သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးဝင်းထိန်အပေါ် တပ်မတော် ကြေညာချက် သတင်းမီဒီယာတချို့ သုံးသပ်


NLD ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး။
NLD ပါတီခေါင်းဆောင်တွေဖြစ်တဲ့ ဦးဝင်းထိန်၊ ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးတင်ဦး။

NLD နဲ့ပတ်သက်ပြီး အွန်လိုင်းမှာပြန်နှံ့နေတဲ့သတင်းမှားတွေနဲ့ပတ်သက်လို့ “အချို့တပ်မတော်အဖွဲ့အစည်းတွေကပဲ လုပ်သလား မှန်းဆရခက်တယ်”ဆိုပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် ဦးဝင်းထိန်ရဲ့ သတင်းမီဒီယာအပေါ်ပြောဆိုချက်ဟာ တပ်မတော်ကို အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုအဖြစ် ပြင်းထန်စွာကန့်ကွက်ပြီး လိုအပ်သောတုန့်ပြန်မှုတွေ ဆောင်ရွက်သွားမယ်ဆိုတာကို တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့ဘက်က သတင်းထုတ်ပြန်ခဲ့ပါတယ်။ ဒါဟာ တပ်မတော်အနေနဲ့ တပ်ကိုထိခိုက်နစ်နာစေမယ့် စကားလုံးမျိုး၊ ဘယ်လိုပြောဆိုဝေဖန်မှုကိုမှ လက်မခံပဲ အကဲဆတ်စွာ ချက်ခြင်းတုန့်ပြန်တဲ့ သဘောဖြစ်သလို တပ်မတော်နဲ့ပတ်သက်တဲ့ သတင်းထုတ်ပြန်ချက်တွေ၊ ရေးသားဖော်ပြမှုတွေမှာ အချက်အလက်တွေ၊ အသုံးအနှုန်းတွေကို သတိထားကြစေဖို့တပ်မတော်ဘက်က သဘောထားကို ထုတ်ဖော်ပြလိုက်တဲ့သဘောဖြစ်နေတယ်လို့လည်း သတင်းမီဒီယာသမားတွေက သုံးသပ်ကြပါတယ်။ အသေးစိတ် မဆုမွန် တင်ပြထားပါတယ်။

ပြီးခဲ့တဲ့ မေလ ၄ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဗဟိုအလုပ်အမှုဆောင် အဖွဲ့ဝင်လည်းဖြစ် NLDပါတီရဲ့ ပြောရေးဆိုခွင့်ရှိသူတစ်ဦးဖြစ်တဲ့ ဦးဝင်းထိန်က နေပြည်တော် စည်ပင်ဧည့်ရိပ်သာမှာ သတင်းမီဒီယာတွေနဲ့တွေ့ဆုံရှင်းလင်းပွဲ လုပ်ခဲ့ချိန် အခုသီတင်းပတ်အတွင်း လက်ရှိအာဏာရအစိုးရဖြစ်တဲ့ NLD အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်အစိုးရနဲ့ပတ်သက်ပြီး လူမှုကွန်ရက်တွေနဲ့ အင်တာနက်စာမျက်နှာတွေမှာ ကောလဟာလသတင်းတွေ အမျိုးမျိုးပြန့်နှံ့ထွက်ပေါ်နေတဲ့အပေါ် ဒီသတင်းတွေဟာ မဟုတ်မမှန်ကြောင်း ရှင်းလင်းခဲ့တာပါ။

ဒီလိုရှင်းလင်းရမှာတော့ အခုလို သတင်းမှားတွေ ထွက်ပေါ်နေတဲ့အပေါ် ဘယ်သူ၊ ဘယ်အဖွဲ့အစည်းအပေါ် သံသယရှိပါသလဲ ဆိုတဲ့ မေးခွန်းအပေါ်မှာ ဦးဝင်းထိန်ဘက်က “ဘယ်သူတွေကို သံသယရှိလဲဆိုတာ ပြောရခက်တယ်။ ဘာကြောင့်လဲဆိုတော့ ကြားနေရတာတွေက အများကြီးဖြစ်ပြီး။ ကြံ့ခိုင်ရေးကပဲ လုပ်သလား။ အချို့တပ်မတော်အဖွဲ့အစည်း တွေကပဲ လုပ်သလား။ ကျွန်တော်တို့ကို မလိုလားတဲ့ အိုင်တီမှာ ကျွမ်းကျင်တဲ့သူတွေကပဲ လုပ်သလား မှန်းဆရခက်တယ်”ဖြေကြားခဲ့ပြီး ဒီဖြေကြားချက်ဟာ နိုင်ငံတော်ကာကွယ်ရေးနှင့် လုံခြုံရေးတာဝန်ကို ထမ်းဆောင်နေတဲ့ တပ်မတော်အပေါ် အခြေအမြစ်မရှိ ပုတ်ခတ်ပြောဆိုမှုဖြစ်ပြီး ဒီအပေါ် ပြင်းထန်စွာ ကန့်ကွက်ကြောင်းနဲ့ လိုအပ်တဲ့တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့ တပ်မတော်ဆော သတင်းမှန်ထုတ်ပြန်ရေးအဖွဲ့ဘက်က မေလ (၅)ရက်နေ့ နေ့စွဲနဲ့ သတင်းထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

တပ်မတော်ဘက်က သတင်းမီဒီယာဖြစ်စေ လူပုဂ္ဂိုလ်ဖြစ်စေ အဖွဲ့အစည်းဖြစ်စေ တပ်မတော်အပေါ်မှာထိပါးဝေဖန်ပြောဆိုချက်တွေနဲ့ သတင်းမီဒီယာတွေပေါ်မှာ ရေးသားဖော်ပြချက်တွေအပေါ် လက်မခံပဲ ချက်ခြင်းတုန့်ပြန်တတ်တဲ့သဘောဖြစ်တယ်လို့ သတင်းမီဒီယာသမားတွေက သုံးသပ်ပါတယ်။ တပ်မတော်နဲ့ပတ်သက်ပြီး ကာကွယ်ရေးပစ္စည်းစက်ရုံသတင်းရေးသားဖော်ပြခဲ့တဲ့အတွက် နိုင်ငံတော် လျှို့ဝှက်ချက်ပေါက်ကြားမှုနဲ့ တရားစွဲဆိုခံရပြီး သတင်းထောက်တွေနဲ့အတူ နှစ်ရှည်ထောင်ဒဏ် အပြစ်ပေး အရေးယူထောင်ချခဲ့ရသူ Unity အပတ်စဉ်သတင်းဂျာနယ်ရဲ့ အမှုဆောင်အရာရှိ CEO ဦးတင့်ဆန်းကတော့ တပ်မတော်ဘက် အခုလိုသတင်းထုတ်ပြန်ချက်အပေါ် တပ်ဘက်ကတော့ သူတို့ကိုထိခိုက်စေမယ့်အရာ ဘယ်အရာမျိုးမဆို ပြင်းပြင်းထန်ထန်တုန့်ပြန်လေ့ရှိတယ်လို့ အခုလိုပြောပါတယ်။

"သူတို့တပ်ကို မထိနဲ့ သူတို့ရဲ့ခေါင်းဆောင်တွေကို မထိနဲ့ ထိလို့ရှိရင် အရေးယူမယ်။ ဥပဒေ အတိုင်း လုပ်မယ်ပေါ့နော် အဲ့လိုပြင်းပြင်းထန်ထန်သတိပေးမှုတွေနဲ့ လုပ်နေမှာပဲ။ ဒီ NLD ကသာ အမျိုးသားပြန်လည်သင့်မြတ်ရေးဆိုပြီး တချိန်လုံးအော်ပြီး တပ်နဲ့ပတ်သက်ပြီး အထိအတွေ့ သိပ်မလုပ်ဘူး။ ဒါတောင် ဦးဝင်းထိန်က နည်းနည်းလေးကျွံသွားတာ။အဲ့ဒီ့ကျွံသွားတဲ့သေးသေးလေးတောင် သည်းညည်းမခံပဲနဲ့ ဒီလိုတုန့်ပြန်တဲ့အနေအထားမှာ ရှိနေတယ်။

တပ်တချို့လို့ သုံးလိုက်တယ် သူက ဦးဝင်းထိန်ရဲ့စကားလုံးမှာလေ။ တပ်တခုလုံးလို့သုံးလိုက်တာမဟုတ်ဘူး။ တပ်တချို့လို့သုံးလိုက်တာ အဲ့ဒီ့အပေါ်မှာ မူတည်ပြီး NLD အစိုးရကို တပ်ကနေပြီးတော့ သတိပေးလိုက်တဲ့အနေအထားလို့ ကျနော်ကတော့ ဒီလိုပဲမြင်ပါတယ်ခင်ဗျ။

အဲ့ဒီ့တော့ ကျနော်တို့ ရှေ့ဆက်ပြီးသွားလို့ရှိရင် မီဒီယာပဲဖြစ်ဖြစ် တိုင်းပြည်က ပြည်သူတယောက်ပဲဖြစ်ဖြစ် ကိုမျိုးရန်နောင်သိမ်းတို့လို့ ပုဂ္ဂိုလ်မျိုးပဲဖြစ်ဖြစ် သူတို့ကတော့ သူတို့တပ်ကို နည်းနည်းထိတာနဲ့ တုန့်ပြန်မယ်ဆိုတဲ့အမြင်မျိုးကတော့ သူတို့မှာ ရှိပြီးသားပဲ။"

ဦးဝင်းထိန်အနေနဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ ဗဟိုအလုပ်အမှုဆောင်အတွင်းရေးမှူးဖြစ်ပြီး ပါတီကို ကိုယ်စားပြုပြီး သတင်းမီဒီယာတွေကို တွေ့ဆုံရှင်းလင်းရာမှာ အခြေအမြစ်ခိုင်လုံခြင်းမရှိပဲ သံသယစိတ်အပေါ် အခြေခံပြီး တပ်မတော်ကို ထည့်သွင်းပုတ်ခတ်စွပ်စွဲပြောဆိုခြင်းဟာ တပ်မတော်ရဲ့ဂုဏ်သိက္ခာကို များစွာ ထိခိုက်စေတယ်ဆိုပြီးလည်း သတင်းထုတ်ပြန်ချက်ထဲ ပါရှိပါတယ်။

အခုလိုမျိုး တပ်မတော်ဘက်က NLD ပါတီရဲ့ ဗဟိုအလုပ်အမှုဆောင်တဦးနဲ့ပတ်သက်ပြီးပြင်းထန်စွာကန့်ကွက်ကြောင်းနဲ့ လိုအပ်သလို တုန့်ပြန်မှုတွေကို ဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်ချက်နဲ့ပတ်သက်လို့ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ကို ဆက်သွယ်မေးမြန်းရာမှာတော့ ဒီကိစ္စနဲ့ပတ်သက်ပြီး တစုံတရာ သဘောထားမပေးလိုသေးဘူးလို့ ငြင်းဆိုသလို ဦးဝင်းထိန်ကိုလည်း ဆက်သွယ်လို့မရခဲ့ပါဘူး။

ဦးဝင်းထိန်ကို အခုလိုသတင်းထုတ်ပြန်တာအပါအဝင် သတင်းမီဒီယာတချို့နဲ့တပ်မတော်ကြား လတ်တလောဖြစ်နေတဲ့ ကိစ္စရပ်တချို့ကို ကြည့်မယ်ဆိုရင် တပ်မတော်နဲ့ပတ်သက်တဲ့သတင်းထုတ်ပြန်ချက်တွေ၊ ရေးသားဖော်ပြမှုတွေမှာ အချက်အလက်တွေ၊ အသုံးအနှုန်းတွေကို သတိထားကြစေဖို့တပ်မတော်ဘက်က သဘောထားကို ထုတ်ဖော်ပြလိုက်တဲ့သဘောဖြစ်နေတယ်လို့လည်း သတင်းမီဒီယာကောင်စီ အဖွဲ့ဝင်တဦးဖြစ်တဲ့ဦးမြင့်ကျော်က ရှု့မြင်ပါတယ်။

"တပ်နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေရော၊ အသုံးအနှုံးတွေရော သတိထားဖို့ နောက်တခုက တပ်နဲ့ပတ်သက်တဲ့သတင်းအချက်အလက်တွေ မှားတာမျိုး နောက်ပြီးတော့ တပ်နဲ့ပတ်သက်ပြီး တခုခု အာဘော်ရေးသားတာမျိုး အဲ့လိုဟာမျိုးတွေ သူတို့နည်းနည်းတော့ သီးမခံတဲ့သဘောတွေတော့ တွေ့ရတယ်။

တခုပြောချင်တာကတော့ မီဒီယာကနေ- ဦးဝင်းထိန်ကတော့ အဓိက ပေါ့လေ။ မီဒီယာကနေ တပ်နဲ့ပတ်သက်ရင် အသုံးအနှုံးတွေရော အချက်အလက်တွေရော သတိထားဖို့ဆိုတဲ့ဟာမျိုးကို တပ်ဘက်က Message ပေးချင်တယ်။ ဒီလိုမျိုး စည်းတခုကို တားပြပြီး ဒီစည်းကို မကျော်နဲ့ဆိုတဲ့ဟာမျိုးကို တားပြချင်တဲ့ဟာမျိုးကို တွေ့နေရတာပေါ့နော်။"

လက်ရှိအာဏာရပါတီNLD ရဲ့ ဗဟိုအလုပ်အမှုဆောင်ဦးဝင်းထိန်ကို လိုအပ်သလိုတုန့်ပြန်ဆောင်ရွက်မယ်လို့တပ်မတော်ဘက်က သဘောထား ထုတ်ပြန်ကြေညာလိုက်သလိုပဲ လက်ရှိအာဏာရပါတီ NLD ရဲ့ ဗဟိုသုတေသနလမ်းညွှန်အဖွဲ့ အတွင်းရေးမှုးဦးမျိုးရန်နောင်သိမ်း က ရခိုင်ပြည်နယ် မြောက်ပိုင်းဘက်က အကြမ်းဖက်တိုက်ခိုက်ခံရတာနဲ့ ပတ်သက်လို့ တာဝန် အရှိဆုံး ပုဂ္ဂိုလ်ဟာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်ဖြစ်ပြီး တာဝန်ကနေ နှုတ်ထွက်ပေးဖို့ ဆိုတဲ့ သဘောမျိုးဖေ့ဘုတ် လူမှုကွန်ရက်ပေါ်မှာ ရေးသားခဲ့တာပါ။

ဒါကြောင့်လည်း ရန်ကုန်တိုင်း စစ်ဌာနချုပ်က တပ်နယ်မှုး ဒုတိယ ဗိုလ်မှုးကြီး လင်းထွန်းက တရားလိုလုပ်ပြီး ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆ ဃနဲ့ ဦးမျိုးရန်နောင်သိမ်းကို အမှု ဖွင့်တိုင်ကြားလိုက်ပြီး ပြီးခဲ့တဲ့ လကပဲ ထောင်ခြောက်လချခဲ့တာပါ။ အခုလို အမျိုးသားပြန်လည်သင့်မြတ်ရေးနဲ့ အမျိုးသားရင်ကြားစေ့ရေး ဖော်ဆောင်နေချိန်မှာပဲ အာဏာရပါတီNLD ဘက်က တပ်အပေါ်ပြောဆိုဝေဖန်မှုတွေနဲ့ ပတ်သက်လို့ တပ်ဘက်က သဘောထား ထုတ်ပြန်လိုက်တာလည်းဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG