သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ထိန်းချုပ်ပြီး မြို့နယ်တွေ စစ်ကောင်စီ လေကြောင်းတိုက်ခိုက်


စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု (photo: AA Info Desk)
စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှု (photo: AA Info Desk)

အာရက္ခတပ်တော် AA ထိန်းချုပ်ထားတဲ့ ရခိုင်ပြည်နယ်က မြို့နယ်တွေမှာ နေ့တိုင်းလိုလို စစ်ကောင်စီက လေကြောင်းကနေ ပစ်ခတ်တာတွေ ရှိနေတာကြောင့် ဒေသခံတွေကြား စိုးရိမ်နေကြရတာပါ။ ရခိုင်ပြည်နယ်မှာတိုက်ပွဲကာလ ၅ လကျော်အတွင်း လေကြောင်းနဲ့ လက်နက်ကြီးကျည်တွေကြောင့် အရပ်သား ၂ဝဝ နီးပါး သေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ ၄၆၀ ကျော်အထိရှိတယ်လို့ AA ဘက်က ထုတ်ပြန်ထားပါတယ်။ သတင်းပေးပို့တာ အပြည့်အစုံကိုတော့ ဒေါ်ခင်မျိုးသက်က တင်ပြထားပါတယ်။


ရခိုင်ပြည်နယ်မြောက်ပိုင်းက AA ထိန်းချုပ်ထားတဲ့ မြို့နယ်တွေမှာ စစ်ကောင်စီက လေကြောင်း ပစ်ခတ်တာတွေ နေ့တိုင်းရှိနေပြီး မကြာခဏဆိုသလို နေအိမ်တွေ ပျက်စီးတာ အရပ်သား ထိခိုက် ဒဏ်ရာရတာတွေ ရှိနေတယ်လို့ လက်ရှိ မြေပုံမြို့မှာနေထိုင်တဲ့ အမျိုးသမီးတဦးက ပြောပါတယ်။

“ နေ့ရော ညရောပဲ တနေ့မှ မပျံတဲ့နေ့ဆိုတာ မရှိဘူး၊ သူတို့ အကုန်ပတ်ပြီးတော့ သွားနေတာပဲ ပေါက်တောဘက်လည်းရောက်တယ်၊ မြေပုံလည်းရောက်တယ် မင်းပြား ကျောက်တော်လည်း ရောက်တယ်။ AA ထိန်းချုပ်နယ်မြေတွေ အကုန်လုံးကို ပတ်ကြည့်နေတာ။ ဒီရက်ပိုင်းလည်း ပစ်တယ် မင်းပြားမှာဆိုရင် ၂ ရက်လောက်ပဲ ရှိသေးတယ် ပစ်တာ အိမ် ၄ ဆောင်လောက် မီးလောင်သွားတယ်။ ပြီးတော့ ပန်းခြံလို နေရာမျိုးတွေကို ပစ်တယ်။ လူတွေလည်း ထိိခိုက် ဒဏ်ရာရတာ ရှိတာပေါ့။”

အခုလို ဘာတိုက်ပွဲမှ မရှိတော့တဲ့ AA ထိန်းချုပ်နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းက ပစ်ခတ်တာတွေနဲ့ အကြိမ်ရေ ပေါင်းများစွာ ပျံသန်းနေတာတွေကြောင့် အဲဒီဒေသမှာ နေထိုင်ကြသူတွေအနေနဲ့ နေ့စဉ် စိုးရိမ်နေရတယ်လို့ သူကဆက်ပြောပါတယ်။

“ ပြောရမယ်ဆိုရင် ညီမတို့ရဲ့ အသက်တွေကို သူတို့ဆီမှာ အပ်ထားရသလိုပါပဲ၊ သူတို့ပစ်ရင် ခံရမယ် သေမယ်ပေါ့နော်၊ သူတို့ မပစ်ရင် ဒီအတိုင်းနေရမယ့်သဘောရှိတယ်။ ဘယ်လိုပြောရမလဲ နေ့စဉ်ဘဝမှာ စားဝတ်နေရေးထက်
လေကြောင်းအန္တရာယ်ကို ပိုကြောက်နေကြရတယ်။”

ကျောက်တော်မြို့နယ်မှာဆိုရင် AA ထိန်းချုပ်ပြီးကတည်းက ဒီကနေ့အထိ စစ်ကောင်စီတိုက် လေယာဉ်တွေ နေ့စဉ်ပျံသန်းနေသလို မကြာခဏဆိုသလို ပစ်ခတ်တာတွေ ရှိတယ်လို့လည်း ကျောက်တော် ဒေသခံတဦးက ပြောပါတယ်။

“ စိုးရိမ်မှုကတော့ တကယ်ရှိပါတယ်၊ ကျောက်တော်မှာ မကြာမကြာ လာပစ်တာရရှိတယ်။ ပစ်တော့ ကျနော်တို့ အလုပ်လုပ်လို့မရဘူး လေယာဉ်သံကြားပြီဆိုတာနဲ့ ပုန်းခိုရတာပေါ့ဗျာ။ ကျနော့မှာဆိုရင် ဗုံးခိုကျင်းလိုလို ဘာလိုလို လုံလုံခြုံခြုံမဟုတ်ပေမယ့် လုံခြုံမယ့်နေရာရှိတယ်။ အဲဒီထဲကိုပဲ ခဏခဏ ဝင်ပြေးရတယ်၊ မပုန်းလို့လည်း မရပြန်ဘူး၊ တကယ့်ကို ကြောက်ဖို့ကောင်းတဲ့ အသံတွေနဲ့ လာတယ်၊ ပြီးတော့ ညဘက်တွေဆိုရင်လည်း ကင်းထောက်ဒရုန်းတွေ လာတာရှိတယ်။ အဲလို အခြေအနေပါ။”

အခုလို ပစ်ခတ်နေတာတွေကြောင့် ကျောက်တော်မြို့နယ်မှာလည်း မကြာခဏဆိုသလို အရပ်သား သေဆုံးဒဏ်ရာရတာတွေ ရှိသလို ဒေသခံတွေရဲ့ နေ့စဉ်အသက်ရှင်နေထိုင်မှုကို ခြိမ်းခြောက်နေတာဖြစ်တယ်လို့လည်း သူက ဆက်ပြောပါတယ်။

“ ကျနော်တို့ ကျောက်တော်မှာဆိုရင် သေဆုံးဒဏ်ရာရတဲ့သူလည်းရှိတယ်။ ဒါက ကျနော်တို့အတွက် တကယ့်ကို ခြိမ်းခြောက်မှုဖြစ်တယ်၊ ဘယ်လောက်ထိလည်းဆိုရင် ဆိုင်ကယ်သံတို့ ကားသံတို့ အကျယ်ကြီးကြားရင်တောင် လေယာဉ်လာပြီဆိုပြီးတော့ မသိစိတ်ထဲမှာ အလိုလို ကြောက်ပြီး ရင်တုန်နေရတယ်။”

ပြီးခဲတဲ့ ၂၀၂၃ ခုနှစ် နိုဝင်ဘာလအတွင်းက စတင်ခဲ့တဲ့ ရခိုင်တိုက်ပွဲဟာ ဒီကနေ့အထိ ဆက်လက် ပြင်းထန်နေဆဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ အမ်း သံတွဲနဲ့ ဘူးသီးတောင် မောင်တော မြို့နယ်တွေမှာ နှစ်ဘက်တိုက်ပွဲတွေ အတော် ပြင်းထန်နေဆဲဖြစ်ပါတယ်။

အခုလို တိုက်ပွဲတွေကြောင့် အရပ်သား ထိခိုက်သေဆုံးတာတွေလည်း တော်တော်များများ ရှိနေတာပါ။ အာရက္ခတပ်တော် AA ဘက်က ထုတ်ပြန်ထားတဲ့ စာရင်းအရ ရခိုင်ပြည်နယ်မှာ တိုက်ပွဲ စတင်ခဲ့တဲ့နေ့ကနေ မတ်လ ၂၁ ရက်နေ့ထိ တိုက်ပွဲအတွင်း အရပ်သား ၁၇၉ ဦးသေဆုံးခဲ့သလို ၄၆၈ ဦးအထိ ထိခိုက်ဒဏ်ရာ ရရှိခဲ့တယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG