သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန့်ဘလူမှာ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်


ကန့်ဘလူမြို့ Kantbalu (photo: CJ)
ကန့်ဘလူမြို့ Kantbalu (photo: CJ)

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ စစ်တပ်နဲ့ ဒေသခံ ကာကွယ်ရေးတပ်ဖွဲ့တွေကြားတိုက်ပွဲတွေ ပြင်းထန်ခဲ့ရာက ဒေသခံတွေ နေရပ်စွန့်ခွာ ထွက်ပြေးနေကြရပါတယ်။ ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကို လက်တုံ့ပြန်တဲ့ အနေနဲ့ စစ်ကောင်စီက လက်နက်ကြီးတွေ၊ လေကြောင်းတိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ စစ်ကိုင်းတိုင်းက စစ်ရေးတင်းမာမှု အခြေအနေနဲ့ ပတ်သက်လို့ ရန်ကုန်က သတင်းပေးပို့ထားတာကို အလိမ္မာ တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် မလယ်တိုက်နယ်က စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ထောက်ခံသူတွေ တပ်စွဲထားတဲ့ မလည်ရဲစခန်းကို မနေ့အစောပိုင်းမှာ ကာကွယ်ရေး တပ်ဖွဲ့တွေတိုက်ခိုက်ခဲ့ရာက တိုက်ပွဲတွေစတင်ခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေကို စစ်ကောင်စီက တိုက်လေယာဉ်တွေ၊ တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေပါသုံး တုံ့ပြန်ခဲ့တယ်လို့လည်း ဒေသခံတဦးက ပြောပါတယ်။

"ကာကွယ်ရေးတပ်ဖွဲ့တွေက မနက်ခင်းလောက်မှာ လှုပ်ရှားပြီး တိုက်ခိုက်တယ်ပေါ့နော်။အဲ့အချိန် အတော်လေးနေမြင့်လာတော့ ၈ နာရီလောက် ထင်ပါတယ်။ စပြီးတော့ စစ်ကောင်စီဘက်က ရဟတ်ယာဉ်နဲ့ စပြီးတော့ လာပစ်တယ်။ပြီးရင် ဖိုက်တာနဲ့ပစ်တယ်။ ပြီးရင် ကင်းထောက်လေယာဉ်နဲ့ ပတ်ပြီးတော့မှ Y12 ဗုံးကြဲလေယာဉ်တွေနဲ့ တနေကုန်နီးပါး လာပြီးချတယ်ပေါ့။ တိုက်ပွဲက ၂ ဖက်ပြင်းထန်ကြတယ်။ (ဧရာဝတီမြစ်အရှေ့ဘက်ကကမ်းက) မန္တလေးတိုင်း သပိတ်ကျင်းမြို့နယ်ထဲက ကျွန်တော်တို့ ၁၃ တပ်လို့ ခေါ်တဲ့ အဲ့တပ်ကလည်း လက်နက်ကြီး ပစ်ကူတွေ ပစ်တယ်ပေါ့နော်။ ဒီမလည်ဘက်ခြမ်းကိုလေ။ ကျွန်တော်တို့ စခန်းကို မသိမ်းလိုက်နိုင်ဘူးပေါ့နော်။ ကျွန်တော်တို့ စခန်းကို ဝင်လုံးပြီးတော့မှ စခန်းသိမ်းမလိုလုပ်တဲ့အချိန်မှာမှ အပေါ်က ဖိုက်တာနဲ့လာကြဲပြီးတော့ Y12 က တချိန်လုံး ပတ်နေတာ ဖြစ်တဲ့အတွက် စခန်းကိုတော့ အပြီးစီး မသိမ်းနိုင်ခဲ့ဘူးပေါ့နော်။"

ကန့်ဘလူမြို့နယ်က တိုက်ပွဲတွေ နောက်ဆုံးအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ တစုံတရာ သတင်းထုတ်ပြန်တာ မတွေ့ရပါဘူး။ တိုက်ပွဲတွေ ပြင်းထန်ရာက မလယ်ကျေးရွာအပြင် အနီးနား ကျေးရွာတွေကပါ ဘေးလွတ်ရာ တိမ်းရှောင်နေရပြီး စားနပ်ရိက္ခာ အကူအညီတွေ လိုအပ်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

"မလယ်တို့ ချောင်းရှည်တို့ အဲ့နားက ရွာပေါင်း ၄-၅-၆ ရွာလောက်ရှိမယ်ဗျ။ လူဦးရေဆိုရင်တော့ ၃ သောင်းကျော်လောက်ရှိမယ်။ တချို့တွေက တောထဲတောင်ထဲမှာ တိမ်းရှောင်နေရတယ်။ အခက်အခဲတွေကတော့ စားဝတ်နေရေးတွေ တော်တော်လေး အခက်အခဲကြုံရတာပေါ့။ ကျွန်တော်တို့ လွတ်မြောက်နယ်မြေက ပြည်သူတွေကလည်းထာက်ပံ့နိုင်သလောက်လေးတွေ ထောက်ပံ့ပါတယ်။"

မလယ်ကျေးရွာဟာ ဧရာဝတီမြစ်ဘေးမှာရှိပြီး မြစ်ရဲ့အရှေ့ဘက်ကမ်းမှာ သပိတ်ကျင်းမြို့ နဲ့ နယ်မြေချင်း ထိစပ်နေပြီး တိုက်ပွဲဖြစ်ချိန်မှာ သပိတ်ကျင်းမြို့မှာရှိတဲ့ စစ်တပ်ရဲ့ အမှတ် ၁၃ စစ်တန်းမြင့် လေ့ကျင့်ရေး သင်တန်းကျောင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ လေကြောင်း တိုက်ခိုက်မှုကြောင့် မလယ်ကျေးရွာက နေအိမ်တွေ မီးလောင်တာတွေရှိသလို တိုက်ပွဲအတွင်း ၂ ဖက်ထိခိုက်ကျဆုံးတာရှိကာ အရပ်သားတွေလည်း ထိခိုက်သေဆုံးတာတွေရှိပေမယ့် အတည်ပြုလို့ မရသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် မလယ်ကျေးရွာဟာ လေကြောင်းတိုက်ခိုက်မှုကြောင့် လူပေါင်း ၁၀၀ ကျော် သေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာနဲ့ ၄ မိုင်ကွာဝေးပြီး ဒီကနေ့မှာ ၂ ဖက်တိုက်ပွဲမရှိတော့ပေမယ့် စစ်ကောင်စီ လေယာဉ်တွေ ပျံဝဲနေတာကြောင့် နေရပ်မပြန်နိုင်ဖြစ်နေကြတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG