သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံရေးပါတီတရပ်ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေး


 နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ။
နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ။

နိုင်ငံရေးပါတီဖြစ်မြောက်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းတော့မယ်လို့ ရန်ကုန်မြို့မှာ ၂ ရက်တာ ကျင်းပခဲ့တဲ့ နိုင်ငံရေးပါတီ တစ်ရပ် ပေါ်ထွန်းလာရေး တွေ့ဆုံဆွေးနွေးပွဲ ဒုတိယနဲ့ နောက်ဆုံးရက်မှာ ဆွေးနွေးပွဲဖြစ်မြောက်ရေးကော်မတီက သတင်းထုတ် ပြန်ပါတယ်။ အပြည့်အစုံကိုတော့ ဆွေးနွေးပွဲအပြီး သောကြာနေ့က ရန်ကုန်မြို့ ကုန်သည်များနဲ့ စက်မှုအသင်းချုပ် UMFCCI မှာ လုပ်တဲ့ သတင်းစာရှင်းလင်းပွဲကို ကိုယ်တိုင် သွားရောက်ခဲ့တဲ့ ဗွီအိုအေမြန်မာပိုင်းသတင်းထောက် ကိုထက်အောင်က တင်ပြပေးမှာပါ။

နိုင်ငံရေးပါတီတစ်ရပ် ပေါ်ထွန်းလာရေးအတွက် ကျောင်းသား ခေါင်းဆောင်ဟောင်းတွေ၊ နယ်ပယ်အသီးသီးက တတ်သိပညာရှင် တွေနဲ့ နိုင်ငံရေးကို စိတ်ဝင်စားကြတဲ့ အနယ်နယ် အရပ်ရပ်က လူပုဂ္ဂိုလ်တွေ ဆွေးနွေးကြပြီးတဲ့နောက် နိုင်ငံရေးပါတီ ဖြစ်မြောက် ရေး ကော်မတီကို ဖွဲ့စည်းသွားမယ်လို့ ပြောလိုက်တာပါ။ ဒီဖြစ်မြောက်ရေးကော်မတီမှာ နိုင်ငံရေးလောကကသာမက အတတ် ပညာရှင် အသိပညာရှင်တွေ ပါဝင်ဖို့ကိုပါ ဖိတ်ခေါ်သွားမယ်လို့ ၈၈ မျိုးဆက်တစ်ဦးဖြစ်တဲ့ ဦးသက်ထွန်းက ပြောပါတယ်။

"ဖြစ်မြောက်ရေးကော်မတီအနေနဲ့ဆိုရင်တော့ အခြေခံအားဖြင့် စတင်ပြီးတော့ စည်းရုံး လှုပ်ရှားကြတာက ကျောင်းသားမျိုးဆက်တွေလို့ပြောလို့ရတယ်။ ဒါပေမဲ့ နိုင်ငံရေးပါတီ တရပ်ပေါ်ထွန်းလာဖို့ ဆိုတဲ့ဥစ္စာကတော့ ပညာရှင်တွေ လိုအပ်ပါတယ်။ အတတ်ပညာပိုင်း ဆိုင်ရာ အသိပညာပိုင်းဆိုင်ရာ ပညာရှင်တွေ အကုန်လိုအပ်ပါတယ်။ အဲ့ဒီ့အတွက်လည်း စတင်ဆွေးနွေးပွဲ လုပ်စကတည်းကလည်း ဖိတ်ခေါ်ထားပါတယ်။ ပါတီတရပ် ထူထောင်ဖို့အတွက်ကို အဲ့လိုပညာရှင်တွေကို ဝင်ရောက်ပြီးတော့ အကြံဉာဏ်ပေးဖို့ ကူညီဖို့ ဖိတ်ခေါ်မှာလည်းဖြစ်သလို ဒီပါတီမှာလည်း ဝင်ရောက်ဆောင်ရွက်ဖို့ ဖိတ်ခေါ်ထားပါတယ်။"

ရန်ကုန်မြို့မှာ မတ်လ ၃၀ နဲ့ ၃၁ ရက်နေ့ ၂ ရက်လုပ်ခဲ့တဲ့ ဒီဆွေးနွေးပွဲမှာ နိုင်ငံရေး စီးပွားရေး မူဝါဒနဲ့ တိုင်းရင်းသား တန်းတူရေးနဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စုပေါ်ပေါက်ရေး၊ အရပ်ဖက် စစ်ဘက် ဆက်ဆံရေး နိုင်ငံသား အခွင့်အရေး ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မျှတပြီး ရေရှည် တည်တံ့တဲ့ ဖွံဖြိုးတိုးတက်မှု၊ လူမှုရေးနဲ့ သဘာ၀ ပတ်ဝန်းကျင်ဆိုင်ရာ တရားမျှတမှု အပါအဝင် ကျားမ အခွင့်အရေး တန်းတူရေးနဲ့ အမျိုးသမီးနဲ့ ကလေးသူငယ်အခွင့်အရေးတွေနဲ့ ပတ်သက်လို့ အကြံပြုချက်တွေကို ဆွေးနွေးခဲ့ကြတာပါ။

ဒီဆွေးနွေးပွဲကနေ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေးပါတီတစ်ရပ်ကို ဖွဲ့စည်းသွားမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တစ်ရပ်ကို ချလိုက်နိုင်တာပဲ ဖြစ်တယ်လို့ ၈၈ မျိုးဆက်တစ်ဦးဖြစ်တဲ့ ဦးမင်းဇေယျက ပြောပါတယ်။

" ဒီတွေ့ဆုံဆွေးနွေးပွဲရဲ့ အဓိက အောင်မြင်မှု ရလဒ်က ဘာလဲဆိုတော့ နိုင်ငံရေးပါတီ တရပ်ကို ဖွဲ့စည်းရမယ်ဆိုတဲ့ ဆုံးဖြတ်ချက်တခုကို ချလိုက်နိုင်တဲ့အဆင့်ကို ရောက်သွားတာပါ။"

ဖွဲ့စည်းဖို့လုပ်နေကြတဲ့ ဒီနိုင်ငံရေးပါတီမှာ တိုင်းရင်းသား တန်းတူ ညီမျှရေးနဲ့ ဖယ်ဒရယ် ဒီမိုကရေစီပြည်ထောင်စု ပေါ်ပေါက်ရေး ကို ဦးစားပေးလုပ်ဆောင်သွားမှာဖြစ်သလို နိုင်ငံစီးပွားရေးကိုလည်း အာရုံစိုက် လုပ်ဆောင်သွားမယ်လို့ ၈၈ မျိုးဆက်တစ်ဦး ဖြစ်တဲ့ ဦးကိုကိုကြီးကပြောပါတယ်။

ဒါ့အပြင် ဒီနိုင်ငံရေးပါတီကို ဘယ်လိုပုံဖွဲ့စည်းသွားမယ်ဆိုတဲ့ အခြေခံစဉ်းစားချက်ကိုလဲ ဦးကိုကိုကြီးက အခုလိုပြောပါတယ်။

" ပြည်သူတွေအနေနဲ့ မျှော်လင့်နိုင်တာက အခုဖွဲ့လာမယ့် နိုင်ငံရေးပါတီဟာ အပေါ်ကနေ အောက်ကိုသွားတာမဟုတ်ဘူး။ ကျနော်တို့စဉ်းစားထားချက်တွေရှိရင်တောင်မှ ကျယ်ကျယ်ပြန့်ပြန့် သဘောထားတွေ ရယူပြီးတော့ သွားတဲ့ နိုင်ငံရေးယဉ်ကျေးမှုကို စတင်မိတ်ဆက်တာဖြစ်တယ်လို့ ကျျနော် ဒါလေးပြောပြချင်ပါတယ်။"

ဒီဆွေးနွေးပွဲကို ဒေသအသီးသီး နယ်ပယ်အသီးသီး မျိုးဆက်အသီးသီးက နိုင်ငံရေးကို စိတ်ဝင်စားသူ ၅၀၀ နီးပါးလောက် တက်ရောက်ကြပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ်အပြင် နောက်ထပ် ခိုင်မာ အားကောင်းတဲ့ နိုင်ငံ ရေးပါတီတရပ် ထပ်ပေါ်လာဖို့ လိုနေပြီလို့ နိုင်ငံရေးစိတ်ဝင်စားသူတွေသာမက လေ့လာသုံးသပ်သူတွေကပါ ပြောထားကြတာပါ။ နိုင်ငံရေးပါတီဖွဲ့စည်းဖို့ လက်ရှိလုပ်နေသူတွေထဲမှာ ၈၈ လူထုအရေးတော်ပုံအတွင်း ထင်ရှားသူ ခေါင်းဆောင်တဦးဖြစ်တဲ့ ဦးပေါ်ဦး ခေါ် ဦးမင်းကိုနိုင်ကိုတော့ မတွေ့ရကြောင်းပါခင်ဗျား။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG