သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂျပန်လူဝင်မှုကြီးကြပ်ရေး အချုပ်မှာ မြန်မာအပါအဝင် ဖမ်းဆီးခံရသူတွေ အစာငတ်ခံဆန္ဒပြ


ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ( မေ ၂၅-၂၀၁၇)
ဂျပန်နိုင်ငံ လူဝင်မှုကြီးကြပ်ရေးဌာန ( မေ ၂၅-၂၀၁၇)

ဂျပန်နိုင်ငံက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေး အချုပ်စခန်းတွေမှာ ကျန်းမာရေး စောင့်ရှောက်မှု ညံ့ဖျင်းနေတာကြောင့် ဒါကို ကောင်းမွန်လာအောင် ပြုပြင်ပေးဖို့ဆိုပြီး မြန်မာနိုင်ငံသားတွေ အပါအဝင် အထိန်းသိမ်းခံ လူဆယ်ဂဏန်းလောက်ဟာ ဒီရက်ပိုင်းအတွင်း အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။ ဒီအပေါ်မှာတော့ ဂျပန်အစိုးရက လိုက်လျှောဖြေရှင်းပေးတဲ့ အခြေနေတွေ မတွေ့ရသေးဘူးလို့ လူ့အခွင့်အရေး လှုပ်ရှား သူတွေက ပြောပါတယ်။ ဆက်သွယ်မေးမြန်းထားတဲ့ ကိုဉာဏ်ဝင်းအောင်က တင်ပြပါမယ်။

နောက်ခံအကြောင်းအမျိုးမျိုးနဲ့ ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်တောင်းခံခဲ့ကြတဲ့ မြန်မာအပါအဝင် နိုင်ငံခြားသားတွေထဲက တချို့ကို အကြောင်းပြချက် မခိုင်လုံလို့ဆိုပြီး ဂျပန်အစိုးရက လူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းရေးစခန်းတွေမှာ လပေါင်းများစွာ ချုပ်နှောင်ဖမ်းဆီးထား တာပါ။ ဂျပန်နိုင်ငံ လ.ဝ.က ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံထားရတဲ့ နိုင်ငံခြားသားတွေကို သတ်မှတ်ခွဲတမ်းနဲ့ အစားသောက် ကျွေးမွေးတယ် ဆိုပေမယ့် ဆေးကုသမှု ကျန်းမာရေး စောင့်ရှောက်တဲ့အပိုင်းမှာ အားနည်းတာကြောင့် အထိန်းသိမ်းခံ နိုင်ငံခြားသား ၂၀ ကျော်က တိုကျိုမြို့ ရှင်နာဂါဝါ လ.ဝ.က ထိန်းသိမ်းရေးစခန်းမှာ မေလ ၉ ရက်နေ့ကစပြီး အစာငတ်ခံ ဆန္ဒပြခဲ့ကြပါတယ်။

အဲဒီနောက်ပိုင်း အစာငတ်ခံ ဆန္ဒပြသူ ၇၀ ကျော်ထိ ဖြစ်လာတယ်လို့ AP သတင်းတပုဒ်မှာ ဖေါ်ပြပါတယ်။ ဒီအခြေအနေနဲ့ ပတ်သက်လို့ လ.ဝ.က စခန်းမှာ အထိန်းသိမ်းခံရသူတွေကို သွားရောက်ကူညီလေ့ရှိတဲ့ တိုကျိုမြို့နေ ဦးကျော်ကျော်စိုး ပြောပြပါတယ်။

" ပထမဆုံး ကျနော်တို့ ကြားတဲ့သတင်းတွေအရ အီရန်ရယ် ဗီယက်နမ်ရယ် မြန်မာတွေလည်း ပါတယ်။တိုကျိုမြို့ ရှင်နာဂါဝါ လူဝင်မှုကြီးကြပ်ရေးထိန်းသိမ်းရေးစခန်းမှာ အစာငတ်ခံဆန္ဒပြတယ်ဆိုတဲ့သတင်းက ထွက်လာတယ်လေ။ နောက်ပိုင်းမှာ နာဂိုရာမှာရှိတဲ့ ထိန်းသိမ်းရေးစခန်းမှာလည်း ဆန္ဒပြတယ်ဆိုတာ ကျနော်တို့ ကြားသိရပါတယ်။ ပထမ သူတို့တောင်းဆိုတာက အကြာကြီးထိန်းသိမ်းခံရတာ သူတို့စိတ်ပိုင်းဆိုင်ရာ အများကြီးထိခိုက်လာတယ်ဆိုတဲ့ဟာနဲ့ အဲ့ဒီ့အခြေအနေကနေ ပိုကောင်းအောင် လုပ်ပေးဖို့၊ နောက် နာမကျမ်းဖြစ်တဲ့အခါမှာ ကျန်းမာရေးပြုစုစောင့်ရှောက် မှုပေါ့ လက်ရှိ အနေအထားထက်ပိုပြီးတော့ ကောင်းအောင် လုပ်ပေးဖို့ဆိုတဲ့အနေအထား ကို တောင်းဆိုတာ သိထားရပါတယ်။ ဥပမာဆိုရင် စနေ တနင်္ဂနွေရုံးပိတ်ရက်တွေမှာ ရုတ်တရက် နေမကောင်းဖြစ်တာဆိုရင် ဆရာဝန်နဲ့တွေ့ခွင့်မရဘူး ဘာဖြစ်လို့လဲဆိုတော့ ပိတ်ရက်ဖြစ်နေတဲ့အတွက်ဆိုတဲ့ ကေ့စ်တွေက ဟိုးအရင်ကတည်းက ရှိနေတယ်လေ။ "

ဆန္ဒပြနေသူတွေထဲမှာ တရုတ်၊ မြန်မာ၊ အီရန်၊ ဖိလစ်ပိုင်၊ နိုင်ဂျီးရီးယား၊ ဘင်္ဂလားဒေ့ရှ်၊ ပါကစ္စတန်၊ ဂါနာ၊ ပီရူး စတဲ့နိုင်ငံသားတွေလည်း ပါဝင် ပါတယ်။ အစာငတ်ခံဆန္ဒပြတာ ဟုတ်မှန်ကြောင်း ဂျပန်အစိုးရက သတင်းမီဒီယာတွေကို တရားဝင်ပြောခဲ့ပေမယ့် ဆန္ဒပြသူတွေရဲ့တောင်းဆို ချက်ကို လိုက်လျှောဖြေရှင်းတဲ့ အခြေနေမျိုး မတွေ့ရသေးပဲ ဒုက္ခသည်လျှောက်ထားသူတွေပေါ် ဂျပန်အစိုးရက နဂိုကထားတဲ့ တင်းကြပ်တဲ့ မူဝါဒတွေ အပြောင်းအလဲ မရှိသေးဘူးလို့ ဦးကျော်ကျော်စိုးက သုံးသပ်ပါတယ်။

"၂၀၁၆ ခုနှစ်မှာ ဂျပန်နိုင်ငံမှာ ဒုက္ခသည်အဖြစ် လျှောက်ထားတဲ့သူက ၈၀၀၀ နီးပါးရှိပါတယ်။ အခု ၂၀၁၇ ခုနှစ်မှာဆို စံချိန်တင်များလာမယ်လို့ ခန့်မှန်းတာရှိပါတယ်။ တစ်သောင်းကျော်နိုင်တဲ့အနေအထားရှိတယ်လို့ သူတို့ပြောထားပါတယ်။ အဓိက အချက်ကတော့ ဒီမှာလာပြီးတော့ အလုပ်လုပ်ကိုင်တဲ့သူတွေ အထူးသဖြင့် လေ့ကျင့်လုပ်သားပေါ့ Training Visa နဲ့ လာတဲ့သူတွေ သူတို့တိုင်းပြည်မှာ ချုပ်ခဲ့တဲ့စာချုပ်နဲ့ ဂျပန်ရောက်တဲ့အခါမှာ လုပ်ရတဲ့အလုပ်နဲ့ အမျိုးအစားနဲ့ ကွာဟမှုတွေဖြစ်လာတဲ့အခါမှာ သူတို့အလုပ်ကနေ ထွက်ပြေးလာပြီးတော့ ဒုက္ခသည်အဖြစ် လျှောက်ထားကြတာ။ အဲ့ကေ့စ်က ပိုများပါတယ်။ အစိုးရကတော့ နေထိုင်ခွင့်ပေးဖို့လည်း မစဉ်းစားပါဘူး။ အဓိက ကတော့ ဒီလူတယောက်က သူတို့လူမှုအသိုင်းအဝိုင်းအတွက် အခက်အခဲဖြစ်စေမှာလားဆိုတဲ့ ရှု့ထောင့်ကနေ ကြည့်တာများပါတယ်။"

လ.ဝ.က ထိန်းသိမ်းရေးစခန်းမှာ အဖမ်းခံထားရသူတွေထဲက တချို့ကို မူရင်းနိုင်ငံပြန်ပို့ဖို့ ဂျပန်အစိုးရက စီစဉ်နေတာတွေလည်းရှိပါတယ်။ အဲဒီလိုဆုံးဖြတ်ချက် ချခံထားရသူတွေ အနေနဲ့ မိခင်နိုင်ငံကို ပြန်ကြရမယ်လို့ ဂျပန်တရားရေးဝန်ကြီးဌာန အရာရှိတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လတုန်းကလည်း အသက် ၄၀ အရွယ် ဗီယက်နမ်နိုင်ငံသား တဦးဟာ တိုကျိုနဲ့မဝေးနဲ့ အီဘားရားကိခရိုင် လ.ဝ.က ထိန်းသိမ်းရေးစခန်းမှာ လေဖြတ် သေဆုံးသွားတယ်လို့ AP သတင်းဌာနမှာဖေါ်ပြပါတယ်။

တနိုင်ငံလုံးမှာရှိတဲ့ လ.ဝ.က ထိန်းသိမ်းရေးစခန်းတွေမှာ အဖမ်းဆီးခံထား ရတဲ့ ဗီဇာမဲ့ နိုင်ငံခြားသား အနည်းဆုံး ၁၃၀၀-ကျော်ရှိပါတယ်။ အဲဒီထဲမှာ တရုတ်နိုင်ငံသားတွေက အများဆုံးဖြစ်ပါတယ်။

ဂျပန်နိုင်ငံမှာ လက်ရှိနေထိုင်နေတဲ့ မြန်မာနိုင်ငံသား ၂ သောင်းနီးပါးရှိပြီး အဲဒီထဲမှာ နိုင်ငံရေး အကြောင်းပြချက်နဲ့ ဒုက္ခသည်အဖြစ် ခိုလှုံခွင့်ရထားသူ ၃၀၀ ကျော်ရှိပါတယ်။ အခြား ၇၀၀၀ ကျော်က Sepcial Status အထူးနေထိုင်ခွင့်ဗီဇာနဲ့ နေခွင့်ရထားပြီး၊ ကျန်မြန်မာနိုင်ငံသားတွေ ကတော့ ကျောင်းသား ဗီဇာနဲ့နေထိုင်သူတွေ ရှိသလို၊ Training Visa လေ့ကျင့်လုပ်သားဗီဇာ၊ ဂျပန်နိုင်ငံသားတွေနဲ့ အိမ်ထောင်ပြုထားတဲ့ ဗီဇာ စသဖြင့် အမျိုးမျိုး ရှိကြပါတယ်။

အထူးနေထိုင်ခွင့်ဗီဇာနဲ့ ခိုလှုံခွင့် လျှောက်ထားသူတွေဟာ အစပိုင်း ၆ လမှာ အလုပ်လုပ်ခွင့် မရှိပဲ၊ အဲဒီနောက်ပိုင်း ဂျပန်အစိုးရက တရားဝင်အသိမှတ်ပြုတဲ့ နေထိုင်ခွင့်ဗီဇာ မရသေးရင်တောင် အလုပ်လုပ်ခွင့်ရကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG