သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မင်္ဂလာတောင်ညွန့်မှာ ဆူပူမှုဖြစ်ပွား


မင်္ဂလာတောင်ညွန့်မှာ ဆူပူမှုဖြစ်ပွား
မင်္ဂလာတောင်ညွန့်မှာ ဆူပူမှုဖြစ်ပွား

ရန်ကုန်မြို့မင်္ဂလာတောင်ညွန့် မြို့နယ်ထဲမှာရှိတဲ့ တိုက်ခန်းတခုမှာ တရားမဝင်နေထိုင်သူ တွေရှိတယ်လို့ဆိုပြီး သံဃာ တချို့ ပါဝင်တဲ့ မျိုးချစ်အင်အားစုဆိုသူ လူတစုက အတင်းဝင်ရောက်ရှာဖွေခဲ့ပါတယ်။

ဒီလုပ်ရပ်ကြောင့် ရပ်ကွက်နေပြည်သူတွေနဲ့ မျိုးချစ်အင်အားစုဆိုသူတွေကြား ထိပ်တိုက်ရင်ဆိုင်မှုတွေဖြစ်ခဲ့တဲ့အတွက် ရဲက ဗလာကျည်ပစ်ဖောက်ပြီး လူစုခွဲခဲ့ရပါတယ်။ ရဲနဲ့ ရပ်ကွက်တာဝန်ရှိသူတွေတားနေတဲ့ကြားက ဆူပူမှုဖြစ်အောင် အင်အားနဲ့လာရောက်လှုံဆော်ပုံရတဲ့ အတွက် ရပ်ကွက်ပြည်သူတွေကလည်း လုံခြုံရေးအတွက် စိုးရိမ်တယ်လို့ VOA ကိုပြောပါတယ်။

အပြည့်အစုံကို စုံစမ်းထားတဲ့ မအင်ကြင်းနိုင်က ဆက်ပြီးတင်ပြပါမယ်။

ရန်ကုန်မြို့က မွတ်စလင်အများစုနေတဲ့ မင်္ဂလာတောင်ညွန့်မြို့နယ်ထဲက (၁၂၃)လမ်း တိုက်ခန်းတခုမှာ ခိုးဝင်နေထိုင်သူတွေရှိနေတယ်ဆိုပြီးသံဃာတချို့ ဦးဆောင်တဲ့ လူတစုဟာ ရဲတွေ၊ လဝက အရာရှိတွေကို ခေါ်ဆောင်ပြီး အင်္ဂါနေ့ည (၁၀)နာရီလောက်ဝန်းကျင်မှာ အတင်းဝင်ရောက် ရှာဖွေခဲ့ကြပါတယ်။

အတူလိုက်ပါသွားတဲ့ အာဏာပိုင်တွေဘက်က ဥပဒေမဲ့ နေထိုင်သူတွေ မတွေ့ရဘူးလို့ ပြန်ပြီးဖြေရှင်းတဲ့အချိန်မှာစပြီး ပြသနာ ဖြစ်ပွားခဲ့ကြောင်း အဲဒီမှာ နေထိုင်တဲ့ ကိုလှထွန်းက ဗွီအိုအေကို အခုလိုပြောပြပါတယ်။

“ည ၁၀ နာရီ လောက်မှာ ဘုန်းကြီး ၂ ပါး ပါတယ်။ အပေါ်တက်လာတယ်။ ၅ လွှာကို တက်လာပြီးတော့ ဒီမှာ ရိုဟင်ဂျာ ရှိတယ်။ ရှိတာ မရှိတာ လာစစ်တယ်။ စစ်တဲ့အခါကျတော့ မရှိဘူး ပြောတဲ့ အခါကျတော့ မရဘူးတဲ့။ ရဲကိုလည်း ခေါ်တယ် သူတို့က။ ရဲကလည်း ရဲအက်နဲ့လည်း ဖမ်းလို့ မရဘူး။ လဝက အက် နဲ့လည်းမငြိဘူး။ ရိုဟင်ဂျာလည်း မရှိဘူးပေါ့။ အဲဒါ သူတို့က ဆင်းချလာပြီးတော့ အဲဒါ လမ်းထိပ်မှာ အော်တာ။ အော်တဲ့ အခါကျတော့ ဒီဘက် ဆဲကြတာပေါ့ဗျာ။ ညစ်ညစ်ညမ်းညမ်းတွေ ဆဲကြတယ်။ ဘုန်းကြီး တချို့က။ ဆဲတဲ့ အခါကျတော့မှ ဒီဘက်က လူတွေ အုပ်လိုက်ကြီး ထွက်လာပြီးတော့ အဲဒီမှာ ခဲနဲ့ပစ်တယ်။ ဟိုက ပစ်တယ်ဆိုတော့ မှန်တချပ် ကွဲသွားတယ်။ ကားမှန်။ အဲဒီ အခြေအနေကနေ ပြီးတော့မှ အခုဟာ လူတွေက အုံလိုက် အကျင်းလိုက်တွေ ထွက်လာကြတဲ့ သဘော ဖြစ်သွားတဲ့ သဘောဘဲ။”

မင်္ဂလာတောင်ညွန့်မှာ ဆူပူမှုဖြစ်ပွား
မင်္ဂလာတောင်ညွန့်မှာ ဆူပူမှုဖြစ်ပွား

ဗွီအိုအေက ဆက်သွယ်မေးမြန်းချိန် ည (၁၂)နာရီလောက်ဝန်းကျင်အထိ အခြေအနေတွေဟာ တင်းမာနေခဲ့ပါတယ်။ အဲဒီမှာ မင်္ဂလာတောင်ညွန့် ရဲစခန်းကနေ ဆူပူအော်ဟစ်ပြီး ကားတွေနဲ့ ပြန် မောင်းထွက်လာတဲ့ မျိုးချစ်အင်အားစုဆိုတဲ့ လူအင်အား (၁၀၀)နီးပါးလောက်ဟာ ရပ်ကွက်ကို ပြန်မောင်းလာချိန် လမ်းပေါ်ထွက် လုံခြုံရေးစောင့်နေတဲ့ ရပ်ကွက်နေထိုင်သူတွေကို ရိုင်းရိုင်းစိုင်းစိုင်း ဆဲဆိုအော်ဟစ်ခဲ့တဲ့အတွက် ရုန်ရင်းဆန်ခတ်ဖြစ်ခဲ့ပြီး ရဲလုံခြုံရေးတွေဘက်က ဗလာကျည် ပစ်ဖောက် လူစု ခွဲခဲ့ရကြောင်း မျက်မြင်သက်သေဖြစ်တဲ့ ကိုမိုးမြင့်ဦးက အခုလိုပြောပြပါတယ်။

“ လူတွေက အကုန်လုံး ထိတ်လန့် နေပြီလေ။ ဟိုမှာ ကားနဲ့လှည့်ပတ်ပြီး အော်နေတဲ့ လူတွေက တစီးပြီး တစီး ဆိုတာ လမ်းပေါ်မှာ လူတွေက အများကြီး။ အဲဒီအချိန်မှာ ဒီဘက်က လူတွေက ဟာ ဒီကောင်တွေကတော့ ငါတို့ကို စိန်ခေါ်တာဘဲ ဆိုပြီးတော့ ဖြစ်လာတဲ့ အခါကျတော့ လူထုကလည်း လမ်းကို ဖြတ်တဲ့ အချိန်မှာ လူအုပ်က နောက်ကနေ လိုက်လာတယ်။ လိုက်လာတဲ့ အခါကျတော့ ရဲကလည်း သုံးချက်တော့ ပစ်တယ်။ အသံကတော့ ကျနော်တို့ ကြားတာ သုံးချက်။ ဒါပေမယ့် လူထိမှန်ခြင်းတော့ မရှိဘူး။ ဒါပေမယ့် ဗလာကျည်လို့ ကျနော်တို့ ထင်ရတယ်ဗျ။ ”

အစောပိုင်းတုန်းကလည်း သံဃာတချို့နဲ့ မျိုးချစ်အင်အားစုဆိုသူတွေဟာ လမ်းပေါ်မှာ လျှောက်နေတဲ့ လူနှစ်ဦးကိုလည်း ကိုင်ဆောင်လာတဲ့ သံတုတ်တွေနဲ့ ရိုက်နှက်ခဲ့တဲ့အတွက် ထိခိုက်ဒဏ်ရာရသူတဦး ကတော့ အတွင်းလူနာအဖြစ်ကုသနေရကြောင်း ကိုမိုးမြင့်ဦးက ပြောပါတယ်။

“ ခုန ပထမဆုံး ရိုက်ခံရတဲ့ ကောင်ကတော့ ဆေးရုံမှာ မသေဘူးလို့ ကြားတယ်ဗျ။ ဒဏ်ရာတော့ ရသွားတာပေါ့ဗျာ။ ”

မအင်ကြင်းနိုင်။ ။ ဟုတ်ကဲ့။ သူတို့က အဲဒီလူကို ဘယ်လို ရိုက်လိုက်တာလဲရှင့်။

ကိုမိုးမြင့်ဦး။ ။ လမ်းလေ ျှာက်လာရင်းနဲ့လေ ဘာလဲ ဘာကောင်လဲ ညာကောင်လဲ ဆိုပြီး အဲဒီမှာ ခိုးဝင် ဘင်္ဂါလီ ဆိုပြီး ရိုက်တာဘဲ။ ရိုက်တာမှ သံတုတ်တွေရော ဘာတွေရော ရိုက်ကြတာ။ သွေးထွက်သံယိုတွေနဲ့ ဖြစ်တယ်။

အခုလိုမျိုး အကြမ်းဖက် တိုက်ခိုက်မှုတွေကြောင့် ရန်ကုန်မြို့နေပြည်သူတွေဟာ လုံခြုံရေးအတော်လေးကို စိုးရိမ်နေကြကြောင်း ကိုမိုးမြင့်က ပြောပါတယ်။

“ ဒီ တောင်ညွန့် တရပ်ကွက်လုံးက ဘယ်သူမှ မအိပ်နိုင်ကြဘူး ဖြစ်နေတာ။ လူကြီး၊ လူငယ် ၊ ကလေး အကုန်လုံး လုံး၀ မအိပ်နိုင်ဘူး။ မအိပ်နိုင်ဘူး ဆိုတာ ဘာကြောင့်တုန်း ဆိုတော့ စိုးရိမ် ထိတ်လန့်မှုနဲ့ နေနေရတဲ့ ဘ၀ ဖြစ်နေတယ်။ ”

တရားမဝင်နေထိုင်သူတွေရှိတယ်ဆိုတဲ့စွပ်စွဲချက်တွေကို ဥပဒေနဲ့ အညီကိုင်တွယ်ဖြေရှင်းရမှာသာဖြစ်ပြီး အခုလို အကြမ်းဖက် ဆူပူအောင်လှုံဆော်တာဟာ သွေးရိုးသားရိုးမဟုတ်ဘူးလို့ မနေ့ညက အခင်းဖြစ်တဲ့နေရာကို ကိုယ်တိုင်ရောက်ရှိနေတဲ့ မင်္ဂလာတောင်ညွန့် ရန်ကုန်တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်က ဗွီအိုအေကို ပြောပါတယ်။

“ အခုအချိန်မှာ အခုလို ဖြစ်တာကတော့ သွေးရိုး သားရိုး မဟုတ်ဘူး လို့ ကျနော်တော့ ယူဆတယ်။ တရားမဝင် နေထိုင်တဲ့သူတွေ ရှိ မရှိတော့ ကျနော်လည်း မသိဘူးပေါ့နော်။ အဲဒီတော့ တရားမဝင် နေထိုင်တဲ့သူတွေ ရှိတယ် ဆိုလို့ရှိရင်လည်း အရေးယူ ဆောင်ရွက်ရမှာက အုပ်ချုပ်ရေးပိုင်းကလူတွေ အရေးယူရပါလိမ့်မယ်။ ရဲနဲ့ အုပ်ချုပ်ရေးပိုင်းနဲ့ဘဲ တိုက်ရိုက် သက်ဆိုင်ပါလိမ့်မယ်။ အခု ဒီလို ဖြစ်နေတဲ့ အနေအထားက သွေးရိုး သားရိုး မဟုတ်ဘူး။ အဲဒီ အတွက်ကြောင့် မို့လို့ ရန်ကုန်တိုင်း အစိုးရ အဖွဲ့ အနေနဲ့ ဘယ်လို အရေးယူမလဲ ဆိုတာ ကျနော်တို့က မေးရပါလိမ့်မယ်။ ”

အမျိုးသားရေးအင်အားစုဆိုတဲ့ အုပ်စုရဲ့ လုပ်ရပ်ဟာ ဥပဒေနဲ့ မညီတဲ့အပြင် ရည်ရွယ်ချက်ရှိရှိ ဆူပူမှုဖြစ်အောင် လှုံဆော်တယ်လို့ မြင်ကြောင်း မင်္ဂလာတောင်ညွန့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြောပါတယ်။

“ အခုက ကျမတို့ ပြောရင် မင်္ဂလာ တောင်ညွန့် မြို့နယ်က တော်တော်လေးကို အေးအေးချမ်းချမ်း ရှိနေတာလေ။ နဂို ကတည်းကလည်း ကျမတို့ ဒီ မိတ္ထီလာ ကိစ္စ ဖြစ်ခဲ့တယ်။ ရခိုင် ပြဿနာတွေ ဖြစ်ခဲ့တယ်။ ကျမတို့ မင်္ဂလာ တောင်ညွန့်ဘာမှ မဖြစ်ခဲ့ဘူးပေါ့နော်။ အားလုံးကလည်း စည်းစည်းလုံးလုံး ရှိတယ်။ ညီညီညွတ်ညွတ်နဲ့ ဘယ်လိုဘဲ ဖြစ်ဖြစ် လုပ်ကြ ကိုင်ကြ ရှိကြတာကိုးနော်။ ဒါ ဒီနေ့ ဖြစ်သွားတဲ့ ပုံစံကြီးက ရိုးသားမှုမရှိဘူး။ ရည်ရွယ်ချက် ရှိရှိ လုပ်တယ်လို့ ကျမတို့ မြင်တာပေါ့နော်။ နောက်ပြီးတော့ အိမ်တွေ ဝင်ရှာတယ်ဆိုတာ တကယ့် တကယ် ပြောရမယ်ဆိုရင် တကယ် လုပ်ရမှာက တာဝန်ရှိတဲ့ လူတွေ၊ မြို့နယ် ရဲတပ်ဖွဲ့ဝင်တွေ ရှာမယ်။ ရှာတယ်ဆိုတာ တောင်မှ အခု အရင်လို ရှာခွင့် ရှိတော့တာ မဟုတ်တော့ဘူးလေ။ တရားဝင် သူတို့ ဝရမ်းတွေ ပါရမယ်။ နောက်ပြီးတော့ အိမ်ရှင်တွေကို အသိပေးပြီးတော့ ဝင်တာတွေ ဘာတွေ လုပ်ရမယ်။ အခုလိုမျိုး လုပ်ခွင့် မရှိဘူး ပေါ့နော်။ အဲလို အခြေအနေမျိုးမှာ အခု အဲလို မျိုးကြီး လုပ်သွားတဲ့ ပုံစံတွေကတော့ တော်တော်ကြီးကို ကျမတို့ကတော့ ရိုးသားမှုမရှိဘူးလို့တော့ မြင်တယ်။ တမင်သက်သက် ကျမတို့ တည်တည်ငြိမ်ငြိမ် အေးအေးချမ်းချမ်း ဖြစ်နေတဲ့ ပြည်သူတွေကို ဆူပူမှု ဖြစ်အောင် လှုံ့ဆော်နေတယ်လို့လည်း မြင်တယ်။ နောက်ပြီးတော့ လာတဲ့ လူတွေမှာလည်း သာမာန် သူလို ကိုယ်လို မဟုတ်ဘူး။ တုတ်တွေပါတယ်။ ဓားတွေ ပါတယ်ပေါ့နော်။ ဆိုတော့ အဲလိုဟာ ရည်ရွယ်ချက် ရှိတယ်လို့တော့ ကျမ အဲလို မြင်ပါတယ်။ ”

တုတ်တွေ၊ ဓါးတွေ ကိုင်ဆောင်ထားတဲ့ အမျိုးသားရေးအင်အားစုဆိုတဲ့ လူအုပ်ဟာ ကားတွေနဲ့ ဗဟန်းမြို့နယ် ရွှေကျင်ကျောင်းတိုက်ဘက်ကို ဆက်လက်ထွက်ခွာသွားကြပြီး အဲဒီကတဆင့် တညလုံးနီးပါး ရန်ကုန်မြို့ဝန်းကျင်တဝိုက် မောင်းနှင်သွားလာခဲ့ကြောင်း မျက်မြင်သက်သေတွေက ဗွီအိုအေကိုပြောပါတယ်။

မင်္ဂလာတောင်ညွှန့်မြို့နယ်တဝိုက် လက်ရှိမှာ အခြေအနေတွေဟာ တည်ငြိမ်နေကြောင်း သက်ဆိုင်ရာ ရဲစခန်းက ဗွီအိုအေကို ပြောပါတယ်။

ဧပြီလ (၂၈)ရက်နေ့ကလည်း သံဃာတော်တချို့ အပါအဝင် အမျိုးသားရေးအင်အားစုဆိုတဲ့ လူအင်အား ၁၀၀ နီးပါးဟာ မြို့နယ် အာဏာပိုင်တွေကို သွားရောက်ဖိအားပေး ခဲ့တာကြောင့် သာကေတမြို့နယ်မှာရှိတဲ့ အစ္စလာမ်စာသင်ကျောင်း နှစ်ကျောင်းကို အာဏာပိုင်တွေက ယာယီ ချိတ်ပိတ်ခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG