သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မွန်၊ ရှမ်းနဲ့ ကရင်ပြည်နယ်တွေက သင်္ကြန်ပွဲ


မွန်ရိုးရာသင်္ကြန်ပွဲတော်မြင်ကွင်း။
မွန်ရိုးရာသင်္ကြန်ပွဲတော်မြင်ကွင်း။

အတာကြူးတဲ့ လတန်ခူးဒီကနေ့သင်္ကြန်အကျနေ့မှာ မြန်မာနိုင်ငံအရပ်ရပ်မှာ ရေသဘင်ပွဲဆင်နွှဲနေကြသလို တိုင်းရင်းသားဒေသ တွေမှာလဲ ရိုးရာဓလေ့ထုံးစံအရ သင်္ကြန်ပွဲကိုဆင်နွှဲနေကြပါတယ်။ ဒီအထဲက မွန် ရှမ်း ကရင်ပြည်နယ်တွေရဲ့ သင်္ကြန်ကလအတွင်း ပျော်ပွဲဆင်နွှဲပုံတွေကိုတော့ ဗွီအိုအေထိုင်းအခြေစိုက် သတင်းထောက်နိုင်ကွန်းအိန်ကနေ အခုလိုဆက်သွယ်မေးမြန်း သတင်းပေး ပို့ထားပါတယ်။

(သံချပ်သံများ)

အခုကြားနေတာကတော့ မွန်ပြည်နယ်က မြင်တာကို တည့်တည့်ပြောမယ်ဆိုတဲ့ သံချပ်အဖွဲ့ကနေ ငွေဟင်္သာ အလှပြယာဉ်နဲ့ သင်္ကြန် အကျနေ့မှာ လှည့်လည်ဖြေဖျော်နေတဲ့ အသံတွေပါ။

မွန်ပြည်နယ်မှာအရင်က သင်္ကြန်အတွင်းမှာ (၂၅)နှစ်ကျော်ပျောက်ကွယ်နေတဲ့ သံချပ်အဖွဲ့တွေ အလှပြယာဉ်တွေနဲ့ လှည့်လည်ဖြေဖျော်တဲ့ ဓလေ့ဟာ ဒီနှစ်မှာမှ ပြန်လည် ထွန်းကားလာတယ်လို့ မြင်တာကိုတည့်တည့်ပြောမယ် သံချပ်အဖွဲ့ ဦးဆောင်တဦးဖြစ်သူ ကိုကြည်ဇော်လွင်ကပြောပါတယ်။

" ကျနော်တို့ ၁၉၈၈ နောက်ပိုင်း ကာလတွေမှာ မော်လမြိုင်မှာ သံချပ်အဖွဲ့တွေ အလှပြယာဉ်တွေ ပျောက်သွားတယ်။ အဲ့ဒီ့မတိုင်ခင်ကတော့ သံချပ်အဖွဲ့တွေ ဆယ်ဖွဲ့ထက် မနည်းပေါ့နော် မော်လမြိုင်မြို့မှာ ရှိခဲ့တယ်။ ပြိုင်ပွဲတွေလည်း ရှိခဲ့တယ်။ ဆုပေးပွဲတွေလည်း ရှိခဲ့တယ်။ ဒီဘက်နောက်ပိုင်းမှာ တလျောက်လုံး မရှိတော့ဘူး။ အဓိက ကတော့ သံချပ်ထိုးရင်း ဖမ်းတယ်ပေါ့။ ဖမ်းခံရတယ်ဆိုတာက အဲ့တုန်းက သံချပ်ထိုးတဲ့သူတွေကို ပျောက်ကွယ်သွားအောင် လုပ်ခဲ့တယ်။ ဆိုတော့ ဒီ ၂၀၁၇ မှာ ပြန်ဖော်ထုတ်တယ်။ အဓိကပြန်ဖော်ထုတ်တယ်ဆိုတာက သင်္ကြန်မှာ ရှိတဲ့ယဉ်ကျေးမှုဖြစ်တဲ့ သံချပ်တွေ အလှပြယာဉ်တွေ ကို လူငယ်တွေက ယဉ်ကျေးတဲ့သင်္ကြန်ပြန်ဖြစ်ဖို့ ကြိုးစား တာဖြစ်ပါတယ်။"

မွန်ပြည်နယ်သင်္ကြန်ကာလအတွင်း ရေလောင်းရေပက် ကစားတဲ့အပြင် နာမည်ကြီး ဘုရားပုထိုးတွေကို လှည့်လည်ဖူးမျှော်တဲ့ အစဉ်အလာရှိနေဆဲလို့ ကိုကြည်ဇော်လွင်ကပြောပါတယ်။

" အကြတ်နေ့ဆိုရင်တော့ မုဒုံကို သွားလည်တယ်။ ညနေပိုင်းဆို မော်လမြိုင်ကို ပြန်လာတယ်။ အတက်နေ့ဆိုရင် ကျိုက်မရောဘုရားကြီးကို သွားတယ်။ ကျိုက်မရော ဘုရားကြီးကနေ ပြန်လာတယ်။ နောက်ဆုံးနှစ်ဆန်းတရက်နေ့ ဆိုရင်တော့ မော်လမြိုင်မြို့သင်္ကြန်ပေါ့။ အနယ်နယ်အရပ်ရပ်က သင်္ကြန်ဆင်နွှဲတဲ့သူတွေ လာကြတယ်။"

သင်္ကြန်ကာလအတွင်း မွန်ပြည်နယ်ရှိမြို့နယ် ကျေးရွာရေကစားမဏ္ဍပ်တိုင်းလိုလိုမှာ အကျွေးအမွေးတွေနဲ့ဧည့်ခံတဲ့ဓလေ့ရှိ တယ်လို့ မုဒုံမြို့နယ်ဒေသခံ မိအိုင်းမွန်စုကပြောပါတယ်။

" သင်္ကြန်အကြိုနေ့ကတည်းက တချို့နေရာတွေမှာဆိုရင် စတုဒိသာတွေ ကျွေးကြတယ် စတုဒိသာကျွေးတဲ့နေရာမှာလည်း သင်္ကြန်ထမင်းရယ် မုန့်လုံးရေပေါ်ရယ် အဲ့လိုမျိုးတွေ ကျွေးတာများတာပေါ့နော်။ စတုဒိသာကတော့ မြို့ပေါ်မှာတော့ နေရာတိုင်း လမ်းတိုင်းလိုလိုမှာ တွေ့ရတယ် နောက်ပြီးတော့ ရွာတွေဘက်မှာဆိုရင်လည်း အဲ့လိုမျိုး ရှိတယ်။"

အလားတူရှမ်းပြည်နယ်အတွင်းမှာလဲ သင်္ကြန်ကာလအတွင်းမှာ ရှမ်းရိုးရာဓလေ့တွေကို မပျောက်ကွယ်အောင် ထိန်းသိမ်းလုပ်ဆောင်နေဆဲလို့ တောင်ကြီးမြို့က ရှမ်းလူငယ်ဥက္ကဋ္ဌ စိုင်းခေးလျျိုကပြောပါတယ်။

"ဒီသင်္ကြန်မှာ ရှမ်းတိုင်းရင်းသားတွေက သက်ကြီးရွယ်အိုတွေ ခေါင်းလျှော်ပေးတယ် ရေချိုးပေးတယ်။ ခြေသည်းလက်သည်း လှီးပေးတယ်။ ပြီးတော့မှ ကန်တော့တာပေါ့နော် ဘုရားကျောင်းတွေ ဘုန်းကြီးကျောင်းတွေ အဲ့တာမျိုးတက်ကြတယ်။ ကုသိုလ်ယူကြတယ် အဲ့လိုမျိုးပေါ့ ရှမ်းတွေမှာတော့။"

အရင်နှစ်တွေက သင်္ကြန်ကာလအတွင်းရေကစားမဏ္ဍာပ်တွေနဲ့စည်ကားနေတဲ့ တောင်ကြီးသင်္ကြန်ဟာ အခုနှစ်မှာ ရေကစား မဏ္ဍပ်တွေနည်းလာသလို ဒေသခံတွေ အပါအဝင် အနယ်နယ်ကလူတွေဟာ တခြားထင်ရှားတဲ့နေရာတွေမှာ လည်ပတ်နေတယ်လို့ စိုင်းခေးလျျိုကပြောပါတယ်။

"ရှမ်းပြည်နယ် တောင်ကြီးမှာတော့ မဏ္ဍပ်တွေ တအားနည်းတယ်။ တောင်ကြီးတမြို့လုံးမှာ နှစ်စင်ပဲရှိတယ်။ အခုက တော်တော်များများက နယ်တွေဘာတွေ ထွက်ကြတယ်။ ရေတံခွန်တွေရှိတဲ့နေရာ တော်တော်များများ အပြင်ကိုသွားကြတယ်။ ဟိုက်ပါလို ရေတံခွန်တွေဆီ သွားကြပြီး အနားယူကြ ရေပက်ကြ ဆော့ကြပေါ့။ ရှမ်းပြည်ကို ဗမာပြည်က ဧည့်သည်တွေ လာကြတော့ တော်တော်များများ စည်စည်ကားကားရှိပါတယ်။ ရှမ်းပြည်မှာ ရှိတဲ့ ဘုရားတွေ ထူးခြားတဲ့နေရာတွေ အင်းလေးတို့ကို သွားကြတယ် ရေပက်ခံထွက်ကြတယ် အဲ့လိုမျိုးတွေတော့ လာကြတယ်။ ဧည့်သည်တွေ တော်တော်များများတော့ လာကြပါတယ်။ "

အလားတူ ကရင်ပြည်နယ်မှာလဲ သင်္ကြန်ကာလအတွင်း ရေကစားတဲ့အပြင် တခြားဒေသတွင်း နာမည်ကြီးနေရာတွေကို သွားရောက် လည်ပတ်ကြတယ်လို့ သွီးလူထုအခြေပြု လူမှုဖွံ့ဖြိုးရေးကွန်ရက် တာဝန်ခံ မန်းသိန်းဇော်ကပြောပါတယ်။

" ဒီနေ့ကတော့ သင်္ကြန်ပထမဆုံးနေ့ဖြစ်တဲ့အခါကျတော့ ကျနော်တို့ ကရင်ပြည်နယ်ရဲ့ ဓလေ့အရ သွားပြီး ရေကစားနေကျ ကရင်ပြည်နယ်ရဲ့ ထူးခြားတဲ့နေရာတွေပေါ့နော် ဘားအံမှာဆိုရင် ဇွဲကပင် တောင်ခြေသွားမယ်။ ဆန္ဒဂူသွားမယ်။ မြိုင်ကြီးငူ ကျုံထော်ရေတံခွန် သွားမယ် သဘာဝအလျောက်ပေါက်ပွားနေတဲ့ ငါးအကြီးကြီးတွေ သွားကြည့်မယ် ပြီးလို့ရှိရင် သဘာဝလိုဏ်ဂူတွေလည်း သွားမယ်။ ပြီးရင် ဘားအံမှာရှိတဲ့ ရေပြာအိုင်ပေါ့နော် အဲ့လို အဓိက နေရာတွေကို သွားကြတယ်။"

သင်္ကြန်ကာလအတွင်း ဗုဒ္ဓဘာသာဝင်မွန် ရှမ်း ကရင်တိုင်းရင်းသားဒေသတွေမှာ တူညီတဲ့ ဓလေ့တခုကတော့ ဘုရားကျောင်းကန် တွေမှာ ရေသပ္ပါယ်ခြင်း လူကြီးသူမတွေကို ရေချိုးပူဇော်ကန်တော့ခြင်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG