သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီးအသစ်အပေါ် မျှော်လင့်ချက်အမြင်များ


ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး။
ထိုင်းနိုင်ငံ ဘန်ကောက်မြို့က ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံး။

ထိုင်းနိုင်ငံဆိုင်ရာသံအမတ်အဖြစ် ဘင်္ဂလားဒေရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းအား လွဲှဲပြောင်းခန့်အပ်လိုက်ကြောင်း မြန်မာအစိုးရပိုင်သတင်းစာတွေကနေ ဧပြီလ၂၁ရက်နေ့စွဲနဲ့ ထုတ်ပြန်ခဲ့တာပါ။ သံအမတ်အသစ်ရောက်ရှိလာမဲ့အပေါ် ရွှေ့ပြောင်းအလုပ်သမားရေး လုပ်ဆောင်နေသူတွေက ဘယ်လိုမျှော်လင့်နေကြသလဲ ဆိုတာကို ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာက သတင်းပေးပို့ ထားပါတယ်။

ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံအမတ်ကြီးအဖြစ် ဘင်္ဂလားဒေရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းအား လွဲှပြောင်းခန့်အပ်လိုက်ကြောင်း မြန်မာအစိုးရဘက်က သတင်းထုတ်ပြန်ပြီးတဲ့နောက်မှာတော့ ရွှေ့ပြောင်းအလုပ်သမား ၃သန်းကနေ ၄သန်းလောက် ရှိနေတဲ့ ထိုင်းနိုင်ငံမှာတော့ သံအမတ်အသစ်အနေနဲ့ အလုပ်သမားရေးအရေးကိစ္စတွေကို ထိထိရောက်ရောက်လုပ်ဆောင်ဖို့အတွက် အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကမျှော်မှန်းနေကြတာပါ။

လူကုန်ကူးမူတိုက်ဖျက်ရေးလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့ ထိုင်းနိုင်ငံရောက်မြန်မာနိုင်ငံသားများအဖွဲ့ရဲ့ အမူဆောင်ဒါရိုက်တာ ဦးကျော်သောင်းကတော့ အခုလိုမျှော်လင့်ထားပါတယ်။

" ကျနော်ကြားမိသလောက်ကတော့ နိုင်ငံသားတွေအပေါ်မှာ တော်တော်ကြီးကို လေးလေးစားစားကောင်းကောင်းမွန်မွန် လုပ်ပေးတဲ့ပုံစံမျိုးတွေ ကြားရတယ်။ နောက်ပြီးတော့ ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိတဲ့ ရခိုင်ဘက်က အကူးအပြောင်း အသွားအလာတွေကိစ္စတွေ လာချင်တဲ့သူတို့ ပြောင်းလာတဲ့သူတို့ကိစ္စတွေ တော်တော်ကြီးကို နွေးနွေးထွေးထွေး ကူညီပေးတယ်။ ပြသနာတခုခု ဖြစ်လို့ရှိရင်လည်း သူကိုယ်တိုင် ထွက်ပြီးလုပ်တာကိုင်တာရှိတယ်လို့ အကြမ်းဖျင်းသိရတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တဲ့ပုံစံအတိုင်း မိဘအိမ်သဖွယ် အားကိုး အားထားပြုလောက်တဲ့ သံရုံးဖြစ်မလားဆိုတာကတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာပေါ့။"

တပ်မတော်ရေတပ်မှာ တာဝန်ထမ်းဆောင်ခဲ့ဘူးသူ ဦးမျိုးမြင့်သန်းအနေနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံမှာတော့ မြန်မာနိုင်ငံသားများအရေးကို စနစ်တကျ လုပ်ဆောင်မူတွေ ရှိခဲ့တယ်လို့ ကောင်းသတင်းရှိခဲ့တဲ့ သံအမတ်အသစ်အနေနဲ့ ထိုင်းနိုင်ငံမှာလည်း မြန်မာအလုပ်သမားတွေ အရေးကို တတ်နိုင်သမျှ လုပ်နိုင်လိမ့်မယ်လို့ မြန်မာသံရုံးကို ကိုယ်စားပြုပြီး လိပ်ကျွန်းလူသတ်မှု အရေးဆောင်ရွက်နေတဲ့ရှေ့နေ ဦးအောင်မျိုးသန့်ကလည်းပြောပါတယ်။

" ထိုင်းနိုင်ငံမှာ အလုပ်သမားက သုံးလေးသန်းဆိုတဲ့အနေအထားမျိုးမှာကျတော့ တော်တန်ရုံကလည်း ကြည့်ရှု့ပေးဖို့ဆိုတာကလည်း မလွယ်လှပါဘူး။ သို့သော် အရင်သံအမတ်ကြီးလည်း တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ခဲ့ပါတယ်။ ဒါပေမဲ့ အခုနောက်သံအမတ်ကြီးအနေနဲ့လည်း နိုင်ငံသားအကျိုးကို ဆက်လုပ်ပြီးတော့ တတ်နိုင်သလောက် ကြိုးစားဆောင်ရွက်ပေးလိမ့်မယ်လို့ မျှော်လင့်ပါတယ်။"

မြန်မာရွှေ့ပောင်းအလုပ်သမားအခွင့်ရေးကွန်ယက်ရဲ့ဒုဥက္ကဋ္ဌဦးအောင်ကျော်ကတော့ မြန်မာသံအမတ်သစ်ရဲ့စွမ်းဆောင်ရည်ကိုစောင့်ကြည့်ရဦးမှာဖြစ်တယ်လို့ဆိုပါတယ်။

" အရင်တုန်းက သံအမတ်တွေကတော့ ကျျနော်ကိုယ်တိုင်လည်း အရင်တုန်းက မီဒီယာတွေမှာ ပြောခဲ့တဲ့စကားတွေ အကြိမ်ကြိမ်အခါခါ ရှိခဲ့ပါတယ်။ မြန်မာနိုင်ငံသားတွေနဲ့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းအလုပ်သမားတွေကို ဘာတခုမှ ကာကွယ်စောင့်ရှောက်မှု မပေးတဲ့အတွက်ကြောင့် ဒီသံအမတ်တွေ ထိုင်းနိုင်ငံမှာဆက်လက် ထားရှိဖို့ မသင့်တော်ဘူးဆိုတဲ့ စကားလုံး ကျနော် သုံးခဲ့ဖူးပါတယ်။ အဲ့တော့ လက်ရှိအခြေအနေမှာတော့ အခုအသစ်ရောက်လာမယ့်သံအမတ်ဟာ ဘယ်လောက်အထိ ကျနော်တို့လုပ်သမားတွေအပေါ်မှာ ကိုယ်စားပြုမလဲဆိုတာတော့ ကျနော်တို့ စောင့်ကြည့်ရဦးမှာဖြစ်ပါတယ်ခင်ဗျ။"

မြန်မာရွှေပြောင်းအလုပ်သမားရေးကိစ္စတွေကို ဆောင်ရွက်နေတဲ့ အေအေစီ မဟာမိတ်အဖွဲ့က ကိုရဲမင်းကတော့ မြန်မာသံရုံးအနေနဲ့ အလုပ်သမားအဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်တာမျိုးတွေ ပိုမိုလုပ်နိုင်ဖို့ မျှော်လင့်ထားတယ်လို့ဆိုပါတယ်။

" ထိုင်းရောက်မြန်မာအလုပ်သမားက သုံးသန်းနဲ့လေးသန်းကြားလောက်မှာရှိနေတယ်။ ထိုင်းရောက်မြန်မာတွေအရေးကို သံရုံးအနေနဲ့ ဦးစားပေးလုပ်ဆောင်သင့်တယ်လို့ ကျနော်တို့ထင်တယ်။ အရင်တုန်းကလည်း မြန်မာသံရုံးကော်မတီ ဆိုပြီးတော့မှ ကူညီစောင့်ရှောက်ရေးကော်မတီတွေ ဖွဲ့ခဲ့သလို အဲ့သလို အဖွဲ့မျိုးကို ဒီသံအမတ်ကြီး အသစ်အနေနဲ့ ထပ်မံပြီးတော့ ဖွဲ့ပေးသင့်တယ်လို့ ကျနော်ကတော့ ယုံကြည်ပါတယ်။

သံအမတ်သစ်ပြောင်းရွေ့ခန့်အပ်မှုနဲပတ်သက်လို့ထိုင်းနိုင်ငံဆိုင်ရာမြန်မာသံရုံးကိုတော့ ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမဲ့ ဆက်သွယ်လို့မရခဲ့ပါဘူး။ မြန်မာအလုပ်သမားရေး ဆောင်ရွက်နေတဲ့အဖွဲ့တွေဟာ ၂၀၀၀ပြည်နှစ်လောက်ကစပြီး အလုပ်သမားရေး ကိစ္စတွေကို လှုပ်ရှားဆောင်ရွက်နေစဉ် ကာလတွေမှာ မြန်မာသံရုံးဘက်က သံအမတ်ကြီးတွေက ဆက်စပ်မူတွေ အားနည်းခဲ့တယ်လို့ဆိုပါတယ်။

အခုချိန်ထိဆိုရင် ရွှေ့ပြောင်းအလုပ်သမားရေးလုပ်နေတဲ့အဖွဲအစည်းတွေအနေနဲ့ သံအမတ် ကြီး ဦးဝင်းဇေယျာထွန်း ဦးအောင်သိန်း ဦးတင်ဝင်း ဦးဝင်းမောင်တို့ တာဝန်ယူခဲ့တာကို ကြုံခဲ့ရတယ်လို့ ဆိုပါတယ်။ ၂၀၁၁လောက်ကစပြီး မြန်မာသံအမတ်ကြီး ဦးတင်ဝင်း လက်ထက်ကစလို့ ပူးပေါင်းမူတွေကို စတင် လုပ်ဆောင်ခဲ့တာလို့ပြောပြကြပါတယ်။

၂၀၁၁မှာ ထိုင်းရေဘေးကိုကြုံရချိန် အလုပ်သမားတွေကိုကူညီပေးနိုင်ဖို့အတွက် အလုပ်သမားအဖွဲ့အစည်းတွေနဲ့ စတင်ဆက်စပ်ခဲ့ပြိးနောက့်မြန်မာသံရုံး ကူညီစောင့်ရှောက်ရေးကော်မတီ ဖွဲ့စည်းတဲ့အထိဖြစ်လာပါတယ်။ ဒီနောက် အခုသက်ပြည့်ပင်စင်ယူသွားတဲ့ သံအမတ်ကြီးဦးဝင်းမောင်လက်ထက်မှာတော့ လိပ်ကျွန်းအထူးစုံစမ်းစစ်ဆေးရေးကော်မတီ ဖွဲ့စည်းတာမျိုးတွေလုပ်ခဲ့ပြီး အလုပ်သမား အဖွဲ့အစည်းတွေနဲ့ ဆက်စပ်တာတွေအပြင်မြန်မာအလုပ်သမားဝန်ကြီးဌာနက တာဝန်ရှိသူတွေ လာတဲအခါမှာလည်း အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကိုဖိတ်ကြားပြီး အကြံပြုခိုင်းတာတွေ လုပ်လာခဲ့ပါတယ်။ ဒါပေမဲ့ အလုပ်သမားရေးဆောင်ရွက်နေတဲ့ အဖွဲ့အစည်းတွေကတော့ မြန်မာသံရုံးအပေါ်မှာ အားမလိုအားမရတာတွေလည်း ရှိခဲ့တာပါ။ အခုသံအမတ်အသစ်အပေါ်မှာတော့ သူတို့မျှော်လင့်တာတွေဖြစ်လာဖို့စောင့်ကြည့်ရဦးမှာဖြစ်တယ် လို့တော့ပြောဆိုနေကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG