သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အောင်ဝင်းခိုင် ဖမ်းမိရေး နေပြည်တော်တခွင် ဖမ်းဝရမ်းထုတ်ဖို့ တရားလိုရှေ့နေကြိုးပမ်း


အင်တာပိုလ်က ထုတ်ပြန်ထားတဲ့ အောင်ဝင်းခိုင်မှတ်တမ်း။
အင်တာပိုလ်က ထုတ်ပြန်ထားတဲ့ အောင်ဝင်းခိုင်မှတ်တမ်း။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ ဗဟိုဥပဒေအကြံပေး တရားလွှတ်တော်ရှေ့နေကြီး ဦးကိုနီ လုပ်ကြံသတ်ဖြတ်ခံရမှုမှာ ပါဝင်ပတ်သက်တယ်လို့ သံသယရှိထားသူတဦးဖြစ်တဲ့ လွတ်မြောက်နေဆဲ ဦးအောင်ဝင်းခိုင်ကို သူ့ကို နောက်ဆုံးတွေ့ခဲ့ရတဲ့ နေပြည်တော်ပရဆေးဥယျာဉ်ပတ်ဝန်းကျင်မှာ ရှာဖွေဖမ်းဆီးနိုင်ရေး ဝရမ်းတစောင်ထုတ်ပေးဖို့ အကျိုးဆောင်ရှေ့နေကြီး ဦးနေလ က တိုင်းဒေသကြီး တရားလွှတ်တော်မှာ လျှောက်ထားလိုက်ပါပြီ။ အမှုမှန်ပေါ်ပေါက်ရေးနဲ့ ပြည့်ပြည့်စုံစုံဖြစ်ဖို့ကိုလည်း တင်ပြခဲ့တယ်လို့ ရှေ့နေကြီး ဦးနေလကပြောပါတယ်။ အပြည့်အစုံကိုတော့ ကိုကောင်းစံဟိန်းက သတင်းပေးပို့ထားပါတယ်။

ဦးအောင်ဝင်းခိုင်ကို ရှာဖွေဖမ်းဆီးနိုင်ရေး ဝရမ်းထုတ်ပေးဖို့ ခရိုင်တရားရုံးမှာ လေ ျှာက်ထား တာကို ပယ်ချခံခဲ့ရတာကြောင့် အခုလို တိုင်းဒေသကြီးတရားလွှတ်တော်မှာ ထပ်ပြီးတင်သွင်းတာပါ။ ဦးအောင်ဝင်းခိုင်ဟာ ရန်ကုန်လေဆိပ်မှာ ဦးကိုနီကို လုပ်ကြံ သတ် ဖြတ်ခံရပြီးတဲ့နောက်ပိုင်း ရန်ကုန်ကနေထွက်သွားပြီး နေပြည်တော် ပရဆေးဥယျာဉ် အနီးတဝိုက်မှာ ပျောက်သွားခဲ့တယ်ဆိုပြီး ရဲတပ်ဖွဲ့က သတင်းစာရှင်းလင်းပွဲအတွင်း ပြောထားတာပါ။ ဒါကြောင့်လဲ အဲဒီပတ်ဝန်းကျင်မှာ သူ့ကိုရှာဖွေဖမ်းဆီးနိုင်ရေးအတွက် ဖမ်းဝရမ်းထုတ်ပေးဖို့ကို အမှုပြင်ဆင်ချက်တရပ်နဲ့အတူ ဒီကနေ့လေ ျှာက်ထားခဲ့တယ်လို့ အကျိုးဆောင်ရှေ့နေကြီး ဦးနေလက ဗွီအိုအေကိုပြောပါတယ်။

"သူဟာ နေပြည်တော် ပရဆေးဥယျာဉ်မှာ လွတ်မြောက်သွားတယ်ဆိုတာ သိရတယ်။ သိရတဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က နေပြည်တော် ပရဆေးဥယျာဉ်ပတ်ဝန်းကျင်ကို ဖမ်းဝရမ်းထုတ်ပေးပါလို့ ကျနော်တို့လျှောက်တယ်။ အဲ့လိုလျှောက်တဲ့အခါကျတော့ သက်ဆိုင်ရာ အမှုလိုက်ပါဆောင်ရွက်တဲ့ ရှေ့နေချုပ်ရုံးက ဥပဒေအရာရှိကလည်းပဲ ကျနော်တို့ရဲ့ လျှောက်ထားချက်ကို လက်ခံတယ်။ သူက ထောက်ခံချက်ပေးတယ်။ သူကိုယ်တိုင်လည်း လျှောက်ထားစေချင်တဲ့ သဘောထားမျိုး ရှိတယ်။ အဲတ့ာ တရားရုံးကို လျှောက်လွှာတင်တဲ့အခါကျတော့ တရားရုံးက ပယ်လိုက်တယ်။ အဲ့တော့ ပယ်တဲ့ကိစ္စ မတိုင်ခင် ကျနော်တို့ပြောချင်တာက ဘာလဲဆိုတော့ အမှုစစ်အရာရှိတွေ နောက်တခါ ရဲတွေကို စစ်ဆေးချက်တွေအရ သူတို့ကနေပြီးတော့မှ ရဲတွေက အမှုကို မတင်ခင်မှာ ရှာဖွေဖမ်းဆီးဖို့အတွက်ကို ရဲပုံစံ ၆၂ နဲ့ ပို့တယ်ပေါ့ဗျာ။ ဖမ်းဆီးဖို့ဆိုပြီး စာတွေပို့တယ်။ ပို့တဲ့အခါကျတော့ မြို့နယ်ရဲတပ်ဖွဲ့ မြို့မရဲစခန်း နဲ့ လေဆိပ်အပါအဝင် ခြောက်နေရာကို ပို့တယ်။ ပို့တဲ့ ခြောက်နေရာစလုံးမှာ အမှန်တကယ် ထွက်ပြေး လွတ်မြောက်သွားတဲ့ နေပြည်တော် ပရဆေးဥယာျဉ်မပါဘူး။ အဲ့တာကြောင့် ကျနော်တို့က ဖမ်းဝရမ်း အသစ်တစောင်ထုတ်ပေးဖို့ဆိုပြီး လျှောက်တယ်။"

ဦးကိုနီလုပ်ကြံသတ်ဖြတ်ခံရာမှုမှာ တရားမျှတမှူရရှိရေးအတွက် လိုအပ်လာမယ်ဆိုရင် နေပြည်တော် ပြည်ထာင်စုတရားလွှတ်တော်အထိ ရာဇဝတ်မှူဆိုင်ရာ အမှူပြင်ဆင်ချက်ကို ထပ်မံတင်သွင်းသွားမှာဖြစ်တယ်လို့ ရှေ့နေဦးနေလကဘဲ ဆက်ပြောပါတယ်။

" လုပ်ကြံခံရတဲ့ ဦးကိုနီ အတွက် တရားမျှတမှု ရရှိရေးပဲ အဲ့ဒီ့တော့ အခုလို တရားခံမစုံပဲ အမှုစစ်ဆေးတာထက်စာလို့ရှိရင် တရားခံပြည့်ပြည့်စုံစုံ ဖမ်းဆီးပြီး အမှုစစ်ဆေးတာ ပိုပြီးတော့ တရားမျှတမှု ရမယ်လို့ထင်တဲ့အတွက်ကြောင့်မို့လို့ ကျနော်တို့က လိုအပ်ခဲ့လို့ရှိရင် လိုအပ်ခဲ့လို့ရှိရင် အထက်က နေပြည်တော် တရားလွှတ်တော်ချုပ် Supreme Court လို့ခေါ်တာပေါ့ဗျာ။ ပြင်ဆင်မှု ထပ်မံတင်သွင်းကောင်း တင်သွင်းမယ်ပေါ့။ တင်သွင်းဖို့တော့ ရည်ရွယ်ချက်ရှိပါတယ်။"

အခု လျှောက်ထားချက်နဲ့ ပက်သက်ပီး တရားရုံးက အမိန့်ချမယ့်ရက်ကို အတိအကျ မသိရပေမဲ့ မကြန့်ကြာလောက်ဖူးလို့ ရှေ့နေဦးနေလက သုံးသပ်ပါတယ်။

" အမိန့်ကတော့ ကျနော်တို့က ကြိုမသိရဘူးဗျ။ အမိန့်ချတဲ့ဟာက ကြိုမသိရဘူး ဒါပေမဲ့ သိပ်မကြန့်ကြာလောက်ဘူးလို့တော့ ထင်ရတယ်။ ကျနော်တို့ အမှုကိုလည်း မြန်မြန်ထက်ထက် ခေါ်ပေးတာကို တွေ့ရတယ်။ ပထမဆုံး ဒီအမှုကို တင်သွင်းတဲ့အခါမှာ ဥပဒေအရ ချက်ခြင်းပဲ လက်ခံလိုက်တယ်။ လက်ခံတယ်ဆိုတဲ့အဆင့်တခုကို ကျနော်တို့က ကျော်လွှားသွားတယ်။ ပြီးတဲ့အခါကျတော့ ကြားနာတဲ့ကိစ္စကလည်း သင်္ကြန်ပြီးပြီးချင်း ကြားနာတယ်ဆိုတဲ့အခါကျတော့ ဒီအမှုကို သူတို့က မြန်ဆန်အောင် ဆောင်ရွက်ပေးနေတဲ့သဘောထားမျိုး ရှိပါတယ်။ အမိန့်ကလည်း မကြန့်ကြာဘူးလို့ ကျနော်တို့ ယူဆပါတယ်။"

ဦးကိုနီကို လုပ်ကြံသတ်ဖြတ်သူအဖြစ် စွပ်စွဲပြီး ဖမ်းဆီးထားတဲ့ ဦးကြည်လင်းအပါအဝင် အမှုမှာ ပူးပေါင်းကြံစည်သူတွေအဖြစ် အာဏာပိုင်တွေက သံသယရှိထားတဲ့ ဦးအောင်ဝင်းဇော်၊ ဦးအောင်ဇော်ထွန်းနဲ့ ဦးဇေယျာဖြိုးတို့ကို ဒီကနေ့မနက်ပိုင်းမှာပဲ ရန်ကုန်မြို့၊ မြောက်ပိုင်းခရိုင်တရားရုံးမှာ ထပ်ပြီးရုံးထုတ်ပေမယ့် တစ်စုံတစ်ရာ စစ်ဆေးမှုမလုပ်ခဲ့ပါဘူး။ ဒီအမှုကို သီတင်းပတ်စဉ် သောကြာနေ့တိုင်း ရန်ကုန်မြောက်ပိုင်းခရိုင် အထူးတရားရုံးမှာ ရုံးထုတ် စစ်ဆေးနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG