သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးညီလာခံတက်ဖို့ မနီလာမြို့ကိုရောက်ရှိ


ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးညီလာခံတက်ဖို့ မနီလာမြို့ကိုရောက်ရှိ။ (သတင်းဓာတ်ပုံ- မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)
ဒေါ်အောင်ဆန်းစုကြည် အာဆီယံထိပ်သီးညီလာခံတက်ဖို့ မနီလာမြို့ကိုရောက်ရှိ။ (သတင်းဓာတ်ပုံ- မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန)

ဖိလစ်ပိုင်နိုင်ငံမှာ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ထိပ်သီးညီလာခံ တက်ရောက်ဖို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဟာ မနီလာမြို့တော်ကို ဒီကနေ့ပဲ ရောက်ရှိသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ အကြိမ် ၃၀ မြောက် အာဆီယံ ထိပ်သီး ညီလာခံနဲ့ ဆက်စပ်အစည်းအဝေးတွေကို တက်ရောက်မှာ ဖြစ်ကြောင်း မြန်မာသမ္မတရုံး ပြောခွင့်ရပုဂ္ဂိုလ် ဦးဇော်ဌေး က ပြောပါတယ်။

"အကြိမ် ၃၀မြောက် အာဆီယံထိပ်သီးအစည်းအဝေး ဖွင့်ပွဲအခမ်းအနား အဲ့တာတက်မယ်။ နောက် အကြိမ် ၃၀မြောက် အာဆီယံ မျက်နှာစုံညီ ထိပ်သီးအစည်းအဝေး နိုင်ငံ့ခေါင်းဆောင်တွေ အဲ့တာတက်မယ်။ နောက်သီးသန့်အစည်းအဝေးဆိုတာရှိတယ်။ အဲ့ဒီ့သီးသန့်အစည်းအဝေးတက်ဖို့ ရှိတယ်။ အာဆီယံ ထိပ်သီးခေါင်းဆောင်တွေနဲ့ IPA (Intellectual Property Association)နဲ့တွေ့မယ်။ အာဆီယံလူငယ်တွေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့တွေ့မယ်။ နောက် အာဆီယံ CSO တွေနဲ့ အာဆီယံခေါင်းဆောင်တွေနဲ့တွေ့မယ်။ အဓိကကတော့ အာဆီယံ ပရိုဂရမ်တွေနဲ့ အာဆီယံရဲ့အစီအစဉ်တွေပါ။"

နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မနီလာမြို့တော်ကို ရောက်လာပြီးနောက် ဗီယက်နမ်ဝန်ကြီးချုပ် Pham Binh Minh နဲ့ တွေ့ဆုံပြီး ၂ နိုင်ငံကြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ပါတယ်။

မြန်မာနိုင်ငံလည်း အသင်းဝင်အဖြစ် ပါဝင်တဲ့ အာဆီယံ အစည်းအဝေးတွေကိုတော့ အလှည့်ကျဥက္ကဋ္ဌဖြစ်တဲ့ ဖိလစ်ပိုင်နိုင်ငံက အိမ်ရှင်အဖြစ် ကျင်းပနေတာပါ။ ဒီသီတင်းပတ်ထဲ ကျင်းပခဲ့တဲ့ အာဆီယံနိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးကိုတော့ မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာန ဒုဝန်ကြီး ဦးကျော်တင် ခေါင်းဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့တာပါ။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် အာဆီယံ ၁၀ နိုင်ငံက ခေါင်းဆောင်တွေ ပါဝင်တက်ရောက်မယ့် ထိပ်သီးညီလာခံ မတိုင်မီ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေးတွေမှာတော့ အသင်းဝင် နိုင်ငံတွေကြား ပူးပေါင်းဆောင်ရွက်ရေး လုပ်ငန်းတွေအပြင် လုံခြုံရေး ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တော်မှာ ဒီသီတင်းပတ်ထဲ ကျင်းပနေတဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) ညီလာခံမှာ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ ဒီကနေ့ အစည်းအဝေးအပြီး ထုတ်ပြန်လိုက်တဲ့ ကြေညာချက်မှာတော့ မြောက်ကိုရီးယားရဲ့ ပဲ့ထိန်းတပ်ဒုံးနဲ့ နျူကလီးယား စမ်းသပ်မှုတွေ အပေါ် စိုးရိမ်ကြောင်း ပြောဆိုလိုက်ကြပါတယ်။

ကိုရီးယား ကျွန်းဆွယ်က မတည်မငြိမ် အခြေအနေတွေဟာ ဒေသတွင်းကိုပါ ဆိုးဆိုးရွားရွား ကျော်လွန် ရိုက်ခတ်နေတဲ့အကြောင်း အာဆီယံခေါင်းဆောင်တွေရဲ့ ထိပ်သီးညီလာခံမတိုင်မီ ကျင်းပခဲ့တဲ့ နိုင်ငံခြားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေးက ကြေညာချက် ထုတ်ပြန်ခဲ့တာပါ။ မြောက်ကိုရီးယားနဲ့ သက်ဆိုင်ရာ နိုင်ငံတွေ အားလုံးအနေနဲ့ တင်းမာမှုတွေ ကြီးထွားမလာစေဖို့ ထိန်းထိန်းသိမ်းသိမ်း ဆောင်ရွက်ကြဖို့လည်း တိုက်တွန်းခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG