သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးဆု မြန်မာနိုင်ငံက Frontier Myanmar ရရှိ


တန့်ဆည်မြို့ တန့် ချောင်းရိုးရွာရှိ Frontier Myanmar ကရိုက်ကူးထားတဲ့ ဘုရားရှိခိုးကျောင်းမှတ်တမ်းပုံ (၂၀၁၇ ခုနှစ်)
တန့်ဆည်မြို့ တန့် ချောင်းရိုးရွာရှိ Frontier Myanmar ကရိုက်ကူးထားတဲ့ ဘုရားရှိခိုးကျောင်းမှတ်တမ်းပုံ (၂၀၁၇ ခုနှစ်)

ဒီကနေ့ မေလ ၃ ရက်နေ့မှာကျရောက်တဲ့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့မှာ နိုင်ငံတကာ လူ့အခွင့်အရေးနဲ့ သတင်း လွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့တွေ စုပေါင်း ပေးအပ်တဲ့ အာရှအတွက် သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးဆုကို မြန်မာနိုင်ငံက Frontier Myanmar သတင်းဌာန ချီးမြှင့်ခံရပါတယ်။

ဒီဆုကို နိုင်ငံတကာ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့ HRW ၊ Arizona ပြည်နယ် တက္ကသိုလ်ရဲ့ သတင်းပညာရပ်ဆိုင်ရာဌာန Walter Cronkite School of Journalism and Mass Communication ၊ နိုင်ငံခြား သတင်းထောက်များကလပ် FCCT ထိုင်း နဲ့ FCCT ထိုင်ဝမ် တို့က ပူးတွဲ ပေးအပ်တာဖြစ်ပြီး ဆု အမျိုးအစား ၇ မျိုး ခွဲထားတဲ့အထဲမှာ “ပြည်ပ သတင်းခန်း” ခေါင်းစဥ်အောက်မှာ မြန်မာနိုင်ငံတွင်း ဘာသာရေး လူနည်းစုတွေ ဖိနှိပ်ခံရတဲ့အခြေအနေ တင်ပြခဲ့တဲ့ သတင်းနဲ့ Frontier Myanmar ချီးမြှင့်ခံရသလို၊ Podcast ခေါင်းစဥ်အောက်မှာလည်း Frontier Myanmar က တင်ဆက်တဲ့ “ဒို့အသံ” ထုတ်လွှင့်ချက်နှစ်ခု ချီးမြှင့်ခံရပါတယ်။ ဒို့အသံ အစီအစဉ်ကို ဗွီအိုအေ မြန်မာပိုင်းကလည်း အပတ်စဉ် ထုတ်လွှင့်ပေးနေတာပါ။

မြန်မာစစ်တပ်ကို ဆန့်ကျင် တိုက်ပွဲဝင်နေတဲ့ စစ်မြေပြင်က အမျိုးသမီးတွေအကြောင်း ဓါတ်ပုံတင်ပြခဲ့တဲ့ AFP သတင်းဌာနတော့ ဓါတ်ပုံ အမျိုးအစားဆု ရပါတယ်။

သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေး ဓာတ်ပုံမှတ်တမ်းဆု မန္တလေး PDF တပ်ဖွဲ့ဝင်အမျိုးသမီးများအကြောင်းရိုက်ကူးခဲ့သည့် AFP သတင်းဌာနကရရှိ
သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေး ဓာတ်ပုံမှတ်တမ်းဆု မန္တလေး PDF တပ်ဖွဲ့ဝင်အမျိုးသမီးများအကြောင်းရိုက်ကူးခဲ့သည့် AFP သတင်းဌာနကရရှိ

“ပြည်ပ သတင်းခန်း” အမျိုးအစားဆုအောက်မှာတော့ မြန်မာနဲ့အတူ အာဖဂန်နစ္စတန်နိုင်ငံမှာ တာလီဘန် အုပ်ချုပ်မှုအောက် အမျိုးသမီးတွေ ကိုယ့်ကိုယ်ကို အဆုံးစီရင်မှုတွေ သိသိသာသာ များလာတဲ့ အခြေအနေကို ဖော်ပြခဲ့တဲ့ Zen Times သတင်းဌာနတို့က ရရှိခဲ့တာဖြစ်ပါတယ်။

တခြား အမျိုးအစားအလိုက် ဆုတွေထဲမှာတော့ multimedia အတွက် Al Jazeera နဲ့ New York Times ၊ စုံစမ်းဖော်ထုတ် ရေးသားမှုတွေအတွက် Guardian နဲ့ Initium မီဒီယာ ၊ သတင်းမှတ်တမ်းဆု အတွက် BBC Chinese နဲ့ Deutsche Welle တို့ ရရှိခဲ့ပါတယ်။
ဒီဆုတွေ ပေးအပ်မယ့် အခမ်းအနားကိုတော့ Taipei မြို့မှာ ဒီလ ၁၀ ရက်နေ့ကျရင် ထိုင်ဝမ် နိုင်ငံခြား သတင်းထောက်များကလပ်က အိမ်ရှင်အဖြစ် ကျင်းပသွားမှာြဖစ်ပါတယ်။ ဒီ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ လူ့အခွင့်အရေးဆုဟာ အာရှဒေသတွင်း အဆိုးရွားဆုံး လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ခက်ခက်ခဲခဲ တင်ပြခဲ့ကြတဲ့ သတင်းထောက်တွေကို အသိအမှတ်ပြုတဲ့ဆု ဖြစ်ပါတယ်လို့ HRW ရဲ့ အမှုဆောင်ညွှန်ကြားရေးမှူး Tirana Hassan က ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေဟာ ကမ္ဘာပေါ်က အဆိုးဝါးဆုံး ၁၀ နိုင်ငံထဲမှာ ရှိနေဆဲ ဖြစ်ပြီး အဆင့် ၁၇၁ မှာ ရှိနေတဲ့အကြောင်း ပြင်သစ်အခြေစိုက် နယ်စည်းမထား သတင်းသမားများအဖွဲ့ (RSF) ကလည်း ဒီနေ့ ကျရောက်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့မှာ အစီရင်ခံစာ ထုတ်ပြန်ပါတယ်။ အကဲဖြတ်ထားတဲ့ နိုင်ငံပေါင်း ၁၈၀ ထဲမှာ တရုတ်၊ အီရန်၊ မြောက်ကိုရီးယား၊ အာဖဂန်နစ္စတန် စတဲ့ အဆိုးဝါးဆုံးနိုင်ငံတွေအတူ မြန်မာနိုင်ငံ ရှိနေပြီး ပြီးခဲ့တဲ့နှစ်က အဆင့် ၁၇၃ မှာ ရှိခဲ့သလို၊ အခု အဆင့် ၁၇၁ မှာ ဆက်ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG