သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယားအစိုးရနဲ့ သူပုန်ညှိနှိုင်းမှုနဲ့ မြို့၄ မြို့ကပြည်သူတွေ ဘေးလွတ်ရာရွှေ့


ဆီးရီးယား။
ဆီးရီးယား။

ဆီးရီးယားအစိုးရနဲ့ သူပုန်တွေအကြား ရယူထားတဲ့ သဘောတူညီချက်အရ နှစ်ဘက်အဖွဲ့အစည်းတွေ ပူးပေါင်းပြီး သူပုန်တွေ ထိန်းချုပ်ထားတဲ့ မြို့လေးမြို့က အရပ်သားပြည်သူတွေနဲ့ သူပုန်တွေကို မြို့တွင်းက ရွှေ့ပြောင်းတာတွေ စတင် လုပ်ဆောင်နေပါတယ်။ အတိုက်အခံတွေ ထိန်းချုပ်ထားတဲ့ Damascus မြို့တော်အနီးက Maday နဲ့ Zabadani မြို့တွေမှာ ဒီကနေ့ မြို့တွင်းကနေ ထွက်ခွာသူတွေ အပြည့်ပါတဲ့ ဘက်စ်ကား ဒါဇင်နဲ့ချီ ရှိပါတယ်။

တချိန်တည်းမှာပဲ အစိုးရလိုလားတဲ့ Fuaa နဲ့ Kafraya မြို့တွေမှာလည်း ဒေသခံတွေ ထောင်နဲ့ချီဟာ မြို့တွင်းကနေ ထွက်ခွာပြီး ဆီးရီးယားအစိုးရ ထိန်းချုပ်နယ်မြေ Aleppo ကို ရွှေ့ပြောင်းဖို့ စောင့်ဆိုင်းနေကြတာပါ။ အစိုးရနဲ့ သူပုန်အဖွဲ့တွေ အကြား သဘောတူညီချက်အရ ဒီမြို့လေးမြို့က လူပေါင်း ၃ သောင်းကျော်ကို မြို့တွင်းကနေ ကယ်ထုတ်သွားဖို့ဖြစ်ပါတယ်။

ဒီလို လုပ်ဆောင်မှုတွေ စတင်နေတဲ့အကြောင်း ဗြိတိန်အခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က အတည်ပြု ပြောပါတယ်။ ဆီးရီးယား အစိုးရတပ်ဖွဲ့တွေဟာ ပြီးခဲ့တဲ့သီတင်းပတ်ထဲ လူတွေအများအပြား သေဆုံးခဲ့ရတဲ့ ဓာတုလက်နက်နဲ့ တိုက်ခိုက်ခဲ့ တယ်ဆိုတဲ့ စွပ်စွဲချက်တွေ ကျယ်ကျယ်ပြန်ပြန့် ထွက်ပေါ်နေချိန်မှာ သမ္မတ ဘက်ရှာအယ်လ်အာဆတ် ကတော့ ဒီအပေါ်မှာ ဆက်ပြီး ငြင်းဆန်နေဆဲ ဖြစ်ပါတယ်။

အာဆတ်အစိုးရ တပ်ဖွဲ့တွေဟာ ရုရှားအစိုးရနဲ့ ပူးပေါင်း အရပ်သားပြည်သူတွေအပေါ် တိုက်ခိုက်မှုတွေ တိုးမြှင့်လုပ်ဆောင်နေပြီး နိုင်ငံတကာ အသိုင်းအဝိုင်းကို စိန်ခေါ်နေတယ်လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာသူတွေက ပြောပါတယ်။ ဒီအတောအတွင်း အမေရိကန် ကျောထောက် နောက်ခံပေးထားတဲ့ ညွှန့်ပေါင်းအဖွဲ့ရဲ့ မှားယွင်း လေကြောင်းတိုက်ခိုက်မှု တခုကြောင့် ဆီးရီးယားနိုင်ငံ မြောက်ပိုင်းမှာ စစ်သွေးကြွတွေကို တိုက်ခိုက်နေတဲ့ မဟာမိတ် တပ်ဖွဲ့ဝင် တပ်သား ၁၈ ယောက် သေဆုံးသွားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG