သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLDအစိုးရတနှစ်ပြည့် ဒေါ်စုမိန့်ခွန်း တိုင်းရင်းသားခေါင်းဆောင်တချို့ဘဝင်မကျ


NLD အစိုးရတနှစ်ပြည့် ဒေါ်စုမိန့်ခွန်းပြောနေစဉ်။
NLD အစိုးရတနှစ်ပြည့် ဒေါ်စုမိန့်ခွန်းပြောနေစဉ်။

အစိုးရသက်တမ်း တနှစ်ပြည့်အထိမ်းအမှတ် ကြာသပတေးနေ့ညက ဒေါ်အောင်ဆန်းစုကြည်ပြောတဲ့ မိန့်ခွန်းအပေါ် ဘဝင်မကျလှသူတွေထဲမှာ တိုင်းရင်းသားနိုင်ငံရေးပါတီတွေက ခေါင်းဆောင်တွေလဲပါဝင်ပါတယ်။ အဲဒီထဲက ခေါင်းဆောင်တချို့ရဲ့ အမြင်သဘောထားတွေကို ဗွီအိုအေထိုင်းအခြေစိုက်သတင်းထောက် နိုင်ကွန်းအိမ်က ဆက်သွယ် မေးမြန်းပြီး တင်ပြထားပါတယ်။

အစိုးရအနေနဲ့ပြီးခဲ့တဲ့တနှစ်တာသက်တမ်းအတွင်း စီးပွားရေးနဲ့ပတ်သက်ပြီး ရှင်းလင်းတိကျတဲ့မူဝါဒတွေ အခုချိန်ထိ မရှိသေးဘူးလို့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီက ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရဲထွန်းက အခုလို ထောက်ပြပါတယ်။

" မရှိဘူးလို့ပဲပြောရမှာပေါ့လေ။ အမှန်ကတော့ ဒီစီးပွားရေးမူဝါဒနဲ့ပတ်သက်ပြီးတော့ ပါတီက ဆုံးဖြတ်ထားတဲ့ဟာရှိတယ်ဆိုရင်လည်း ဒေါ်အောင်ဆန်းစုကြည်တင် မကဘူးပေါ့နော် သူ့ရဲ့ ဝန်ကြီးအဖွဲ့ထဲက စီးပွားရေးဝန်ကြီး၊ ကုန်သွယ်ရေးဝန်ကြီး၊ စီမံဘဏ္ဍာဝန်ကြီးတွေ သူတို့တတွေက နားလည်ပြီးတော့ ဒီအပေါ်မှာ Apply လုပ်ရမှာပေါ့နော်။ ဒါကို လက်တွေ့အသုံးချရတာ ရှိရမှာပေါ့။ အခု အဲ့ဒီ့လိုမျိုးခ ျို့တဲ့နေတဲ့ အပြင် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင်ကလည်း အဲ့တာနဲ့ပတ်သက်ပြီးတော့ အာရုံစိုက်ပြောကြားတာ သိပ်မရှိလှဘူး။

စီးပွားရေးနဲ့ပတ်သက်ပြီးတော့ ဒေါ်အောင်ဆန်းစုကြည်က အောက်က ဝန်ကြီးတွေ၊ အစိုးရအဖွဲ့ဝင်တွေ ဘယ်လောက် လုပ်ပိုင်ခွင့်ပေးသလဲ။ အဲ့တာတွေလည်း နည်းနည်းတော့ ပြသနာရှိတယ်လို့ထင်တယ်။ စီးပွားရေးလုပ်တဲ့ အခုလုပ်ငန်းကြီးတွေ လုပ်တဲ့သူတွေ ဆိုရင် သူတို့လုပ်ငန်းတွေက ရပ်နေတယ် ရပ်နေတဲ့အခါကျတော့ ဒါတွေကို ဆက်ပြီးလုပ်ဖို့ တင်လိုက်လို့ရှိရင် မကျလာဘူး။ ဒါတွေကို သူတို့အနေနဲ့ အစိုးရဆီမှာလည်း တချို့ ရစရာရှိတဲ့ လုပ်ငန်းရှင်တွေက တင်ပြီဆိုလို့ရှိရင် အဖြေမရဘူးပေါ့နော်။

အစိုးရအနေနဲ့က စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် လုပ်တယ်ဆိုတာဟာ ပြည်သူလူထုဘက်မှာ အလုပ်အကိုင် အခွင့်အလမ်းတွေ အများကြီး ပေါ်လာပြီး လုပ်တာကိုင်တာရှိပြီး အလုပ်အကိုင်တွေပေါ လာပြီး ဝင်ငွေတွေ ဖန်တီးပေးရမှာ အဓိကဖြစ်တယ်ဆိုတာ နားမလည်တာပေါ့။ အဲ့တော့ အခုသူတို့လုပ်နေတာက ဘာလဲဆိုတော့ အခွန်များများကောက်ခံရမယ့်ကိစ္စ၊ အဲ့တော့ လုပ်ငန်းဖြစ်တာ မဖြစ်တာ အလုပ်အကိုင်ပေါတာ မပေါတာက အဓိက မဟုတ်ဘူး။ ငွေကို ဘယ်လိုရအောင်ကောက်မလဲဆိုတာ အာရုံစိုက်သလိုဖြစ်နေတယ်။ "

အခုအစိုးရသက်တမ်းအတွင်း လမ်းပန်းဆက်သွယ်ရေး ကောင်းမွန်လာတယ်လို့ ဒေါ်အောင်ဆန်းစုကြည်ကပြောပါတယ်။ ချင်းအမျိုးသားဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ပူးဇီုးဇမ်က ဒါကိုသဘောမတူဘဲ ချင်းပြည်နယ်အတွင်း လမ်းပန်းဆက်သွယ်ရေး အပိုင်းလုပ်ဆောင်တာမရှိခဲ့ဘူးလို့ဆိုပါတယ်။

"ဒေါ်စုကတော့ လမ်းပမ်းဆက်သွယ်ရေးအရမ်းကောင်းနေပြီပြောတယ်။ ဒါပေမဲ့ သူ့အစိုးရ တက်လာပြီးကတည်းက လုပ်တာ ကျနော် တခုမှ မတွေ့ဘူး ချင်းပြည်နယ်မှာ။ ဘာပဲပြောပြော အစိုးရဟောင်း ကျနော်တို့ ကြိုက်သော်ရှိ၊ မကြိုက်သော်ရှိ၊ လွှတ်တော်ဟောင်း နဲ့ အစိုးရဟောင်း စခဲ့တဲ့ လမ်းပမ်းဆက်သွယ်ရေးတွေ ဒါတွေက အခု ဆက်လုပ်နိုင်တဲ့ အခြေအနေရှိတယ်။ သူတို့စပေးခဲ့တဲ့ဟာ ရှင်းရှင်းပြောမယ်ဆိုရင် ချင်းပြည်နယ်မှာ NLD အစိုးရအနေနဲ့ ဘာတခုမှ မလုပ်ဘူးလို့ပဲ ပြတ်ပြတ်သားသား ကျနော်ပြောချင်တယ်။"

NLD ပါတီအနေနဲ့ ၂၀၁၅ ရွေးကောက်ပွဲအတွက် မဲဆွယ်ချိန်တုန်းက ပြောဆိုစည်းရုံးခဲ့တဲ့ထဲ ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်ဖို့ လုပ်သွားမယ်ဆိုတာလဲ အဓိကဦးတည်ချက်အနေနဲ့ ပါဝင်ပါတယ်။ အဲဒါကိုအခုချိန်ထိလက်တွေ့ အကောင် အထည် မဖော်နိုင်သေးဘူးလို့ ဖလုံစဝေါဒီမိုကရက်တစ်ပါတီ ဒုတိယဥက္ကဋ္ဌ မန်းအောင်ပြည်စိုးကဆိုပါတယ်။

" ကျနော်တို့ပြည်သူတွေ ဒေါ်အောင်ဆန်းစုကြည်တို့ပါတီကို အောတိုက်မဲပေးလိုက်တာက အထူးသဖြင့် ဒီ ၂၀၀၈ ဥပဒေကို ပြင်ဆင်နိုင်မယ်ဆိုတဲ့ မျှော်လင့်ချက်နဲ့ ကျနော်တို့ တိုင်းရင်းသားပါတီတွေ အထူးသဖြင့် မွန်နဲ့ရှမ်းနဲ့ ရခိုင် တိုင်းရင်းသားပါတီတွေကလွဲရင် ခွက်ခွက်လန် ရှုံးတာက ဒီ ၂၀၀၈ ကို မပြင်နိုင်လောက်ဘူးဆိုတဲ့ ယူဆချက်နဲ့ ပြည်သူတွေက မဲမပေးဘူး။ NLD ကိုပဲ မဲပေးခဲ့တယ်။ NLD ကလည်း ပြင်ပေးမယ် ဆိုပြီးတော့ အခု လေသံလည်း မဟတော့ဘူး။ တခုမှ ပြင်ပေးတာလည်း မရှိဘူး။ အထူးသဖြင့်ကတော့ တိုင်းရင်းသားတွေအတွက် ဘာတခွန်းမှကို လေသံမဟဘူး။"

မွန်အမျိုးသားပါတီ ဒုတိယဥက္ကဋ္ဌနိုင်ငွေသိန်းကတော့ အမျိုးသားရင်ကြားစေ့ရေးနဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှု အပိုင်း တွေမှာ အားနည်းတယ်လို့ ဝေဖန်ပါတယ်။

" အားရစရာအကြောင်းတော့ မရှိဘူးပေါ့။ အဓိက ကတော့ ငြိမ်းချမ်းရေး ၂၁ရာစု ပင်လုံညီလာခံကတော့ သိတဲ့အတိုင်းပါပဲ၊ ပထမလုပ်သွားတဲ့အခြေအနေကတော့ ကိုယ့်မူဝါဒ ကိုယ့်အကြောင်း ကိုယ်ပြောပြီး ပြီးသွားတာပဲ။ ဘာဆုံးဖြတ်ချက်မှ မရောက်ခဲ့ဘူး ပြီးတဲ့အခါကျတော့ တဘက်က ငြိမ်းချမ်းရေးဆိုပေမဲ့လို့လည်း တဘက်က စစ်တိုက်နေတယ် ဆိုတော့ ဒေါ်အောင်ဆန်းစုကြည်က စစ်နဲ့ပတ်သက်တာက ဘာမှလည်း ပြောဆိုမှု မရှိဘူး ဆိုတာက ဒါက လုံးဝ တိုင်းရင်းသားတွေ အတွက် တော်တော်လေး သံသယဖြစ်စရာ ဖြစ်နေတာပေါ့။ ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်နဲ့က တစိတ်တည်း တညဏ် တည်းဖြစ်နေ ပြီးတော့ ငြိမ်းချမ်းရေးရဖို့အတွက် အတော်လေး ခဲယဉ်းမယ်ဆိုတဲ့ အနေအထားရှိတယ်။"

မနေ့က ဒေါ်အောင်ဆန်းစုကြည်ရဲ့နောက်ဆက်တွဲ မိန့်ခွန်းထဲမှာ NCA လက်မှတ်မရေးထိုးနိုင်သေးတဲ့ UNFC အဖွဲ့ဝင် ၅ ဖွဲ့ဖြစ်တဲ့ မွန်ပြည်သစ်ပါတီ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ KNPP၊ ၀ အမျိုးသားအဖွဲ့ WNO၊ ရခိုင် အမျိုးသား ကောင်စီ ANC၊ လားဟူဒီမိုကရက်တစ်ပါတီတို့ကနေ NCA ကို လက်မှတ်ရေးထိုးတော့မယ် လို့ ပြောဆိုခဲ့သလို နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာနကပါ ကြေညာချက်ထုတ်ပြန်ခဲ့တာပါ။ အဲဒီအပေါ် UNFC တာဝန်ရှိသူတွေက ငြင်းထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်ကိုဖေါ်ဆောင်နေတဲ့ ငြိမ်းချမ်းရေးကော်မရှင်ဆီမှာ နောက်ဆုံး အတည်ပြုချက်ရယူုပြီးမှ ထုတ်ပြန်သင့်တယ်လို့လဲ တိုင်းရင်းသားနိုင်ငံရေးပါတီခေါင်းဆောင်တွေကဝေဖန်နေကြပါတယ်။

NLDအစိုးရသက်တမ်း တနှစ်တာကာလအတွင်း ပြည်သူလူထုကို ဖိနှိပ်ရာရောက်တဲ့ ဥပဒေတချို့ကို ဖယ်ရှားနိုင်ခဲ့တာ မြေယာသိမ်းဆည်းမှုပြဿနာကို အနည်းငယ်ဖြေရှင်းပေး နိုင် တာကလွဲရင် တိုးတက်ဖွံ့ဖြိုးမှု ပြောင်းလဲလာမှုတွေ တုန့်ဆိုင်း နေတယ်လို့လဲ တိုင်းရင်းသားနိုင်ငံရေးပါတီတွေကရှုမြင်နေကြသလို NLDအနေနဲ့ ရှေ့ဆက်နိုင်ငံ တိုးတက်အောင် လုပ် ဆောင်နိုင်လိမ့်မယ်လို့ မျှော်လင့်သူတွေလဲ ိရှိနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG