သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ထောင်ဒဏ် အနှစ် ၂၀ ထပ်တိုး ချမှတ်


မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှာတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၁)
မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဆန္ဒပြပွဲတခုမှာတွေ့ရစဉ် (မတ် ၂၈၊ ၂၀၂၁)

စစ်ကိုင်းတိုင်း၊ မုံရွာအကျဥ်းထောင်မှာ ထောင် ၅၄ နှစ် ချမှတ်ခံထားရတဲ့ မုံရွာသပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ကို ဒီနေ့မှာ မုံရွာ ထောင်တွင်း တရားရုံးကနေ နောက်ထပ် ထောင်ဒဏ် အနှစ် ၂၀ ထပ်မံ ချမှတ်လိုက်တယ်လို့ မိသားစုနဲ့နီးစပ်သူတဦးက အတည်ပြုပါတယ်။ ရဲ ၂ ဦးကို သတ်မှုနဲ့ ပတ်သတ်လို့ သူနဲ့အတူ ၆ဦးကို ထောင် အနှစ် ၂၀ ချမှတ်လိုက်တာဖြစ်ပြီး နောက်ထပ် လူအယောက် ၃၀ထပ်မနည်းကိုလည်း ဒီအမှုနဲ့ ဆက်နွယ်ပြီး ထောင်ဒဏ် ၂နှစ်စီ ချမှတ်ခဲ့တယ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီက ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်ကပေးပို့တဲ့ သတင်းကိုအခြေခံပြီး ကိုငြိမ်းချမ်းက တင်ပြပေးထားပါတယ်။

မုံရွာမြို့မှာ ရဲနှစ်ဦးသေဆုံးမှုနဲ့ပတ်သက်ပြီး ကိုဝေမိုးနိုင် အပါအဝင် ကိုကျော်စွာဝင်း (ခေါ်) ကိုတရုတ်ကြီး၊ ကိုသန်းနိုင်မင်း၊ ကိုကျော်ဆွေဝင်း၊ ကိုရဲမင်းသူနဲ့ ကိုကျော်နိုင်ထွန်းတို့ ခြောက်ဦးကို လူသတ်မှု ရာဇသတ်ကြီး ဥပဒေပုဒ်မ - ၃၀၂နဲ့ ထောင်အနှစ် ၂၀၊ လူသတ်ဖို့ရည်ရွယ်ပြီး လူကို သွေးဆောင်ခေါ်ယူမှု ပုဒ်မ ၃၆၄ နဲ့ ထောင် အနှစ် ၂၀၊ တပ်မတော်ကို အကြည်ညိုပျက်အောင်လုပ်မှု ပုဒ်မ ၅၀၅ (က) နဲ့ ထောင် ၂ နှစ်၊ အဲဒီပုဒ်မ သုံးခုလုံးအတွက် ပြစ်ဒဏ်ကို တစ်ပေါင်းတည်းကျခံဖို့ အမိန့်ချတာဖြစ်လို့ မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်က အခုလိုပြောပါတယ်။

"အမိန့်ချသွားတာက ရဲ ၂ယောက်ကိုအသတ်ခံရတဲ့ကိစ္စပေါ့လေ။ အဲ ရဲ၂ယောက်သတ်ခံရတဲ့ကိစ္စမှာစစ်တပ်က သတ်ခံရတဲ့နေရာဘေးပတ် ပတ် ဝန်းကျင်က လူတွေလည်းဖမ်းလာတယ်။ ကိုဝေမိုးနိုင်ကို ဧပြီလဖမ်းမိတဲ့အချိန်မှာလည်း ဒီကိစ္စမှာကိုဝေမိုးနိုင်ပါဝင်တယ်ဆိုပြီး မတရား အမှုဆင်ပြီးကျတော့ တရားစွဲဆိုတဲ့အမှုဖြစ်တယ်။ အခုအမိန့်ချတဲ့အမှုတွေက ၃၀၂ လူသတ်မှုနဲ့ နှစ် ၂၀၊ ပုဒ်မ ၃၆၄နဲ့ နှစ် ၂၀၊ ၅၀၅-ကနဲ့က ၂နှစ် အားလုံးပေါင်း ၄၂နှစ်ပေါ့ တပေါင်းထဲကျရန်ဆိုတော့ နှစ် ၂၀၊ အဲဒါကကိုဝေမိုးနိုင်အပါ ၆ဦးကို နှစ် ၂၀ချပြီးတော့ ကျန်တဲ့အယောက် ၃၀ကို တော့ ထောင်ဒဏ် ၂နှစ်ချဖို့အမိန့်ချလိုက်တယ်။"

ဒီလူသတ်မှုအတွက်ဆိုပြီး ကိုဝေမိုးနိုင်အပါအဝင် အယောက် ၃၀ကျော်ကို စစ်ကောင်စီက ဖမ်းဆီးထိန်းသိမ်းခဲ့တာပါ။ ကိုဝေမိုးနိုင် အပါအဝင် ၆ဦးကိုတော့ နှစ် ၂၀ချမှတ်ခဲ့တာဖြစ်ပြီး ကျန်အယောက် ၃၀ထက်မနည်းကိုတော့ လူတစ်ယောက်ကို မတရားချုပ်နှောင်မှု ရာဇသတ်ကြီး ပုဒ်မတွေဖြစ်တဲ့ ပုဒ်မ -၃၄၂ ၊ ဥပဒေနဲ့မညီဘဲ လူစုလူဝေးလုပ်မှု ပုဒ်မ - ၁၄၉ တို့နဲ့ တစ်ပေါင်းတည်း ထောင် ၂ နှစ်ချမှတ်ခံရတာလို့ သူက ပြောပါတယ်။


ကိုဝေမိုးနိုင်ရဲ့မိသားစုတဦးကတော့ အခုလို ထောင်ဒဏ်ချမှတ်လိုက်တဲ့အပေါ်မှာ ဘာတုံပြန်စရာမှမရှိပေမယ့် နှစ်ရှည် ထောင်ဒဏ် ချမှတ်ခံထားရတဲ့ သူ့ကို ထောင်ပြောင်းဖို့ရှိနေတာမို့ စိုးရိမ်မိတယ်လို့ ပြောပါတယ်။

"ထွေထွေထူးထူးပြောစရာမရှိပါဘူး။ အများဖြစ်နေတဲ့ကိစ္စဆိုတော့လေ တိုင်းရေးပြည်ရေးတခြားအရေးတွေကလည်း အရေးကြီးနေတော့ဘာမှတော့ပြောစရာမရှိ။ ချလိုက်တဲ့နှစ်ထပ်လေ သူ့ကိုထောင်ပြောင်းရမှာပေါ့ မုံရွာက ၁၀နှစ်ဝန်းကျင်ဘဲထားတာလေ အဲအတွက်တော့ကျမစိတ်ပူတယ်။ ဘယ်ထောင်ပို့မလဲ ဘယ်လိုပို့မလဲ အဲဒါလေးတော့ရှိတာ ပေါ့နော်"

မုံရွာထောင်မှာ ၁၀နှစ်အောက် အကျဉ်းသားတွေကိုဘဲ အများအားဖြင့်ထားရှိပြီး ၁၀နှစ်ကနေနှစ် ၂၀အတွင်းကျခံရသူတွေကို မြင်းခြံထောင်ပို့လေ့ ရှိပါတယ်။ အနှစ် ၂၀ကျော်ရင်တော့ မန္တလေး၊ ဒါမှမဟုတ် တခြားအကျဉ်းထောင်တွေကို ပို့လေ့ရှိတယ်လို့ အကျဉ်းထောင်နဲ့ နီးစပ်သူတဦးက ပြောပါတယ်။

ကိုဝေမိုးနိုင်ရဲ့အမှုတွေ မပြီးသတ်သေးလို့ ထောင်ပြောင်းဖို့ မလုပ်သေးပေမယ့် အခုမှာတော့ စွဲဆိုထားတဲ့ ပုဒ်မတွေ အားလုံးပြီးပြီမို့ ထောင်ပြောင်းဖွယ် ရှိတယ်လို့ အဲဒီအမည်မဖော်လိုတဲ့ အကျဉ်းထောင်နဲ့နီးစပ်သူက ပြောပါတယ်။ လက်ရှိအချိန်ထိ ဘယ်ထောင်ကို ပြောင်းမလဲဆိုတာကို တော့မသိရသေးပါဘူး။

မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီဝင် ကိုရှင်းသန့်ကတော့ အခုလိုထောင်ဒဏ်နှစ်ရှည်ချမှတ်လိုက်တာက မတရားသဖြင့်ဖိနှိပ်တာ ကိုဖော်ပြတာဖြစ်ပြီး မတရားသဖြင့် နှစ်ရှည်ထောင်ဒဏ်တွေ ချမှတ်တာဖြစ်တာမို့ တော်လှန်ရေးမှာ အဆုံးထိတိုက်ပွဲဝင်ပေးကြဖို့ တိုက်တွန်းသွား ပါတယ်။

" ဒီဟာပေါ်မှာတော့ရန်သူကရန်သူလိုဆက်ဆံနေတာဖြစ်တယ်။ သူ့အာဏာတည်ရေးအတွက်လမ်းမှာအတားအဆီးမှန်သမျှကို မတရားဖမ်းဆီး တာတွေ မတရားသတ်ဖြတ်တာတွေလုပ်နေကြတာဖြစ်တယ်။ ရန်သူကိုတော်လှန်ရေးအင်အားစုတွေကော ပြည်သူတွေကကောရန်ငါပြတ်ပြီး တော့ တော်လှန်ရေးအဆုံးထိသွားဖို့ စစ်အာဏာရှင်မကျမဆုံးမချင်းတိုက်ပွဲဝင်သွားကြဖို့ ကျနော်တို့ကပြည်သူကိုတိုက်တွန်းချင်ပါတယ်။"

ကိုဝေမိုးနိုင်ရဲ့ လက်ရှိကျန်းမာရေးအခြေအနေဟာ ကောင်းမွန်နေပြီး ၁လတခါ လူတွေ့ခွင့်၊ တပါတ်တခါ ထောင်ဝင်စာပို့ခွင့်လည်း ရှိနေတယ်လို့ မိသားစုဝင်တဦးက ပြောပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် မုံရွာမြို့က အာဏာရှင်ဆန့်ကျင်ရေးသပိတ်တွေကို ကိုဝေမိုးနိုင်က တက်ကြွစွာဦးဆောင်ခဲ့သူဖြစ်ပါတယ်။ သူ့ကို ၂ဝ၂၁ ခုနှစ်၊ ဧပြီလ ၁၅ ရက်နေ့က ဆိုင်ကယ်နဲ့ စီတန်းလှည့်လည်နေချိန်မှာပဲ စစ်ကောင်စီက ကားနဲ့တိုက်ပြီး ရိုက်နှက်ဖမ်းဆီး သွားခဲ့တာဖြစ်ပါ တယ်။

အသက် ၂၈ နှစ်အရွယ် သပိတ်ခေါင်းဆောင် ကိုဝေမိုးနိုင်ဟာ အရင်က ရာဇသတ်ကြီးပုဒ်မ ၅၀၅-ကနဲ့ အမှု‌ခြောက်မှုအတွက် ထောင် ၁၂ နှစ်၊ သဘာဝဘေးပုဒ်မ - ၂၅ အတွက် ထောင် ၂ နှစ်၊ ဓားပြမှု ပုဒ်မ - ၃၉၅၊ လူစုလူဝေးမှာပါဝင်ပြီး သေစေနိုင်လောက်တဲ့ လက်နက်ကိုင်စွဲမှု ပုဒ်မ - ၃၉၇ တို့နဲ့ ထောင်အနှစ် ၂၀၊ နိုင်ငံတော် သစ္စာဖောက်ဖျက် ပုန်ကန်မှုပုဒ်မ - ၁၂၂ နဲ့ ထောင်အနှစ် ၂၀ စုစုပေါင်း ၅၄ နှစ် ချမှတ်ခံထားရတာပါ။ ဒီကနေ့ချမှတ်လိုက်တဲ့ ထောင်ဒဏ် နှစ် ၂၀ နဲ့ပေါင်းရင် သူကျခံရမယ့် ထောင်ဒဏ် စုစုပေါင်းဟာ ၇၄ နှစ်အထိ ရှိသွားပြီဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG