သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မိုးမောက်နဲ့ မံစီမှာ တိုက်ပွဲတွေ ရက်ဆက်ပြင်းထန်နေ


စင်းခန်းစခန်းသိမ်းပိုက်အပြီးတွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (မေ ၇၊ ၂၀၂၄)
စင်းခန်းစခန်းသိမ်းပိုက်အပြီးတွေ့ရသည့် KIA တပ်ဖွဲ့ဝင်များ (မေ ၇၊ ၂၀၂၄)

ကချင်ပြည်နယ်၊ မိုးမောက်နဲ့ မံစီမှာ ၃ရက်မြောက်နေ့အဖြစ် တိုက်ပွဲတွေ ဆက်လက်ပြင်းထန်နေပြီး မံစီမြို့နယ်က စစ်ကောင်စီတပ်ရဲ့ စခန်းတခုကို KIA ပူးပေါင်းတပ်တွေက ထပ်မံသိမ်းယူလိုက်သလို စစ်ကောင်စီဘက်က လေကြောင်းကပါ တိုက်ခိုက်နေပါတယ်။ မနေ့ညနေပိုင်းက ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား- ဗန်းမော်လမ်းက တံတားတစင်းကို မိုင်းခွဲ ဖျက်ဆီးခဲ့သလို ဒီနေ့ မွန်းလွဲပိုင်းမှာ ဝိုင်းမော်မြို့နယ် ဗလမင်းထင်တံတားမှာ တိုက်ပွဲဖြစ်ပွားတာတွေ ရှိနေပါတယ်။ မိုးမောက်၊ မံစီတိုက်ပွဲအခြေအနေအကြောင်း ရန်ကုန်က ပေးပုိ့တဲ့သတင်းကို အခြေခံပြီး ကိုစံကျော်က တင်ပြပေးပါမယ်။

ပြီးခဲ့တဲ့ တနင်္လာနေ့က မိုးမောက်၊ မံစီနဲ့ ဗန်းမော်မြို့နယ်အတွင်းက စစ်ကောင်စီတပ်စခန်းနဲ့ ရဲစခန်းတွေကို KIA နဲ့ ပူးပေါင်းတပ်တွေက တပြိုင်တည်းတိုက်ခိုက်ခဲ့ရာမှာ မိုးမောက်နဲ့ မံစီမြို့မှာ ဒီကနေ့ထိ တိုက်ပွဲတွေ ဆက်လက် ပြင်းထန်နေပါတယ်။

လက်ရှိ တိုက်ပွဲဖြစ်ပွားနေဆဲအခြေအနေကို KIA ရဲ့ ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှုးကြီးနော်ဘူက VOA ကို အခုလို ပြောပါတယ်။

“ မိုးမောက်နဲ့ မံစီကိုတော့ ကျနော်တို့ ဝင်တော့ ဝင်ထားပါတယ်။ ဒါပေမဲ့ ထိန်းချုပ်နိုင်တဲ့ အနေအထား လောက်တော့ မဟုတ်ပါဘူး။ တိုက်ပွဲတွေကတော့ ဆက်ပြီး ပြင်းထန်နေပါတယ်။ စကစ ဘက်ကနဲ့ လေကြောင်းနဲ့ ပစ်တာတွေလည်း ရှိပါတယ်။ မံစီဘက်မှာ ကာကင်း တခုကိုတော့ သိမ်းပိုက်လို့ ရပြီလို့တော့ ပြောတယ်။ ဒါပေမဲ့ ဘယ်လောက်ထိဆိုတာကိုတော့ သေသေချာချာပေါ့နော် Confirm ကတော့ မဖြစ်သေးပါဘူး။ မိုးမောက်ဘက်မှာ တပ်တွေဆုတ်တာကတော့ မရှိဘူး။ ဗန်းမော်ဘက်က တက်လာတဲ့ စစ်ကြောင်းတွေ ဆုတ်သွားတာတော့ ရှိပါတယ်။ ဒါပေမဲ့ မနေ့ကလည်း ပြန်ပြီးမှ ထိုးစစ်ဆင်တဲ့သတင်းကတော့ ရပါတယ်။ ”

မနေ့ညနေပိုင်းက ဝိုင်းမော်မြို့နယ်ရှိ မြစ်ကြီးနား-ဗန်းမော် လမ်းမကြီးပေါ်က ဒဘတ်ချောင်း ကွန်ကရစ်တံတားကို စစ်ကောင်စီတပ်က မိုင်းခွဲ ဖျက်ဆီးခဲ့ကြောင်း ဗိုလ်မှုးကြီးနော်ဘူက ဆက်ပြောပါတယ်။

“ ကဇူးနဲ့ ဒဘတ်ချောင်း တံတားကိုတော့ မနေ့က စကစကနေ သူတို့ ဗုံးနဲ့ ဖျက်ဆီးတယ်ဆိုတဲ့ သတင်းကြားပါတယ်။ ပုံတွေလည်း တွေ့ရပါတယ်။ အဓိကကတော့ သူတို့ ဝိုင်းမော်၊ ရွှေညောင်ပင်ပေါ့နော်။ အဲဒီဘက်က လုံခြုံရေးအတွက် ချိုးဖျက်လိုက်တယ်ထင်တယ်။ ဒါက သုံးသပ်တာပေါ့ကွာ။”

ဒဘတ်ချောင်းတံတားဟာ ကဇူးနဲ့ ဒဘတ်ယန်ရွာအကြားမှာ တည်ရှိတာပါ။ ဒီတံတားဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့က KIA နဲ့ ပူးပေါင်းတပ်တွေ သိမ်းယူခဲ့တဲ့ အင်ခရန်၊ ဂဂမ်နဲ့ ဂီဒွန် စခန်းတွေရဲ့ အနီးမှာ တည်ရှိနေတာလည်း ဖြစ်ပါတယ်။

ဒီနေ့ မွန်းလွဲပိုင်းမှာတော့ ဝိုင်းမော်နဲ့ မြစ်ကြီးနားကို ဆက်သွယ်ထားတဲ့ ဗလမင်းထင် ဧရာဝတီမြစ်ကူး တံတားမှာလည်း တိုက်ပွဲ ဖြစ်ပွားနေပြီး လက်နက်ကြီး၊ လက်နက်ငယ်အသံတွေ ကြားနေရကြောင်း ဒေသခံတဦးက ပြောပါတယ်။

“ ဟုတ်တယ်။ မိုင်းနား၊ ဗလမင်းထင်နားမှာ တိုက်ခိုက်တာ အသံကြားနေတယ်။ အခု အခု၊ ၂နာရီခွဲ ကနေ စတာ အခုထိ မြည်နေတုံးပဲ။ အသံအကြီးအသေး အစုံပဲ။ ကျနော်တို့လည်း ဒီမှာ ပြေးနေရတာ။ အခုလည်း ပုန်းနေရတယ်။ မိုင်းနားမှာ ဖြစ်နေတယ်။”

ဒါကတော့ ဒီကနေ့ ညနေ ၃နာရီခွဲအချိန်က ပြောဆိုထားတာဖြစ်ပါတယ်။

ဗိုလ်မှုးကြီးနော်ဘူကတော့ ဗလမင်းထင်တံတားမှာ ပစ်ခတ်တာရှိကြောင်း ကြားသိရပေမဲ့ အခြေအနေကို စုံစမ်းနေဆဲ ဖြစ်ကြောင်း ပြောပါတယ်။ မိုးမောက်မြို့တွင်း တိုက်ပွဲမှာတော့ ဈေးနဲ့ နေအိမ်အဆောက်အဦအချို့ မီးလောင်ပျက်ဆီးတာတွေ ရှိကြောင်းနဲ့ ဖုန်းလိုင်းအဆက်အသွယ်တွေ ပြတ်တောက်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

KIA နဲ့ ပူးပေါင်းတပ်တွေဟာ မေလ ၅ရက်နေ့က ဆွမ်ပရာဘွမ် တပ်စခန်းနဲ့ ဝိုင်းမော်မြို့နယ်က ဂီဒွန် တပ်စခန်းအပါအဝင် စစ်ကောင်စီ တပ်စခန်း တဒါဇင်နီးပါးကို သိမ်းယူခဲ့သလို ၆ရက်နေ့မှာတော့ မိုးမောက်၊ မံစီနဲ့ ဗန်းမော်မြို့နယ်က စစ်ကောင်စီ တပ်စခန်းနဲ့ ရဲစခန်း ၅ခုကို ထပ်မံ သိမ်းယူခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG