သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ အရေးပေါ်အုပ်ချုပ်ရေး သက်တမ်းတိုးတဲ့အပေါ် သုံးသပ်ချက်


နောက်ထပ် ၆ လ သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီ ကြေညာခဲ့ (ဇန်နဝါရီ ၃၁၊ ၂၀၂၄)
နောက်ထပ် ၆ လ သက်တမ်းထပ်တိုးကြောင်း စစ်ကောင်စီ ကြေညာခဲ့ (ဇန်နဝါရီ ၃၁၊ ၂၀၂၄)

စစ်အုပ်ချုပ်ရေး အရေးပေါ်ကာလကို နောက်ထပ် ၆ လ သက်တမ်းတိုးလိုက်တာဟာ စစ်ကောင်စီအနေနဲ့ အပြောင်းအလဲနဲ့ တည်ငြိမ်အောင် မလုပ်နိုင်ဘူးဆိုတာကို ပြတယ်လို့ သုံးသပ်နေကြပါတယ်။ မြန်မာစစ်ကောင်စီက ဒီကနေ့ ကာကွယ်ရေးနဲ့လုံခြုံရေးကောင်စီ အစည်းအဝေး ခေါ်ယူပြီး အရေးပေါ်အုပ်ချုပ်ရေးကို ၅ ကြိမ်မြောက်အဖြစ် ထပ်သက် တမ်းတိုးလိုက်တာပါ။ စစ်ကောင်စီက တည်ငြိမ်တဲ့ အုပ်ချုပ်ရေးကို မဖော်ဆောင်နိုင်ပေမယ့် ခုခံတော်လှန်ရေး အင်အားစုတွေဘက်ကတော့ အောင်မြင်မှုတွေ ဆက်ရနေတယ်လို့ ဦးဆောင်သူတွေကလည်း ပြောနေပါတယ်။ ကိုဝင်းမင်းက မေးမြန်း တင်ပြထားပါတယ်။

မနှစ်က ဇူလိုင်လကုန်မှာ နောက်ဆုံးသက်တမ်းထပ်တိုးခဲ့ပြီး အခု ထပ်သက်တမ်းတိုးမှုကို မြန်မာ့အသံက ဒီညနေ အခုလို ကြေညာခဲ့ပါတယ်။
"ယာယီသမ္မတဦးမြင့်ဆွေက လက်ရှိနိုင်ငံတော်မှာဖြစ်ပေါ်နေတဲ့ အခြေအနေများအရ အကြမ်းဖက်မှုတိုက်ဖျက်ရေးလုပ်ငန်းစဉ်များ ဆက်လက်ဆောင်ရွက်ရန်နဲ့ သာမာန်မဟုတ်သည့် အခြေအနေဖြစ်တဲ့အတွက် တာဝန်ထမ်းဆောင်မှုကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီအဖွဲ့ဝင်များ အားလုံး၏ သဘောတူဆွေးနွေးဆုံးဖြတ်ချက်များအရ နိုင်ငံတဝန်းလုံးအရေးပေါ် အခြေအနေ ကြေညာထားသည့်ကာလကို နောက်ထပ် ၆ လ တိုးမြှင့်သတ်မှတ်ကြောင်းကို အမျိုးသားကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီသို့ အသိပေးကြေညာအပ်ပါကြောင်းဖြင့် ပြောကြားပြီး ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေးကောင်စီ အစည်းအဝေး ၁/၂၀၂၄ ကိုရုတ်သိမ်းလိုက်တယ်လို့ သိရှိရပါတယ်ခင်ဗျာ"

တခြားအပြောင်းအလဲမတွေ့ရသေးတဲ့ ဒီသက်တမ်းထပ်တိုးမှုအပေါ် KNDF ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် ဥက္ကဋ္ဌ ခွန်ဘီထူးက အခုလို ထောက်ပြပါတယ်။
"ဒါကဘာကိုပြသလဲဆိုတော့ မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်ကောင်စီတခုလုံးသည် နိုင်ငံရဲ့အပြောင်းအလဲကိုမလုပ်နိုင်ဘူး နိုင်ငံကိုတည်ငြိမ်အောင်မလုပ်နိုင်ဘူး၊ နိုင်ငံကို နိုင်ငံတကာတွေနဲ့ ဆက်ဆံတဲ့နေရာမှာ ဒီထက်ပိုကောင်းတဲ့ legitamacy မပြနိုင်ဘူးဆိုတာကို ဖော်ပြတဲ့အနေနဲ့ ဒီရလာဒ်ကိုပဲ ပြနိုင်တာဖြစ်ပါတယ်။ "

သာမန်အခြေအနေမဟုတ်တဲ့ အရင်အကြောင်းပြချက်နဲ့ပဲ အခုဆက်သက်တမ်းတိုးတာအပေါ်လည်း မြန်မာ့နိုင်ငံရေးလေ့လာသုံးသပ်သူ ဒေါက်တာ စိုင်းကြည်ဇင်စိုးကလည်း အခုလို သုံးသပ်ပြပါတယ်။

"အရင်တိုးခဲ့တဲ့ ပုံစံအတိုင်း ဒီခေါင်းစဉ်ပဲပေါ့နော် သာမာန်အခြေအနေမဟုတ်ဘူး ဆိုတဲ့ အကြောင်းပြချက်နဲ့ တည်ငြိမ်အေးချမ်းမှု မရှိဘူးဆိုတဲ့အကြောင်းပြချက်၊ လုံခြုံရေးလိုအပ်တယ်ဆိုတဲ့ အကြောင်းပြချက်နဲ့ နောက်ထပ် ၆ လသက်တမ်းတိုးလိုက်တာတွေ့ရတယ်။ အဲဒီဟာက ဘာကိုဆိုလိုလဲဆိုတော့ အခုဒီလိုမျိုးဖြစ်နေတဲ့ အချိန်မှာ ပိုပြီးတော့ စစ်ရေးအခြေအနေ၊ နိုင်ငံရေးအခြေအနေတွေ ပိုပြီးတော့ ရှုပ်ထွေးလာတယ်။ စစ်ရေးအရလည်း သူတို့ဖက်ကအထိနာနေတဲ့အချိန်မှာ အစီအစဉ်တကျ ပြောင်းလဲပြီးတော့ စဉ်းစားပြီး အခြေအနေကိုပြောင်းအောင်လုပ်မဲ့ စီမံချက် အစီအစဉ်မျိုး စဉ်းစားထားတာ ရှိမနေသေးဘူး သူတို့ဆီမှာ အဲလိုပြောင်းလဲဖို့ လှေထိုးကြီး ရိုးရိုးအတိုင်းပဲ ဆက်သွားပြီးတော့ သူတို့အာဏာ ဆက်ယူထားဖို့ သက်တမ်းကို အကြောင်းပြချက်အဟောင်းတွေနဲ့ပဲ အသက်ဆက်နေရတယ်ဆိုတဲ့ အဓိပ္ပါယ်မျိုး မြင်မယ်ဆိုရင် မြင်လို့ရပါတယ်။"

ဒါ့အပြင် ခုခံတော်လှန်ရေးလှုပ်ရှားမူဘက်က အောင်မြင်မူတွေရနေတာကိုလည်း KNDF ဥက္ကဌ ခွန်ဘီထူးက အခုလို ရှင်းပြပါတယ်။

"မင်းအောင်လှိုင်ရဲ့ မတရား အာဏာယူမှုတွေကို လက်သင့်မခံတဲ့အနေနဲ့ နည်းပေါင်းစုံနဲ့ လက်နက်ကိုင်တော်လှန်ကြတယ်။ ခုခံတော်လှန်တဲ့အောင်မြင်မှုတွေက ဒီနေ့အချိန်မှာဆိုရင် အောင်မြင်မှုတွေရလာနေတယ်။ နယ်မြေသိမ်းမှုတွေ တချို့သော အုပ်ချုပ်ရေးတွေကို အင်နဲ့အားနဲ့ပေါ်လာသလို နိုင်ငံတကာအသိုင်းအဝိုင်းမှာလည်း မြန်မာပြည်သူတွေရဲ့ လိုလားချက်ကို လက်ခံလာတဲ့နိုင်ငံတွေ ၊ မြန်မာလူထုတွေရဲ့ လိုလားချက်ကို လေးစားရမယ်ဆိုတဲ့ နိုင်ငံတွေက ပိုများလာတဲ့အပေါ်မှာ ကျွန်တော်တို့လူထုတွေရဲ့အောင်မြင်မှုတွေ ရတဲ့အချိန်မျိုးမှာ မင်းအောင်လှိုင်ဘက်ကတော့ ဒုံရင်းဟာ ဒုံရင်းပဲ၊ ဒီလိုသက်တမ်းတိုးရင်းနဲ့ မကြာခင်မှာချုပ်ငြိမ်းရမဲ့ အာဏာရှင်အစိုးရတရပ်ဖြစ်လိမ့်မယ်ပေါ့နော် "

အခုလို အခြေအနေမှာ ရှေ.ဆက်ဖြစ်လာနိုင်ခြေအပေါ်မှာလည်း ခွန်ဘီထူးက အခုလို သုံးသပ်ပြပါတယ်။

"လူထုတွေပေးတဲ့ legitimacy၊ လူထုတွေပေးတဲ့ အချုပ်အခြာအာဏာတွေသာလျှင် တည်မြဲမှာဖြစ်တဲ့အတွက် ဒီလိုသက်တမ်းတိုးရုံနဲ့ အချုပ်အခြာအာဏာကို ချုပ်ကိုင်နိုင်မယ်ဆိုတာကတော့ အင်မတန်မှ စိတ်ကူးယဉ်ဆန်ပြီးမှ ဒီ ၂၁ ရာစုမှာ ဒီလိုအာဏာရှင်တွေက သက်ရှင်ချုပ်ကိုင်နိုင်စွမ်းရှိမဲ့ ခုနှစ်တွေမဟုတ်တော့ဘူး ဒီနေ့ မြန်ဆန်တဲ့ သတင်းအချက်အလက်ခေတ်မှာ ဒီအရာတွေက လူထုတွေ လက်သင့်ခံလို့မရတော့သလို ဒီနေ့ နိုင်ငံသားတွေအားလုံးရဲ့ တိုးတက်တဲ့အမြင်တွေနဲ့ ဒီလို စနစ်ဆိုးတွေ ဒီလို သွေးခွဲမှုတွေ ဒီလိုအစွန်းရောက်အတွေးအခေါ်တွေကို လူထုတွေကြားကို ထည့်ဝင်ပြီးမှာပေါ့နော် ချုပ်ကိုင်နိုင်မယ်ဆိုတဲ့ အတွေးအခေါ်တွေအားလုံးသည် မှားယွင်းနေတယ်၊ မအောင်မြင်တော့ဘူး ဒီ ၂၀၂၄ မှာ မင်းအောင်လှိုင်ရဲ့ သက်တမ်းတိုးမှု နောက်ဆုံးတကြိမ်ဖြစ်ပါလိမ့်မယ် "

စစ်ကောင်စီခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အနေနဲ့ ၂၀၂၃ ခုနှစ် သြဂုတ်လမှာ ရွေးကောက်ပွဲကျင်းပပေးဖို့ အရင် ကတိပေးခဲ့ပေမဲ့ အခုတော့ ရွေးကောက်ပွဲမတိုင်ခင် သန်းကောင်စာရင်းကောက်ဖို့လိုလာတယ်လို့ပြောနေတယ်လို့ သုံးသပ်သူတွေကလည်း ထောက်ပြနေကြပါတယ် ခင်ဗျာ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG