သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၃ နှစ်ကျော်အတွင်း စစ်အာဏာသိမ်း ဆန့်ကျင်သူ ၇,၀၀၀ နီးပါး သေဆုံးခဲ့ (AAPP-B)


မန္တလေးမှာ အကြမ်းဖက်ဖြိုခွဲမှုကို ကာကွယ်နေကြတဲ့ ဆန္ဒပြ ပြည်သူများ။ (ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၁)
မန္တလေးမှာ အကြမ်းဖက်ဖြိုခွဲမှုကို ကာကွယ်နေကြတဲ့ ဆန္ဒပြ ပြည်သူများ။ (ဖေဖေါ်ဝါရီ ၂၈၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ခုနှစ်ကစလို့ အခု မေလ ၁၀ ရက်နေ့အထိ ၃နှစ်ကျော်ကြာ ကာလအတွင်း စစ်အာဏာသိမ်းမှုကို ဆန့်ကျင်တဲ့ ဒီမိုကရေစီအရေးလှုပ်ရှားမှုအတွင်း သေဆုံးခဲ့သူ ၅,၀၀၀ ကို အတည်ပြုနိုင်ပြီး သေဆုံးပြီး အတည်မပြုနိုင်သေးသူ ၁,၇၅၀ ရှိတယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦနဲ့ စီးပွားရေးလုပ်ငန်း စတဲ့ ပြည်သူ ၁,၀၀၀ နီးပါးရဲ့ ပစ္စည်းဥစ္စာ စုစုပေါင်း ၁,၂၀၀ နီးပါးကို မတရား သိမ်းဆည်းထားပြီး အဲဒီထဲက တချို့ကို လေလံတင်ရောင်းချခဲ့တယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့သတင်းကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြပါမယ်။

၂၀၂၁ စစ်ကောင်စီအာဏာသိမ်းပြီးနောက်ပိုင်းမှာအာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတဲ့ အကြမ်းဖက် တိုက်ခိုက်မှုတွေကို ဆိုးရွားစွာ ကျူးလွန်တာ၊ ဖမ်းဆီးအပြစ်ပေး အရေးယူတာတွေအပြင် အရပ်သားပြည်သူတွေပိုင်ဆိုင်တဲ့ ပစ္စည်းဥစ္စာတွေကို သိမ်းယူချိတ်ပိတ်တာတွေ ဆက်တိုက်လုပ်ဆောင်လာခဲ့တယ်လို့ နိုင်ငံရေး အကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

အာဏာသိမ်းမှုကိုဆန့်ကျင်တဲ့ ဒီမိုကရေစီအရေး တောင်းဆို လှုပ်ရှားမှုအတွင်း သေဆုံးခဲ့ရတဲ့ အရပ်သားပြည်သူ စုစုပေါင်း အရေအတွက်ဟာ ၆,၇၅၀ ရှိတယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်က ဆိုပါတယ်။ ဒီစာရင်းတွေဟာ ဆန္ဒပြလို့ ဖမ်းဆီးခံရပြီးတဲ့နောက် အဖမ်းဆီးခံရချိန်နဲ့ အကျဉ်းထောင်တွင်းမှာ သေဆုံးခဲ့တာ၊ စစ်မေးမှုတွေလုပ်တာမှာ လက်လွန်သေဆုံးခဲ့တာတွေကိုပါထည့်သွင်း စုစည်းထားတာဖြစ်တယ်လို့ AAPP က တာဝန်ရှိသူတဦးက ပြောပါတယ်။

ဒီကိန်းဂဏန်းဟာ စိုးရိမ်ဖွယ်ရာ အခြေအနေတခုကို ညွှန်ပြနေသလို လျော့နည်းလာတာမရှိသေးတာမို့ နိုင်ငံတကာက အလေးပေးစဉ်းစားဖို့ လိုအပ်နေတယ်လို့ ပြောပါတယ်။

"ဒီဟာက စစ်အုပ်စုရဲ့လက်ချက်ကြောင့် အရပ်သားပြည်သူတွေ သေဆုံးရတဲ့ကိစ္စဖြစ်ပါတယ်။ လေယာဉ်နဲ့ဗုံးကြဲတဲ့ကိစ္စမျိုးလည်းပါတယ်၊ နောက် ဆန္ဒပြတဲ့အချိန်မှာ လမ်းပေါ်တွေမှာ ပစ်သတ်ခံရသူတွေပါသလို၊ စစ်ကြောရေးမှာ ညှင်းပန်းနှိပ်စက်ခံရလို့ ကျဆုံးသွားတဲ့သူတွေ၊ အကျဉ်းထောင်တွေထဲမှာ ဆေးဝါးကုသမှုမလုံလောက်လို့ ကျဆုံးသွားတဲ့သူတွေ အဲဒါတွေအားလုံးပါပါတယ်ဗျ။ လက်နက်ကိုင်တိုက်ပွဲထဲမှာဖြစ်တဲ့ဟာတော့ ဒီအရေအတွက်ထဲမှာ မပါပါဘူး။ ကျွန်တော်တို့လက်လှမ်းမှီသလောက် အတည်ပြုလို့ရတဲ့ သူတွေကိုပဲ ထည့်ထားတာပါ။ ဒီထက်မကပါဘူး။ တချို့နေရာတွေမှာဆိုရင် အစုလိုက်အပြုံလိုက်အသတ်ခံရတာတွေ ကျွန်တော်တို့အချက်အလက်မရတဲ့အတွက်ကြောင့် ဒီထဲမှာ ထည့်ထားလို့မရပါဘူး။ ဒီထက်မကတဲ့အရေအတွက်ပဲ ရှိမှာပါ။ အခုထုတ်ပြန်ထားတာသည် ကျွန်တော်တို့ကောက်ယူရရှိထားတဲ့ အတည်ပြုလို့ရတဲ့ ကိန်းဂဏန်းအချက်အလက်ပဲဖြစ်ပါတယ်ခင်ဗျ။"

အခု ၂၀၂၄ ခုနှစ်၊ မေလ ၁၀ ရက်နေ့အထိ နွေဦးတော်လှန်ရေးနဲ့ ဆက်စပ်လို့ သေဒဏ်ချမှတ်ခံထားရပြီး အကျဉ်းထောင်တွေထဲမှာ ထိန်းသိမ်းခံနေရသူ စုစုပေါင်း ၁၂၃ ဦး ရှိတယ်လို့ AAPP ရဲ့ ကြေညာချက်က ဆိုပါတယ်။ သေဒဏ်ချမှတ်ခံထားရသူ စုစုပေါင်း (၁၆၆) ဦး ရှိပြီး အဲဒီအထဲက မျက်ကွယ် သေဒဏ်ချမှတ်ခံထားရသူဟာ ၄၃ ဦး ဆိုပါတယ်။

စစ်အာဏာသိမ်းထားတဲ့ ၃နှစ်တာကာလအတွင်း အရပ်သား ပြည်သူ အယောက် ၁၀၀၀ နီးပါးရဲ့ နေအိမ်၊ ကျောင်း၊ ဘာသာရေးဆိုင်ရာ အဆောက်အဦနဲ့ စီးပွားရေးလုပ်ငန်းစတဲ့ အရပ်သားပိုင် ပစ္စည်းဥစ္စာ စုစုပေါင်း ၁,၂၀၀ နီးပါးကို မတရား သိမ်းဆည်းခဲ့တယ်လို့ ပြောပါတယ်။ ဒီစာရင်းဟာ လက်လှမ်းမှီသလောက် ကောက်ယူထားခဲ့တဲ့ စာရင်းသာဖြစ်ပြီး လက်တွေ့မှာ ဒီထပ်ပိုများနိုင်တယ်လို့ AAPP တာဝန်ရှိသူတဦးက ဆက်ပြောတယ်။

"ကျွန်တော်တို့ထုတ်ပြန်ထားတဲ့စာရင်းဆိုတာ ကျွန်တော်တို့လက်လှမ်းမှီသလောက် ပြုစုရရှိထားတဲ့စာရင်းပဲဖြစ်တယ်။ အဲဒီဟာသည် အနည်းဆုံးကိန်းဂဏန်းဖြစ်လိမ့်မယ်။ အဲဒီထက်ပိုတဲ့ကိန်းဂဏန်းပဲဖြစ်လိမ့်မယ်။ နေအိမ်ချိတ်ပိတ်တဲ့အခါမှာ ဘယ်သူ့အိမ်ကတော့ဘယ်နေရာမှာရှိတယ်၊ ဘယ်သူ့အိမ်ကတော့ ဘယ်နေ့မှာချိတ်ပိတ်လိုက်တယ် ဆိုတာမျိုး ရပြီဆိုတာနဲ့ အတည်ပြုချက်တွေလိုက်ယူရတယ်။ ဒီအချက်အလက်တွေကိုစုဆောင်းရတယ်။ သို့သော်လည်း ဒီအိမ်ထဲမှာ ဘာပစ္စည်းတွေဘယ်လိုပါသွားတယ်။ ဘယ်လိုချိတ်ပိတ် ပိတ်လိုက်တဲ့အထဲမှာ ဘယ်နှခုရဲ့ ပိုင်ရှင်တွေရဲ့ ကိုယ်ပိုင်ပစ္စည်းဥစ္စာတွေ ဘယ်လောက်ပါသွားလဲဆိုတာ ကျွန်တော်တို့ မသိနိုင်ဘူး။ တချို့နေရာဒေသတွေမှာဆိုရင် အဲဒီအိမ်တွေကို စစ်အုပ်စုဖက်ကလူတွေက ဒီအိမ်တွေကို တံခါးတွေသော့ဖျက်ဝင်၊ ပြီးတော့ကျ အိမ်ထဲက ပစ္စည်း ပစ္စယာတွေအကုန်လုံးထုတ်ယူ ခွဲခြမ်းယူကြ၊ ဒါမျိုးတွေလုပ်နေတာတွေလည်း ကျွန်တော်တို့ကြားရပါတယ်။ တချို့နေရာတွေမှာဆိုလို့ရှိရင် ချိတ်ပိတ်ခံရတဲ့ အိမ်တွေကို လေလံပစ်တယ်ဆိုတဲ့ ရောင်းစားတယ်ဆိုတဲ့ကိစ္စတွေလည်း ကျွန်တော်တို့ကြားနေရတယ်ပေါ့နော်"

ထုတ်ပြန်ချက်အရ ပစ္စည်းသိမ်းခံရတဲ့ နေရာအများဆုံးဟာ စစ်ကိုင်းတိုင်းအတွင်းဖြစ်ပြီး အဲဒီနောက်က ရန်ကုန်၊ မန္တလေး၊ ပဲခူး၊ မကွေးတိုင်းတို့က အဆင့်လိုက် ရှိနေပါတယ်။ အဲဒီထဲမှာ တိုက်ခန်းနဲ့နေအိမ် သိမ်းဆည်းခံရမှုက အများဆုံးဖြစ်ပြီး ၉၀၀နီးပါးရှိခဲ့တာပါ။ အဲဒီနောက်မှာတော့ စီးပွားရေးလုပ်ငန်း အခု ၃၀ နီးပါးနဲ့ ဆေးရုံ/ဆေးခန်း ၁၀ခုတို့က အဆင့်လိုက် အများဆုံးအနေနဲ့ ရပ်တည်နေပါတယ်။

အဲဒီလို ပိုင်ဆိုင်မှုသိမ်းခံရသူ အများစုဟာ အရင် NLD အစိုးရလက်ထက်က လွှတ်တော်ကိုယ်စားလှယ်တွေ၊ သတင်းထောက်တွေ၊ စီးပွားရေးလုပ်ငန်းရှင်တွေ၊ အနုပညာရှင်တွေ၊ တက်ကြွလှုပ်ရှားသူတွေ၊ ကျန်းမာရေးနဲ့ ပညာရေးဝန်ထမ်းတွေအပြင် သာမန် အရပ်သား လက်လုပ်လက်စားတွေ စတဲ့ အလွှာစုံကလူတွေ ပါဝင်တယ်လို့ AAPP ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက် စစ်အာဏာသိမ်းမှု ဖြစ်ပွားပြီးနောက်ပိုင်း ဥပဒေ၊ ပုဒ်မ အမျိုးမျိုးသုံးပြီး ဖမ်းဆီးထောင်ချခံနေရတဲ့ ပြည်သူတွေ၊ အာဏာသိမ်းမှုကိုဆန့်ကျင်လို့ ဖမ်ဝရမ်း ထုတ်ခံထားရတဲ့သူတွေနဲ့ ဆက်စပ်နေတဲ့ နေအိမ်၊ အဆောက်အဦ ပိုင်ဆိုင်မှုတွေကို ချိတ်ပိတ် သိမ်းဆည်းမှုတွေဟာ စစ်ကောင်စီက သူတို့ကို ဆန့်ကျင်ကန့်ကွက်သူတွေအပေါ် တရားရေး မဏ္ဍိုင်တခုသဖွယ် အသုံးချပြီး ဖိနှိပ်တာ ဖြစ်တယ်ဆိုတဲ့ ထောက်ပြ ပြောဆိုမှုတွေလည်း ရှိနေပါတယ်။

အရင် NLD အစိုးရလက်ထက် ရွှေတောင်လွှတ်တော်ကိုယ်စားလှယ် ဒေါ်မြခွာညိုဦးလည်း အိမ်နဲ့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းခံရသူစာရင်းမှာ ပါဝင်ပါတယ်။ အိမ်သိမ်းခံရတဲ့အပြင် သဘာဝဘေးပုဒ်မ၊ မတရားအသင်း ဆက်သွယ်ရေးပုဒ်မ စတဲ့ ကြီးလေးတဲ့ ပုဒ်မတွေနဲ့ပါ တရားစွဲဆိုခံခဲ့ရပေမယ့် တော်လှန်ရေးကို ပြီးဆုံးအောင် လုပ်ဆောင်သွားမယ်လို့ သူမကပြောပါတယ်။ လက်ရှိသိမ်းခံထားရတဲ့ အိမ်နဲ့ပတ်သတ်လို့ သူက အခုလို ပြောပါတယ်။

"သူတို့အနေနဲ့ ကျွန်မကိုတိုက်ရိုက်အကြောင်းကြားတာတို့ ဘာတို့တော့ မရှိဘူးပေါ့နော်။ ကျွန်မတို့အိမ်မှာလာပြီးတော့ ပထမက စာလာကပ်တယ်ပေါ့။ ဒါပေမဲ့ ကျွန်မကအဝေးမှာရှိနေတဲ့အခါကျတော့ သူတို့ကပ်တဲ့စာအပြည့်အစုံလည်း ကျွန်မမဖတ်ရဘူး။ စာကပ်ပြီးတော့ သုံးလလောက်အကြာမှာတခါလာပြီး ချိတ်ပိတ်တာပေါ့။ အဲဒါကတော့ သူတို့ရဲ့ အဓမ္မလုပ်တဲ့ လုပ်ရပ်၊ မတရားသဖြင့် အဓမ္မလုပ်ရပ် တွေပေါ့နော်။ လူ့အခွင့်အရေးကိုချိုးဖောက်တဲ့ကိစ္စတွေဖြစ်ပါတယ်။ စောင့်ထိန်းရမှာတွေကို မစောင့်ထိန်းတာတွေ အများကြီးရှိတယ်ပေါ့။ အဲလိုပဲမြင်ပါတယ်။ ကျွန်မတို့အိမ်ကကျတော့ မိဘတွေလက်ထက်ကတည်းကအိမ်ပေါ့၊ ကျွန်မတယောက်တည်းပိုင်တာမဟုတ်ဘူး။ ညီအကိုမောင်နှမတွေ အတူတူပိုင်တယ်ဆိုတော့ ညီအကိုမောင်နှမတွေရဲ့အခွင့်အရေးတွေပါ ဆုံးရှုံးတယ်ပေါ့နော်"

ဒီ ကိန်းဂဏန်း အရေအတွက်တွေဟာ AAPP က လက်လှမ်းမီသမျှ ကောက်ယူရရှိထားတဲ့ အရေအတွက်ဖြစ်ပြီး တကယ့်လက်တွေ့မှာ ဒီထက် ပိုများနိုင်တယ်လို့ ဖော်ပြထားပါတယ်။ စစ်ကောင်စီကတော့ ဒီကိန်းဂဏန်းတွေဟာ ချဲ့ကားထားတဲ့ ကိန်းဂဏန်းတွေဖြစ်တယ်လို့ ပြန်လည် တုံပြန်ထားပါတယ်။

AAPP စာရင်းတွေအရ အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ကနေ ၂၀၂၄ မေ ၉ ရက်အထိ ၃ နှစ်ကျော်ကြာ ကာလအတွင်း ကောက်ယူထားတဲ့ စာရင်းတွေအရ ဖမ်းဆီးခံခဲ့ရသူ စုစုပေါင်း ၂၇,၀၀၀နီးပါးရှိပြီး အဲဒီအထဲက ၂၁,၀၀၀ နီးပါးဟာ ထိန်းသိမ်းခံနေရဆဲဖြစ်ပြီး ထိန်းသိမ်းခံနေရသူတွေထဲက ၉,၀၀၀ကျော်ဟာ ထောင်ဒဏ် ချမှတ်ခံထားရတယ်လို့ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG