သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့ရာသီဥတု ပူပြင်းပေမဲ့ အပူလှိုင်းဖြတ်ဖို့မရှိ


မြန်မာနိုင်ငံတွင်း အပူချိန်ပြ ဇယား မေလ ၃ရက်နေ့ကနေ မေလ ၅ရက်နေ့အထိ အပူချိန်။ (သတင်းဓာတ်ပုံ MOI)
မြန်မာနိုင်ငံတွင်း အပူချိန်ပြ ဇယား မေလ ၃ရက်နေ့ကနေ မေလ ၅ရက်နေ့အထိ အပူချိန်။ (သတင်းဓာတ်ပုံ MOI)

လာမယ့် မေလလယ်အတွင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံရာသီ စပြီး ဝင်လာတဲ့အချိန် ရောက်မှသာ အပူချိန် လျော့ကျ လာနိုင်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ပြောလိုက်ပါတယ်။ အခုလက်ရှိမှာ အပူချိန်မြင့်တက်နေတယ်လို့ လူတွေ ခံစားရပေမဲ့ တကယ်တမ်းကျတော့ ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်မယ်ဆိုရင် အပူဆုံးကာလ မဟုတ်သေးဘူးလို့လဲဆိုပါတယ်။မြန်မာ့ အိမ်နီးချင်းအိန္ဒိယနိုင်ငံမှာ အပူလှိုင်းဖြတ်မယ်လို့ ကြေငြာထားပေမယ့် မြန်မာနိုင်ငံမှာတော့ လက်ရှိအချိန်ထိ အပူလှိုင်းဖြတ်မယ့် အလားအလာမရှိသေးဘူးလို့ ပြောပါတယ်။ အပြည့်အစုံကို ဗွီအိုအေမြန်မာပိုင်းသတင်းထောက် မေခက ပေးပို့ထားပါတယ်။

မိုးကြိုကာလအတွင်း မြန်မာနိုင်ငံမှာ နေ့အပူချိန်တွေမြင့်တက်လျက်ရှိနေပြီး မေလလယ်အတွင်းမှာ မြန်မာနိုင်ငံတောင်ပိုင်းကို မုတ်သုံရာသီ စတင်ဝင်ရောက် လာနိုင်မှသာ အပူချိန်လျော့ကျလာနိုင်မယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက ဒုတိယညွှန်ကြားရေးမှူး ဦးလှထွန်းကပြောပါတယ်။

" ကျနော်တို့ မှန်းထားတာကတော့ မေလလယ် မေလ ဒုတိယ ဆယ်ရက်ပတ်ပေါ့ အဲ့လောက်မှာ မုတ်သုံစပြီးတော့ မြန်မာနိုင်ငံတောင်ပိုင်းကို စဝင်နိုင်တယ်။ မေလကုန်မှာဆိုရင်တော့ ဒါ အလယ်ပိုင်းအထိ ဝင်နိုင်တယ်ပေါ့ ဒါ လောလောဆယ် ခန့်မှန်းထားတာ မုတ်သုံဝင်လာရင်တော့ အပူချိန်လျော့သွားမှာပါ။ မုတ်သုံမဝင်ခင် ကာလအထိကတော့ အခြေအနေက ဆိုးနေဦးမှာပဲ။"

မြန်မာနိုင်ငံအလယ်ပိုင်းနဲ့ မြစ်ဝကျွန်းပေါ်ဒေသပိုင်းတွေမှာ မေလလယ်ထိ အပူချိန်တွေ ဆက်လက်တိုးနေဦးမှာပါ။ အိမ်နီးချင်း အိန္ဒိယနိုင်ငံမှာ အပူလှိုင်းဖြတ်မယ် လို့ကြေညာ ထားပေမယ့် လက်ရှိချိန်အထိကတော့ မြန်မာနိုင်ငံမှာတော့ အပူလှိုင်းဖြတ်နိုင်ဖွယ် မရှိ သေးဘူးလို့ သူကပြောပါတယ်။

" ကျနော်တို့ မိုးလေဝသမှာတော့ အပူလှိုင်းဖြတ်တယ်ဆိုတာက ကျနော်တို့မှာ သတ်မှတ်ချက် ရှိပါတယ်။ ၇ ဒီဂရီ ၈ဒီဂရီလောက်ကို ပုံမှန်အပူချိန်ထက်ကို တက်ရမယ်။ ဖြစ်စဉ်က အနည်းဆုံး သုံးရက်ဆက်တိုက်ကို ပူနေမယ်ဆိုရင် ဒါကို အပူလှိုင်းဖြတ်တယ်လို့ခေါ်ပါတယ်။ အဲ့တော့ ဒီလိုဖြစ်လာဖို့က ကျေျနာ့်အနေနဲ့ပြောရရင် ဖြစ်လာဖို့က အလားအလာမရှိဘူးပေါ့နော်။"

မြန်မာနိုင်ငံအဝှမ်းနေ့အပူချိန်တွေမှာ ချောက်မြို့နယ်မှာ ထူးခြားအပူချိန် ၄၅ဒီဂရီစင်တီဂရိတ်ထိ မေ ၄ရက်နေ့က တက်ခဲ့ပေ မယ့် ပြီးခဲ့တဲ့နှစ်နဲ့ယှဉ်မယ်ဆိုရင် လျော့နည်းနေသေးပြီး အပူဆုံးအခြေအနေတခုမဟုတ်သေးဘူးလို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားမှုဦးစီးဌာနကပြောပါတယ်။ ဒါပေမယ့် အပူချိန်တွေက မုတ်သုံမဝင်ခင်အထိ ဆက်လက်မြင့်တက်လာနိုင်တာကြောင့် အပူဒဏ်ကို ဂရုပြုဖို့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက အကြံပြုထားပါတယ်။

ဒီကနေ့ မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာနကထုတ်ပြန်ထားချက်အရ ကယား မေလ ပျှမ်းမျှအပူချိန်ထပ် ၆ဒီဂရီစင်တီဂ ရိတ်၊ ဧရာဝတီ၊ ကချင်၊ ရှမ်းဒေသတို့တွေ မှာ မေလ ပျှမ်းမျှအပူချိန်ထပ် ၄ဒီဂရီနဲ့ တခြားနေရာတွေမှာတော့ မေလ ပျှမ်းမျှအပူချိန် ထပ် ၂ဒီဂရီစီတိုးလာတယ်လို့ ဆိုပါတယ်။ တနင်္သာရီ၊ ကရင်၊ မွန်၊ စစ်ကိုင်း၊ ကချင်၊ ကယားတို့မှာ နေရာကျဲကျဲနဲ့ နေပြည်တော်၊ မန္တလေး၊ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ချင်းနဲ့ရှမ်းဒေသတွေမှာ နေရာကွက်ကျားမိုးရွာနိုင်မယ့် အနေအထားရှိနေတယ်လို့ ထုတ်ပြန် ထားပါတယ်

XS
SM
MD
LG