သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစ္စရေးထိုးစစ်ကြောင့် Rafah က ထွက်ပြေးသူ တသိန်းကျော်ရှိလာ


အစ္စရေးရဲ့ ဂါဇာတောင်ပိုင်းစစ်ဆင်ရေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ ပါလက်စတိုင်းဒေသခံများ (မေ ၉၊ ၂၀၂၄)
အစ္စရေးရဲ့ ဂါဇာတောင်ပိုင်းစစ်ဆင်ရေးကြောင့် နေရပ်စွန့်ခွာထွက်ပြေးနေကြတဲ့ ပါလက်စတိုင်းဒေသခံများ (မေ ၉၊ ၂၀၂၄)

ဂါဇာကမ်းမြောင်ဒေသတောင်ပိုင်း Rafah မြို့အပေါ် အစ္စရေးစစ်တပ်က အပြည့်အဝထိုးစစ်ဆင်မှာကို စိုးရိမ်တဲ့အတွက် ဘေးလွတ်ရာ ထွက်သွားနေကြသူ ၁ သိန်းကျော်သွားပြီလို့ ကုလသမဂ္ဂက ဒီနေ့ သောကြာနေ့မှာ ပြောကြားပါတယ်။ Rafah မြို့မှာရှိနေကြသူတွေကို မြို့ထဲကနေ ထွက်သွားဖို့ အစ္စရေး စစ်တပ်က တနင်္လာနေ့မှာ ပြောကြားခဲ့တာမို့ ထိုးစစ်ဆင်တော့မှာကို နိုင်ငံတကာက အထိတ်တလန့် စိုးရိမ်‌နေကြပါတယ်။ Rafah မြို့က ထွက်သွားသူ ၁ သိန်းကျော်ပြီလို့ ကုလသမဂ္ဂ UNICEF အဖွဲ့ကပြောသလို ကုလသမဂ္ဂ လူသားချင်းစာနာကူညီမှုအေဂျင်စီ OCHA က ၁ သိန်း ၁ သောင်းကျော်သွားပြီလို့ စာရင်း ထုတ်ပြန်ပါတယ်။

အစ္စရေးတို့ထွက်ခွာခိုင်းတဲ့နေ့ကတည်းကစလို့ နေ့စဉ် ထွက်သွားနေကြသူ ပျှမ်းမျှ ၃ သောင်းလောက် တွေ့မြင်နေရပြီး ဘေးလွတ်ရာသွားနေကြသူ အများစုဟာ ခိုလှုံနေတဲ့နေရာကနေ ဘေးကင်းရာ ထပ်ပြောင်းနေကြရတာ ၅ ကြိမ် ၆ ကြိမ်ထက်မနည်း ရှိနေပြီလို့ ဂါဇာဒေသဆိုင်ရာ OCHA ရုံးအကြီးအကဲ Georgios Petropoulos ကပြောပါတယ်။ အစ္စရေးတို့ ပိတ်ဆို့ထားတဲ့ပါလက်စတိုင်း ဒေသမှာ ဘယ်တုန်းကမှနဲ့မှ မတူတဲ့ အရေးပေါ် အခြေအနေဖြစ်နေပြီလို့ သူကပြောကြားပါတယ်။

ဂါဇာကမ်းမြောင်ဒေသထဲက Hamas စစ်သွေးကြွတွေအပေါ် ပြီးခဲ့တဲ့ အောက်တိုဘာမှာ အစ္စရေး စစ်တပ်ထိုးစစ် စတင်ခဲ့ချိန်ကစလို့ ဂါဇာမြောက်ပိုင်းနဲ့ အလယ်ပိုင်းက ပါလက်စတိုင်းပြည်သူ သိန်းနဲ့ချီ တောင်ပိုင်းက Rafah မြို့ကို ထွက်ပြေးခိုလှုံခဲ့ကြတဲ့အတွက် မြို့မှာ လူဦးရေ ၁ သိန်းခွဲလောက် ရှိခဲ့တာမို့ အစ္စရေး စစ်တပ် ထိုးစစ်ဆင်မယ်ဆိုရင် အများအပြား ထိခိုက်သေကြေလိမ့်မယ်လို့ ကုလသမဂ္ဂက သတိပေးထားပါတယ်။ ပါလက်စတိုင်းအရပ်သားတွေ ဘေးကင်းလုံခြုံလုံခြုံအောင် ဆောင်ရွက်မဲ့ အစီအစဉ်မပါဘဲ အစ္စရေးတို့ ထိုးစစ်ဆင်တာကို လက်မခံဘူးလို့ အမေရိကန်ပြည်ထောင်စုကလည်း ပြောကြားထားပါတယ်။

သမ္မတ Biden ကလည်း ထိုးစစ်ဆင်တိုက်ခိုက်ရင် အသုံးပြုနိုင်တဲ့ ဗုံးလက်နက်ကြီးတွေ အစ္စရေးကို ပေးတာ ဆိုင်းထားမယ်လို့ ပြောကြားခဲ့ပါတယ်။ ဒါပေမဲ့ အစ္စရေးကာကွယ်ရေးအတွက် လေကြောင်းရန်ကာကွယ်ရေးစနစ်လို လက်နက်မျိုးတွေကိုတော့ ပေးမယ်လို့ သမ္မတက ပြောပါတယ်။

တချိန်ထဲမှာပဲ ပါလက်စတိုင်းပြည်သူတွေအတွက် အဓိက အကူအညီပေးတဲ့ ကုလသမဂ္ဂအေဂျင်စီ UNWRA ရုံးချုပ်ကို ပိတ်လိုက်ပြီလို့ အကြီးအကဲ Philippe Lazzarini က X လူမှုကွန်ရက်ပေါ်မှာ ရေးသားအသိပေးလိုက်ပါတယ်။ အရှေ့ Jerusalem မြို့မှာဖွင့်ထားတဲ့ ဌာနချုပ်နားမှာ အစ္စရေးဒေသခံတွေက မီးရှို့ခဲ့လို့ ဌာနချုပ်ဝန်းနားအဓိက မီးကူးခဲ့ပြီးနောက် အခုလို ပိတ်လိုက်တာပါ။ ဒီဖြစ်ရပ်ဟာ သီတင်း ၁ ပတ်ထဲမှာ ဒုတိယအကြိမ် ဖြစ်ပါတယ်။ ကုလသမဂ္ဂရုံးဝန်း လုံခြုံရေး အသေအချာပြန်ရချိန်အထိ UNWRA ဌာနချုပ်ကို ပိတ်ထားမယ်လို့ အကြီးအကဲက ပြောပါတယ်။

တိုက်ရိုက် လင့်ခ်

Forum

XS
SM
MD
LG