သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA သတင်းထုတ်ပြန်


ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA က သတင်းထုတ်ပြန်သည့် ဗွီဒီယိုမှ မြင်ရသည့်ပုံ (မေ ၆၊ ၂၀၂၄)
ရခိုင်ပြည်နယ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ရာနဲ့ချီ လက်နက်ချကြောင်း AA က သတင်းထုတ်ပြန်သည့် ဗွီဒီယိုမှ မြင်ရသည့်ပုံ (မေ ၆၊ ၂၀၂၄)

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်အခြေစိုက် စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် , စကခ ၁၅ , က ဒု တပ်မမှူး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေနဲ့ မိသားစုဝင်တွေ ဒီလ ၄ ရက်နေ့မှာ လက်နက်ချအညံ့ခံခဲ့တယ်လို့ အာရက္ခတပ်တော် AA က ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ ဘယ်လိုမှ လွတ်လမ်းမရှိတော့တဲ့ အချိန်မှာ လက်နက်ချ အညံ့ခံတာဖြစ်ကြောင်းလည်း AA ကြေညာချက်မှာ ဖေါ်ပြထားပါတယ်။ စစ်တွေမြို့မြောက်ဘက် မိုင် ၅၀ အကွာမှာ ရှိတဲ့ စကခ ၁၅ ဌာနချုပ်ကို ကာလအတော်ကြာ ပိတ်ဆို့ ဖြတ်တောက်ထားပြီး ၁၂ ရက်ကြာ အပြင်းအထန် တိုက်ခိုက်ခဲ့ပြီးနောက် သိမ်းပိုက်ရရှိခဲ့တာပါ။ စကခ ၁၅ ဌာနချုပ်ကို အာရက္ခတပ်တော်က ဘယ်ရက်မှာ သိမ်းပိုက်ရရှိခဲ့သလဲဆိုတာကို ဖေါ်ပြထားတာမျိုး မရှိပေမယ့်လည်း ဘူးသီတောင်မြို့ ဝန်းကျင်မှာတော့ အခုရက်ပိုင်းတွေအတွင်း ပုံမှန်လို တိုက်ပွဲတွေ ဖြစ်ပွားနေခဲ့တာပါ။

AA က ထုတ်ပြန်တဲ့ဗီဒီယိုထဲမှာ လူပေါင်း ရာနဲ့ ချီ လမ်းလျှောက်လာတာကိုတွေ့ရပြီး တချို့လည်း ဒဏ်ရာ ရထားကြတာပါ။ လက်နက်ချ အညံ့ခံခဲ့တဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေကို ဘယ်နေရာမှာ ထိန်းသိမ်းထားလဲ၊ ရှေ့ဆက် ဘယ်လို စီမံသွားမလဲဆိုတာကိုတော့ ဖေါ်ပြထားတာမျိုး မရှိပါဘူး။

ရခိုင်ပြည်နယ်တွင်း စစ်ဆင်ရေးကွပ်ကဲမှုဌာနချုပ် ၃ ခုရှိပြီး (စကခ ၉) ကျောက်တော် နဲ့ လက်အောက်ခံ တပ်ရင်း အားလုံးကို ဖေဖေါ်ဝါရီ လအတွင်း AA က သိမ်းပိုက်ရရှိခဲ့သလို ခုအခါ (စကခ ၁၅) ဘူးသီးတောင် ဌာနချုပ် ကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်အောက်ခံ တပ်ရင်း အားလုံးကို တပြိုင်နက်တည်း ထိုးစစ်ဆင် တိုက်ခိုက်နေတယ်လို့ AA က ပြောပါတယ်။

၂၀၂၃ ခုနှစ် နိုဝင်ဘာလကစခဲ့တဲ့ တကြော့ပြန် တိုက်ပွဲတွေအတွင်း ရခိုင်ပြည်နယ်၊ ၁၇ မြို့နယ်ထဲက၊ ၁၅ မြို့နယ်မှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး လူပေါင်း ရာနဲ့ချီ သေဆုံးခဲ့သလို ၃ သိန်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကုလ လူ့အခွင့်အရေးဆိုင်ရာ အကြီးအကဲက ပြောဆိုထားပါတယ်။

ရခိုင်ပြည်နယ်အတွင်း တိုက်ပွဲတွေပြင်းထန်နေပြီး စစ်ကောင်စီစခန်းတွေကို အာရက္ခာတပ်တော် AA က သိမ်းပိုက်နိုင်နေတာကြောင့် စစ်ကောင်စီဘက်က နယ်ခြားစောင့်တပ်ဖွဲ့ဝင်တွေလည်း ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ပြီးခဲ့တဲ့ လပိုင်းကစလို့ ထွက်ပြေးနေကြတာမှာ ဒီကနေ့မှာလည်း နယ်ခြားစောင့်တပ်ဖွဲ့ဝင် ၈၈ ယောက် ထွက်ပြေး ခိုလှုံလာတယ်လို့ ဘင်္ဂလားဒေ့ရှ်က အတည်ပြု ပြောဆိုပါတယ်။

Forum

XS
SM
MD
LG