သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မာန်အောင်မြို့နယ် ကျေးရွာ(၂)ရွာ အချိန်တိုအတွင်းရွှေ့ဖို့ စစ်ကောင်စီ အမိန့်ပေး


ရခိုင်ပြည်နယ် မာန်အောင်မြို့ (Photo: Citizen Journalist)
ရခိုင်ပြည်နယ် မာန်အောင်မြို့ (Photo: Citizen Journalist)

“ ဖယ်ခိုင်းတဲ့ကိစ္စတော့ ကျနော်တို့လည်း တိတိကျကျမသိဘူး ကမုန်တောင်တပ်က တပ်ရင်းမှူးအပါအဝင် စစ်သားတွေပါတယ်၊ သူတို့လာပြီးတော့ ရွာမှာရှိတဲ့ ဥက္ကဌကို ခေါ်ပြီးတော့ ငှက်ပျောတောရွာနဲ့ အနောက်ပါးရွာကို ဒီနေ့ကစပြီးတော့ နောက် ၇ ရက်အတွင်း ဖယ်ပေးရမယ်ဆိုပြီး လာပြောတယ်၊ ရွာက ဥက္ကဌက ရွာသားတွေခေါ်ပြီး ပြောတယ်။”

ရခိုင်ပြည်နယ်တောင်ပိုင်း မာန်အောင်မြို့နယ်က ကျေးရွာနှစ်ခုကို တပတ်အတွင်း ရွှေ့ပြောင်းပေးဖို့ စစ်ကောင်စီက ပြောဆိုလာတာကြောင့် ဒေသခံတွေ အခက်ကြုံနေရတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ အဲဒီကျေးရွာနှစ်ရွာကို စစ်ကောင်စီက ဘာကြောင့် ပြောင်းခိုင်းသလဲဆိုတာ မသိရပေမယ့် စတင်ရွှေ့ပြောင်းနေရပြီလို့ ဒေသခံတွေက ပြောဆိုကြပါတယ်။ ဒါ့အပြင် စစ်ကောင်စီက ပြည်သူ့စစ်ဖွဲ့ဖို့အတွက် ကျေးရွာအလိုက် စာရင်းကောက်ယူတာတွေလည်း ရှိနေတယ်လို့ မာန်အောင်ဒေသခံတွေက ပြောဆိုပါတယ်။ ရန်ကုန်ကလာတဲ့ သတင်း အပြည့်အစုံကိုတော့ ကိုရဲမွန်က တင်ပြပါမယ်။


စစ်ကောင်စီနဲ့ အာရက္ခတပ်တော် AA ကြား တကြိမ်တခါမှ တိုက်ပွဲဖြစ်ပွားတာ မရှိသေးတဲ့ ရခိုင်တောင်ပိုင်းက မာန်အောင်မြို့နယ်မှာ စစ်ကောင်စီက အင်အားဖြည့်တင်းတာတွေ တပ်နေရာ တိုးချဲ့တာတွေလည်း လုပ်ဆောင်နေတယ်လို့ မာန်အောင်ဒေသခံတွေက ပြောဆိုကြပါတယ်။ လက်ရှိမှာလည်း မာန်အောင်မြို့နယ်က ငှက်ပျောတောကျေးရွာနဲ့ အနောက်ပါးကျေးရွာ နှစ်ရွာကို စစ်ကောင်စီတပ်က တပတ်အတွင်း ဖယ်ခိုင်းနေတယ်လို့ ဒေသခံကျေးရွာသားတဦးက ပြောပါတယ်။

“ ဖယ်ခိုင်းတဲ့ ကိစ္စတော့ ကျနော်တို့လည်း တိတိကျကျမသိဘူး ကမုန်တောင်တပ်က တပ်ရင်းမှူးအပါအဝင် စစ်သားတွေပါတယ်၊ သူတို့လာပြီးတော့ ရွာမှာရှိတဲ့ ဥက္ကဌကို ခေါ်ပြီးတော့ ငှက်ပျောတောရွာနဲ့ အနောက်ပါးရွာကို ဒီနေ့ကစပြီးတော့ နောက် ၇ ရက်အတွင်း ၂၅ ရက်နေ့ နောက်ဆုံးထားပြီးတော့ ဖယ်ပေးရမယ်ဆိုပြီး လာပြီးတော့ အကြောင်းကြားတယ်၊ ရွာက ဥက္ကဌက ရွာသားတွေခေါ်ပြီး ပြောတယ်။”


စစ်ကောင်စီတပ်ရဲ့ ဖယ်ရှားခြင်းခံရတဲ့ ငှက်ပျောတောကျေးရွာနဲ့ အနောက်ပါးကျေးရွာတွေဟာ မာန်အောင်မြို့ပေါ်နဲ့ ၁၁ မိုင် အကွာလောက်မှာ ရှိတာဖြစ်ပြီး နှစ်ရွာပေါင်း အိမ်ခြေ ၄ဝဝ နီးပါး ရှိတာလည်းဖြစ်ပါတယ်။ ဒါ့အပြင် ကျေးရွာအနီးအနားမှာ စစ်ကောင်စီရေတပ်စခန်း တခု ရှိတယ်လို့လည်း ဒေသခံတွေက ပြောဆိုကြပါတယ်။

အဲဒီကျေးရွာကို စစ်ကောင်စီတပ်က ဘာကြောင့် ပြောင်းခိုင်းတယ်ဆိုတာ မသိရပေမယ့် လက်ရှိမှာတော့ ဒေသခံကျေးရွာသားတွေဟာ စတင် ရွှေ့ပြောင်းနေကြရတာပါ။ ရွှေ့ပြောင်းခံရတဲ့ အိမ်ထောင်စုတွေအတွက် မာန်အောင်မြို့နဲ့ ၁၈ မိုင်လောက် အကွာမှာရှိတဲ့ ဖက်ယားကျေးရွာအနီးမှာ စစ်ကောင်စီဘက်က မြေနေရာတခုသာ ပေးထားပြီး နေအိမ်တွေကို ကိုယ့်အစီအစဉ်နဲ့ကိုယ် ဆောင်လုပ်ရမှာဖြစ်တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

“ ဒီနေ့လည်း ပြောင်းတယ် ဒီနေ့လည်း ဝါးခုတ်တဲ့သူ ခုတ်၊ ကားတွေနဲ့ ဝါးတွေတင် နောက်ပြီးတော့ သူတို့မှာ ရှိတဲ့ ပစ္စည်းတွေကိုတော့ တခြား ဆွေမျိုးတော်စပ်တဲ့ နေရာတွေကို ပြောင်းတယ်။နောက်ပြီးတော့ သူတို့က အိမ်ထောင်စု တစုကိုမှ ၉ ပေပတ်လည် တခန်းပဲပေးမှာ ... ဆိုတော့ ပြီးတော့ အိမ်ထောင်စုစာရင်းမှာရှိတဲ့ လူဦးရေအတိုင်း မပြနိုင်လို့ရှိရင် ကျန်နေတဲ့ လူတွေကို ဝရမ်းထုတ်မယ်လို့ ပြောတယ်။”

လက်ရှိမှာတော့ စစ်ကောင်စီအနေနဲ့ မာန်အောင်မြို့တခုလုံးကို အပြည့်အဝ ထိန်းချုပ်ထားဆဲဖြစ်သလို ရမ်းဗြဲမြို့အသိမ်းခံရရပြီးနောက်ပိုင်းမှာ မြို့တွင်း အင်းအားဖြည့်တင်းတာ ေတွနဲ့ တပ်နေရာ တိုးချဲ့တာတွေ လုပ်ဆောင်နေတာရှိတယ်လို့ မာန်အောင်ဒေသခံ လူငယ်တဦးကပြောပါတယ်။

“ လက်ရှိအခြေအနေမှာ ဆိုလို့ရှိရင် သူတို့တွေက မာန်အောင်ကျွန်း တခုလုံးကို ခံတပ်အဖြစ် တည်ဆောက်မယ့်အနေအထားမှာရှိတယ်၊ အခုလက်ရှိ သစ်ပုံမှာ ဆိုလို့ရှိရင်လည်း ရပ်ကွက် နှစ်ခုကို ဖယ်လိုက်တာ။ အဲဒီ ရပ်ကွက်နှစ်ခုကလည်း သူတို့အခြေချထားတဲ့ ရေတပ်စခန်းနဲ့ အနီးဆုံးနေရာက ရပ်ကွက်တွေပေါ့နော်၊ သူတို့က အဲမှာ တပ်စခန်းအခြေချနေမယ်ဆိုပြီးတော့ လုပ်နေတာရှိတယ်၊ ဆိုတော့ သေသေချာချာ ဖြစ်လာနိုင်တာက တောင်ပိုင်းဒေသမှာ ကျောက်ဖြူတို့ တောင်ကုတ်တို့ အဲဒီဘက်တွေမှာ တိုက်ပွဲဖြစ်လာရင် စကစက နေပြီးတော့ မာန်အောင်ကို လူသားဒိုင်းကာ အနေနဲ့လည်း အသုံးပြုနိုင်တယ်၊ ပြီးတော့ ခံတပ်ကြီးလို လုပ်နိုင်တဲ့ အနေအထားရှိတယ်၊ သူတို့ လုပ်နေတာက။”

ရခိုင့်တပ်တော်ရဲ့ ၁၅ နှစ်ခရီး
please wait

No media source currently available

0:00 0:05:39 0:00


ဒါ့အပြင် မာန်အောင်မြို့နယ်မှာ စစ်ကောင်စီအနေနဲ့ ပြည်သူ့စစ် ဖွဲ့ဖို့အတွက် ဒေသခံတွေကို ဖိအားပေး လူတောင်းတာတွေလည်း လုပ်ဆောင်နေတယ်လို့ မာန်အောင်ဒေသခံ တဦးက ပြောပါတယ်။

“ မာန်အောင်မှာ စစ်မှုထမ်းဖို့အတွက် ခေါ်မယ်လို့ ပြောတာရှိတယ်၊ အုပ်စုတခုက နှစ်ယောက် ခေါ်မယ်လို့ ပြောတာရှိတယ်။ အခုလောလောဆယ်ကတော့ ပြည်သူ့စစ် ဖွဲ့မယ်ဆိုပြီးတော့ စာရင်းယူနေကြတာရှိတယ်၊ တရွာကို အယောက် (၂၀) (၃၀)၊ အုပ်စု တခုအနေနဲ့ ဆိုရင်တော့ ရာချီ ရှိမှာပေါ့လေ၊ ကျနော်တို့ အုပ်စုကဆိုရင် (၁၄၀) လောက်ကို တောင်းတယ်။”

ရခိုင်တောင်ပိုင်းက မာန်အောင်မြို့နယ်ဟာ ရမ်းဗြဲမြို့အနီးမှာရှိတဲ့ ရေပတ်ပတ်လည် ဝိုင်းရံနေတဲ့ မြို့တခုလည်းဖြစ်သလို ရခိုင်ပြည်နယ်တွင်း တိုက်ပွဲ တကြိမ်တခါမှ မဖြစ်ဖူးသေးတဲ့ မြို့နယ်တခုလည်းဖြစ်ပါတယ်။ ဒါပေမယ့်လည်း AA က မာန်အောင်နဲ့အနီးဆုံး တောင်ပိုင်းက တောင်ကုတ် သံတွဲ ကျောက်ဖြူ စတဲ့ မြို့နယ်တွေမှာလည်း မကြာမကြာ တိုက်ပွဲဖော်ဆောင်တာတွေ ရှိနေတာကြောင့် မာန်အောင်အထိ တိုက်ပွဲတွေ ကျယ်ပြန့်လာမှာ ဒေသခံတွေ စိုးရိမ်နေကြတာပါ။

လက်ရှိမှာတော့ ရခိုင်ပြည်နယ်က အမ်း ဘူးသီးတောင် မောင်တော စတဲ့မြို့နယ်တွေမှာ စစ်ကောင်စီနဲ့ AA တပ်ကြား တိုက်ပွဲ ပြင်းထန်နေတာပါ။ ဒါ့အပြင် AA သိမ်းပိုက်ထားတဲ့ မြို့နယ်တွေကိုလည်း စစ်ကောင်စီက လေကြောင်း ရေကြောင်းကနေ လက်နက်ကြီးတွေနဲ့ နေ့တိုင်းနီးပါး လာရောက် ပစ်ခတ်နေတာတွေ ရှိတယ်လို့ ဒေသခံတွေက ပြောဆိုကြပါတယ်။

Forum

XS
SM
MD
LG