သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ထိုင်းမုန့်စက်ရုံက မြန်မာအလုပ်သမား ၇၂ ဦး အလုပ်ထုတ်ခံရ


အလုပ်ထုတ်ခံရတဲ့ ဘီစကစ်နဲ့မုန့်မျိုးစုံလုပ်တဲ့ Virity Food International Co ltd စက်ရုံမှာ လုပ်တဲ့ အသက် ၁၉နှစ်ကနေ အသက် ၃၀ကြား မြန်မာနိုင်ငံသား အလုပ်သမားတွေ။ (သတင်းဓာတ်ပုံ- ကိုရဲမင်း AAC)
အလုပ်ထုတ်ခံရတဲ့ ဘီစကစ်နဲ့မုန့်မျိုးစုံလုပ်တဲ့ Virity Food International Co ltd စက်ရုံမှာ လုပ်တဲ့ အသက် ၁၉နှစ်ကနေ အသက် ၃၀ကြား မြန်မာနိုင်ငံသား အလုပ်သမားတွေ။ (သတင်းဓာတ်ပုံ- ကိုရဲမင်း AAC)

ထိုင်းနိုင်ငံဘန်ကောက်မြိုနဲ့ ကီလိုမီတာအနည်းငယ်သာ ကွာဝေးတဲ့ ဆာမွတ်ဆာခွန်း ခရိုင်တွင်းက ဘီစကစ်နဲ့မုန့်မျိုးစုံလုပ်တဲ့ Virity Food International Co ltd စက်ရုံမှာ လုပ်တဲ့ အသက် ၁၉နှစ်ကနေ အသက် ၃၀ကြား မြန်မာနိုင်ငံသား ၇၂ဦးဟာ နှစ်နိုင်ငံ သဘောတူစာချုပ်(MOU) နဲ့လာကြပေမဲ့ သဘောတူစာချုပ်အတိုင်း လုပ်အားခ မပေးတာ ကိုတောင်းဆိုရာကနေ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတယ်လို့ဆိုပါတယ်။ ထိုင်းအခြေစိုက် ဗွီအိုအေသတင်းထောက် မအေးမာသတင်းပေးပို့ထားပါတယ်။

ထုတ်ပယ်ခံရတဲ့ အလုပ်သမားတွေဟာ လွန်ခဲ့တဲ့ ၂လကျော်ကတည်းက ဘီစကစ်၊ ကူကီး၊ဝေဖာစတဲ့ မုန့်မျိုးစုံလုပ်တဲ့ Virity Food International ကုမ္ပဏီမှာ နှစ်နိုင်ငံ အလုပ်သမားခေါ်ယူခန့်ထားရေးအစီစဉ် MOUစာချုပ်နဲ့ လာရောက်အလုပ်လုပ်ကိုင်ခဲ့တဲ့ အလုပ်သမားတွေဖြစ်ပါတယ်။

သူတို့တွေဟာ ရောက်တဲ့ အချိန်ကစပြီး ထိုင်းနိုင်ငံရဲ့ဥပဒေပါ လုပ်အားခအတိုင်း မရခဲ့ကြသလို အလုပ်သမား အခွင့်ရေးတွေတောင်းဆိုရာကနေ အလုပ်ကနေ ထုတ်ပယ်ခံခဲ့ရတဲ့ အထိဖြစ်ခဲ့ရတယ်လို့ အလုပ်သမား တဦးကပြောပြပါတယ်။

"နေ့စားမပေးဘူး ပုတ်ပြတ်ခိုင်းစေတယ်။ နောက်တခုက ထမင်းစားချိန်ကို နာရီဝက်ပဲ နားခိုင်းတယ်။ တစ်နာရီ မနားပေးဘူး။ ပြီးတော့ ဆေးရုံလက်မှတ်ပါတာတောင် သမီးတို့အလုပ်သမားတွေကို ပိုက်ဆံမပေးတဲ့အပြင် ပိုက်ဆံတစ်ရာဖြတ်တယ်။ စလစ်ပေးတာလည်း စာရွက်သေးသေးလေးနဲ့ပေးတယ်။ ဘယ်ဟာ ဘယ်ဟာဆိုတာ တိကျမှုမရှိဘူး။ နေ့စားလား OT လားဆိုတာ မရှိဘူး။ ပြီးတော့ သမီးတို့ အလုပ်ပိတ်ရက်တွေမှာ အလုပ်ဆင်းခိုင်းတယ်။ ဒါပေမဲ့ နှစ်ဆ မပေးဘူး အဲ့ဒီ့အတွက် အခွင့်အရေးတွေကို သမီးတို့လိုချင်တယ်။ တောင်းဆိုတယ်။ မပေးဘူး သူတို့။ အဲ့တာမောင်းထုတ်တယ်။ သမီးတို့ကိုခေါ်တော့ သုံးရာနဲ့ခေါ်ပါတယ်။ ဒါပေမဲ့ မပေးဘူး အဲ့ဒီ့အတိုင်း သမီးတို့ တနေ့ကို နှစ်ရာ ရတဲ့သူရှိတယ်။ တစ်ရာကျော်ရတဲ့သူရှိတယ်။ သူတို့ပုတ်ပြတ်ခိုင်းစေတယ်။ တနေ့ကို မနက် ၇နာရီ ဝင်တယ်။ ည ၈နာရီမှ ထွက်ရပါတယ်။ ထမင်းစားချိန်က ၁၁နာရီဆို ထမင်းစား ဆင်းပါတယ်။ ၁၁ ခွဲဆို အလုပ်ပြန်ဝင်ရပါတယ်။ အဲ့တောက်လျောက်ကို ည ၈နာရီအထိ တချက်မှ မနားရတော့ပါဘူး။"

အလုပ်သမားတွေကို အလုပ်ကနေ နားခိုင်းလိုက်တဲ့အတွက် အလုပ်သမား ကာကွယ်စောင့်ရှောက်ရေးရုံးကို သွားရောက်တိုင်ကြားမူတွေ လုပ်ခဲ့ပေမဲ့ ပြသနာတွေ ကပြေလည်မူမရပဲ မြန်မာပြည်ကို ပြန်ပို့ဖို့အတွက် စီစဉ်တာတွေကိုလည်း ကြုံနေရတယ်လို့ဆိုပါတယ်။

" ဖြစ်တာ ၂၄ရက်နေ့က ဖြစ်တယ်။ ၂၅ရက်နေ့က ရုံးကိုရောက်တယ်။ ရောက်တော့ အေဂျင်စီ မလာနိုင်ဘူး။ သံအရာရှိတွေ မလာနိုင်ဘူး။ လုပ်ငန်းက မလာနိုင်ဘူး။ အဲ့နေ့တနေ့ ပျက်ကွက်တယ်။ အလုပ်သုံးရက်ပျက်တဲ့အတွက် လုပ်ငန်းက ဝမ်နင်လက်မှတ်ထိုးရမယ်လို့ပြောတယ်။ သမီးတို့ကလည်း ထိုးမယ်လို့ပြောပြီးသား။ ဒီမနက်ကျတော့ ဝမ်နင်လက်မှတ်ထိုးတဲ့စာရွက်ကိုပေးတာ ဒါပေမဲ့ အလုပ်သုံးရက် ပျက်တယ်ဆိုတာ သူတို့မောင်းထုတ်လို့ အလုပ်ကို မလာဘူး။ အေဂျင်စီ အချိန်မှီမရောက်လာဘူး။ ဘယ်သူမှ သမီးတို့ကို ဖြေရှင်းမပေးဘူး။ အဲ့တာနဲ့မေးလိုက်တယ်။ ဒါက ဘာအတွက် သမီးတို့ကို လက်မှတ်ထိုးခိုင်းတာလဲ။ မေးတော့ အလုပ်သုံးရက်ပျက်လို့ လက်မှတ်ထိုးခိုင်းတာလို့ပြောတယ်။ စကားပြန်ရှိတယ် ဒါပေမဲ့ သမီးတို့ကို စကားပြန်က စကားမပြန်ပေးဘူး။ အဲ့စာကို ဓာတ်ပုံရိုက်ယူမယ် ဆိုတော့လည်း အယူမခံဘူး။ ဖုန်းတွေကိုသိမ်းတယ်။ အဲ့တာ သူတို့ဘက်က မရိုးသားတာ။ အဲ့တာသမီးတို့က မထိုးရဲသေးဘူး။ လက်မှတ်ကို ဘာအတွက်မှန်းမသိတဲ့အတွက်ဆိုတော့ အေဂျင်စီလာမှ လက်မှတ်ထိုးတဲ့ သမီးတို့ကိုပြောတယ်။ အေဂျင်စီလာတော့ သမီးတို့ကိုညှိတယ်။ နောက် စက်ရုံထဲ ပေးမဝင်ဘူး နေပူထဲမှာ သမီးတို့တွေ နေရတယ်။ ပြန်ထွက်လာတော့ သမီးတို့ကို ဒီလုပ်ငန်းက အလိုမရှိတော့ဘူးတဲ့။ သမီးတို့ကို မြန်မာပြည်ပြန်ပို့မယ်။ မဲဆောက်ကို။"

ဒီကိစ္စနဲ့ပတ်သက်လို့အလုပ်သမားတွေ နေရပ်မပြန်ပဲ အလုပ်ဆက်လုပ်နိုင်ဖို့အတွက် မြန်မာသံရုံးနဲ့ကုမ္ပဏီတွေက ညှိနှိုင်းဆောင်ရွက်တာမျိုးတွေ လုပ်သင့်တယ်လို့လည်း အလုပ်သမားတွေကို အကူညီပေးနေတဲ့အေအေစီမဟာမိတ်အဖွဲ့က ဒါရိုက်တာဦးခိုင်ကြီး ကလည်းပြောပါတယ်။

"အေဂျင်စီက ပို့လိုက်တဲ့ အလုပ်သမား ၇၀ ကျော်ဟာ ပိုက်ဆံပေးပြီး လာတာလေ။ ကျနော်တို့က သံအရာရှိကို ဖြေရှင်းပေးစေချင်တာက ကဲဗျာ ဘယ်သူမှားလဲ။ အလုပ်သမား မှားလား အလုပ်ရှင်မှားလား။ အလုပ်သမားမှားရင် ပြန်ပို့ အလုပ်ရှင်မှားရင်တော့ အရေးယူ။ အေဂျင်စီကလာတယ်။ ဥပဒေအတိုင်းကတော့ အလုပ်သမားက အလုပ်မလုပ်ရင်ပြန်ပို့မယ် ဆိုပြီးတော့ ကျနော်တို့ အလုပ်သမားတွေ နစ်နာတာပေါ့ အမရယ်။

ဒီကိစ္စနဲပတ်သက်လို့ မြန်မာသံရုံးဘက်ကိုတော့ ဆက်သွယ်လို့မရသေးပါဘူး။

ပြီးခဲတဲ့ရက်ပဲ MOU နဲ့လာတဲမြန်မာအလုပ်သမား ၁၀ဦးဟာ နှစ်ဆန်းတရက်နေ့မှာ မလုပ်မဆင်းတဲ့အတွက်ဆိုပြီး အလုပ်ကနေ ထုတ်ပယ်ခံရပြီး နီးစပ်ရာဓါတ်ဆီဆိုင်မှာ ချထားတာကိုခံခဲ့ရပါတယ်။ ဒီပြသာနာနဲ့ပတ်သက်လို့ အလုပ်သမားတွေဘက်က အလုပ်ရှင်ကိုတရားစွဲဆိုမူတွေလုပ်ဖို့အတွက် ပြင်ဆင်နေကြတယ်လို့လည်း ဆိုပါတယ်။ ထိုင်းနိုင်ငံမှာ တရားဝင်ကော တရားမဝင်ကော အလုပ်သမား ၃သန်းကနေ ၄သန်းလောက် ထိ ရှိနေပြီး နှစ်နိုင်ငံသဘောတူစာချုပ် MOU အပါအဝင် တရားဝင် အထောက်အထားနဲ့နေထိုင်သူတွေကတော့ သိန်းဂဏန်းလောက်ပဲရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG