတ်ဖြတ်နေတာတွေ ပါနေပါတယ်။"

ပြီးခဲ့တဲ့လက ကုလသမဂ္ဂ က ထုတ်တဲ့ အစီရင်ခံစာထဲမှာတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားတဲ့ မူဆလင် ခုနှစ်သောင်းငါးထောင်ထဲက နှစ်ရာ့နှစ်ဆယ် ကို မေးမြန်းခဲ့ရာမှာ အများအပြား အဓမ္မအကျင့်ခံခဲ့ရတာ၊ အသတ်ခံခဲ့ရတာ ဒါကြောင့် လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ ရာဇဝတ်မှုနဲ့ လူမျိုးတုန်းသတ်ဖြတ်မှု တွေ အဆင့်အထိရောက်လာမှာကို စိုးရိမ်နေရတယ်လို့ ပြင်းပြင်းထန်ထန် ဖော်ပြခဲ့ပါတယ်။

အခုလို နိုင်ငံတကာမှာ အကြီးအကျယ်စိုးရိမ်လာတာကြောင့် မြန်မာအစိုးရအနေနဲ့ အခုစုံစမ်းရေးကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်လို့ HRW က John Fisherက ဆက်ပြောပါတယ်။

"ကျနော်တို့အနေနဲ့ မြန်မာနိုင်ငံက အဓိက တာဝန်ရှိသူတွေကို တောင်းဆိုလိုပါတယ်။ အရပ်သားအစိုးရရော၊ တပ်မတော်ရောပေါ့လေ၊ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်ဖို့ပေါ့၊ ဒီနေ့ ကုလသမဂ္ဂက ရှင်းရှင်းလေးနဲ့ တသံထဲ တောင်းဆိုလိုက်တယ်လေ။ အဲ့ဒီတော့ မြန်မာနိုင်ငံမှာ ရေရှည်ကြုံလာတဲ့ စိန်ခေါ်ချက်တွေကို ဖြေရှင်းနိုင်ဖို့ ဒီအချက်အလက် စုံစမ်းရေးကော်မရှင်နဲ့ ကုလသမဂ္ဂနဲ့ ပူးပေါင်းဆောင်ရွက်မှာလားဆိုတာ မြန်မာတာဝန်ရှိသူတွေ ဆုံးဖြတ်တဲ့ အပေါ်မူတည်ပါတယ်။"

အဲ့ဒီ့တော့ အခုလို နိုင်ငံတကာ စိုးရိမ်မှုအပေါ် ပြောင်းလဲလာတဲ့ မြန်မာ့ဒီမိုကရေစီ အစိုးရအနေနဲ့ ဘယ်လိုဖြေရှင်းသွားဖို့ရှိပါသလဲလို့မေးရာမှာ ဦးကျော်ဇေယျက-

" ကျနေ်ာတို့ လုပ်စရာရှိတာ လုပ်သွားမယ်။ ပြီးခဲ့တုန်းကဆိုရင် ကျနော်တို့ရဲ့ ဒေါက်တာကိုဖီအာနန်ရဲ့ အကြံပေးကော်မရှင်ရဲ့ အကြံပြုချက်တွေလည်း ထွက်လာတယ်။ ကျနော်တို့ကိုယ်တိုင် ဒါတွေကို ကြိုဆိုတယ်ဆိုတာ ထုတ်ပြန်ထားပြီးဖြစ်ပါတယ်။"

တကယ်တော့ ၄၇ နိုင်ငံပါဝင်တဲ့ ဒီလူ့အခွင့်အရေး ကောင်စီဆုံးဖြတ်ချက်မှာ မပါပဲ ဘေးထွက်နေခဲ့တဲ့တရုတ်နိုင်ငံကလည်း ဒီရခိုင်ပြည်က မူဆလင်ပြသနာက အချိန်ယူဖြေရှင်းရမယ်လို့ ဆိုထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG