သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

VOA သတင်းဌာန ညွှန်ကြားရေးမှူးအဖြစ် Michael Abramowitz ကို ခန့်အပ်


VOA ရဲ့ ညွှန်ကြားရေးမှူးအသစ် ဖြစ်လာသည့် Mr. Michael Abramowitz (Photo: Screenshot of USAGM)
VOA ရဲ့ ညွှန်ကြားရေးမှူးအသစ် ဖြစ်လာသည့် Mr. Michael Abramowitz (Photo: Screenshot of USAGM)

Freedom House လူ့အခွင့်ရေးအဖွဲ့ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေတဲ့ Washington Post သတင်းစာရဲ့ သတင်းထောက်ဟောင်းဖြစ်သူ Michael Abramowitz ဟာ အခုလပိုင်းအတွင်း VOA အကြီးအကဲ တာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်ကြောင်း USAGM အမှုဆောင်ချုပ် Amanda Bennett က VOA ဝန်ထမ်းတွေကိုပေးပို့တဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။

အမေရိကန်အသံ VOA ရဲ့ အကြီးအကဲသစ်အဖြစ် Michael Abramowitz ကို အမေရိကန် ကမ္ဘာ့မီဒီယာဌာန USAGM က ရွေးချယ်လိုက်ပါတယ်။

လက်ရှိမှာ Freedom House လူ့အခွင့်ရေးအဖွဲ့ ဥက္ကဌ တာဝန်ကို ထမ်းဆောင်နေတဲ့ Washington Post သတင်းစာရဲ့ သတင်းထောက်ဟောင်းတဦးဖြစ်သူ Michael Abramowitz ဟာ အခု လပိုင်းအတွင်း VOA အကြီးအကဲ တာဝန်ကို စတင်ထမ်းဆောင်မှာဖြစ်ကြောင်း USAGM အမှုဆောင်ချုပ် Amanda Bennett က VOA ဝန်ထမ်းတွေကိုပေးပို့တဲ့ အကြောင်းကြားစာမှာ ဖေါ်ပြထားပါတယ်။

Freedom House ဥက္ကဌအဖြစ် ၂၀၁၇ ကတည်းက စတင်တာဝန်ယူခဲ့သူ ဟားဗတ်ကျောင်းဆင်း Abramowitz ဟာ ဝါရှင်တန်ပို့စ် သတင်းစာအတွက် ၂၄ နှစ် တာဝန်ထမ်းဆောင်ခဲ့သလို အမေရိကန် Holocaust Memorial ပြတိုက် အတွက်လည်း လူမျိုးတုန်းသတ်ဖြတ်မှု ကာကွယ်ရေးနဲ့ ပညာပေးလုပ်ငန်းတွေကို ၈ နှစ် ထမ်းဆောင်ခဲ့သူ ဖြစ်ပါတယ်။

၂၀၁၆ ကနေ ၂၀၂၀ အထိ Amanda Bennett က VOA မှာ အကြီးအကဲအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး အဲဒီအချိန်က သမ္မတဖြစ်သူ ဒေါ်နယ်ထရမ့်က USAGM အကြီးအကဲအဖြစ် Michael Pack ကို တာဝန်ပေးလိုက်ချိန်မှာ Amanda က မိမိသဘောနဲ့ နှုတ်ထွက်သွားခဲ့တာပါ။

Michael Pack က Robert Reilly ကို VOA အကြီးအကဲအဖြစ် ယာယီခန့်အပ်မှုကလည်း ၂၀၂၀ ဒီဇင်ဘာကနေ ၂၀၂၁ ဇန်နဝါရီအထိသာခံပြီး သူ့နောက်မှာ Yolanda Lopez က ယာယီအကြီးအကဲအဖြစ် တာဝန်ယူရာကနေ ၂၀၂၃ စက်တင်ဘာမှာ နှုတ်ထွက်သွားခဲ့ ပြန်ပါတယ်။

လက်ရှိမှာ VOA ယာယီ အကြီးအကဲအဖြစ် John Lipman က တာဝန်ယူနေရာကနေ အခုတော့ VOA အကြီးအကဲအဖြစ် Abramowitz ကို USAGM က ပထမဆုံး တရားဝင် ခန့်အပ်လိုက်တာ ဖြစ်ပါတယ်။

မစ္စတာ Abramowitz က VOA ဟာ အမှန်တရားနဲ့ သတင်းလွတ်လပ်ခွင့်ကို ကာကွယ်နေတဲ့ ဌာနတခု ဖြစ်တဲ့အတွက် ဒီလိုဌာနမှာ ကျွမ်းကျင်သတင်းသမားတွေ ဝန်ထမ်းတွေနဲ့ တာဝန်ထမ်းဆောင်ရမှာကို စိတ်လှုပ်ရှား ဝမ်းမြောက်မိကြောင်း ကြေညာချက်ထုတ်ပြန် ပြောဆိုခဲ့ပါတယ်။ သီတင်း တပတ်ကို ကမ္ဘာတလွှားက လူပေါင်း ၃၅၄ သန်းနဲ့ ထိတွေ့ဆက်ဆံနေတဲ့ ဘာသာမျိုးစုံ ဌာနပေါင်း ၄၈ ခုရှိတဲ့ VOA အကြီးအကဲအဖြစ် သူက ကြီးကြပ်ရမှာ ဖြစ်ပါတယ်။

Forum

XS
SM
MD
LG