သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ်ဇနီးမယားအဖြစ် မက်လုံးပေး ဝယ်ယူမှုတွေ တရုတ်-မြန်မာနယ်စပ်မှာ တိုးလာ 


တရုတ်မြန်မာနယ်စပ်ဂိတ်
တရုတ်မြန်မာနယ်စပ်ဂိတ်

တရုတ်ဇနီးမယားအဖြစ် တရားဝင်ဝယ်ယူဖို့ မက်လုံးပေး ကမ်းလှမ်းလာတဲ့ လူကုန်ကူးမှုတွေဟာ တရုတ်-မြန်မာနယ်စပ်မှာ တကျော့ပြန် ကြီးထွားလာနေပါတယ်။ ဘယ်လောက် အတိုင်းအတာအထိ ဒီလုပ်ငန်းတွေ ကြီးထွားနေပြီလဲဆိုတာ ခန့်မှန်းရခက်ပေမဲ့ အခုနောက်ပိုင်း ဒီကိစ္စတွေကိုပဲ အဓိက ကူညီဖြေရှင်းပေးနေရတယ်လို့ တရုတ်နယ်စပ်က မြန်မာလူမှုကူညီရေးအသင်းတွေက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့တဲ့သတင်းကို အခြေခံပြီး ကိုရန်နိုင်က တင်ပြပေးထားပါတယ်။

တရုတ်နယ်စပ်မှာ လူကုန်ကူးတဲ့ လုပ်ငန်းတွေ တကျော့ပြန်ကြီးထွားနေပြီး တရုတ်ဇနီးမယားအဖြစ် ဝယ်ယူဖို့အတွက် Facebook နဲ့ ဝီချက် (WeChat) လူမှုကွန်ရက်ပေါ်ကနေ ကြော်ငြာနေသူတွေ အများအပြား ရှိနေပါတယ်။ ငွေအများအပြားနဲ့ တရားဝင် လက်ထပ်ယူမယ်ဆိုတဲ့ မက်လုံးတွေကြောင့် မြန်မာအမျိုးသမီး အများအပြား ရောင်းစားခံနေရတာပါ။ အခုတော့ ဒီလိုရောင်းစားခံရသူတွေက သူတို့ကိုကယ်ထုတ်ပေးဖို့ နယ်စပ်က မြန်မာလူမှုကူညီရေး အသင်းတွေကို အကူအညီ တောင်းလာကြပါတယ်။

ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့မှာရှိတဲ့ လူမှုကူညီရေးအသင်းတခုရဲ့ တာဝန်ခံက အခုလိုပြောပါတယ်။

" လောလောဆယ် ကျနော့ဆီကတော့ ဟိုတလောက ခြောက်ယောက်လောက် လက်ခံထားတာရှိတယ်ဗျ၊ ရောင်းစားခံထားရတဲ့ ဟာတွေပေါ့နော်။ ငါးယောက်ကိုတော့ ကျနော်တို့ကတော့ ရန်ကုန်မြို့ကို ပြန်ပို့ပေးလိုက်ပါပြီ။ တယောက်ကတော့ ငယ်စဉ်တောင်ကျေး ကလေးဘဝကတည်းက ရောင်းစားခံထားရတော့ သူ့မြို့သူလည်း မမှတ်မိ ဘယ်ကိုသွားလို့ လာရမှန်းမသိတော့ ကျနော်တို့ ပရဟိတအသင်းမှာ တယောက်တော့ ထိန်းသိမ်းထားတာ ရှိတယ်ဗျ။ အထောက်အထား ဖုန်းတွေဘာတွေကအစ တရုတ်က အကုန်သိမ်းထားတာလေ။ ဗမာစကားလည်း အဲဒီလောက် လည်လည်ပတ်ပတ် မပြောတတ်ဘူးဗျ၊ တရုတ်မယားအဖြစ်လည်း ခံယူခဲ့ရတယ် ကလေးတယောက်လည်း မွေးခဲ့တယ်၊ ယောက္ခမက ကိုယ်တိုင်ရဲစခန်းကိုတိုင်လို့ အဖမ်းခံတာ၊ နောက်တခါ ဗမာပြည်ကိုထုတ်လာတယ် ဗမာပြည်မှာလက်ရှိ ဌာနဆိုင်ရာက နယ်မြေမအေးချမ်းသည့်အတွက် လူကုန်တားတွေဆီ အကြောင်းကြားပြီး ကျနော်တို့ ထိန်းသိမ်းလိုက်တယ်။"

တချို့ အမျိုးသမီးတွေက မြန်မာနယ်စပ်ကနေ မိုင် ၂,၀၀၀ ကျော်ဝေးတဲ့ တရုတ်နိုင်ငံမြောက်ပိုင်းနဲ့ အလယ်ပိုင်းမှာ တရုတ်ဇနီးမယားအဖြစ် ရောင်းစားခံခဲ့ရတာပါ။ ဒီလိုမျိုး အမှုအခင်းတွေက နှစ်နိုင်ငံ လူကုန်ကူးအဖွဲ့အစည်းတွေ အချင်းချင်း ချိတ်ဆက်ပြီး လုပ်မယ်ဆိုရင်တောင် ခြေရာခံဖို့ ခက်ခဲကြောင်း လူမှုကူညီရေး အဖွဲ့တချို့က ပြောပါတယ်။ နယ်စပ်မှာ လူကုန်ကူးခံရတဲ့ အမှုကိစ္စတွေကို မကြာခဏဆိုသလို ဖြေရှင်းပေးနေရကြောင်း လက်ဖက်ညွှန့် လူမှုကူညီရေးအသင်းရဲ့ တာဝန်ခံ မိုင်ဦးလှိုင်အေးက ပြောပါတယ်။

" လူမှုကွန်ရက်ပေါ်မှာ အဲ့မျိုးယုံကြည်ပြီးတော့ လိုက်သွားတာလည်းရှိတယ်။ ပြီးတော့ ဒီမူဆယ်ဘက်ကမ်း ရောက်တော့လည်း အလုပ်ကောင်း ရှိတယ်ဆိုပြီးတော့လည်း လိမ်ညာ ခေါ်သွားတာလည်း ရှိတယ်။ ဟိုရောက်တော့လည်း အူကြောင်ကြောင် မရောက်ဖူးတဲ့သူဆို ပိုဆိုးပေါ့။ အဲဒါမျိုးက ဟိုကပွဲစားကတဆင့် လိမ်ခံရပြီး ရောင်းစားကြတာပေါ့။ လူကုန်ကူး တားဆီးရေးမှာတော့ ကျနော် အကျိုးအကြောင်းတော့ ပြောပြပေးထားတယ် ဒါပေမဲ့ ကြာမှာပေါ့ သူကဟိုဘက်တရုတ်ရဲနဲ့ ချိတ်ဆက်ရတာလေ။ လချီမှာတော့ ကျနော်ထင်တာပဲ။"

တရုတ်ဇနီးမယားအဖြစ် လူကုန်ကူးခံရတဲ့ အရှေ့တောင်အာရှက အမျိုးသမီးငယ်ပေါင်း ၁,၁၀၀ လောက်ကို မြန်မာ၊ လာအို၊ ထိုင်း၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ် ပူးပေါင်းရဲတပ်ဖွဲ့က ၂၀၁၈ ထဲမှာ ကယ်တင်နိုင်ခဲ့ပါတယ်။ ဝင်ငွေကျပ်တည်းလာတဲ့ မြန်မာနိုင်ငံမှာတော့ ဒီလိုလူကုန်ကူးမှု ကိစ္စတွေဟာ စိုးရိမ်စရာ ဖြစ်လာနိုင်တယ်လို့ တရုတ်နယ်စပ်က မြန်မာလူမှုကူညီရေး အဖွဲ့တွေက ခန့်မှန်းထားပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG