သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၁၇ နိုင်ငံတကာအမျိုးသမီးသတ္တိဆုရှင် (၁၃)ဦး အမေရိကန်ဂုဏ်ပြု


First Lady Melania Trump and Under Secretary Shannon Pose for a Photo With the 2017 International Women of Courage Awardees
First Lady Melania Trump and Under Secretary Shannon Pose for a Photo With the 2017 International Women of Courage Awardees

၂၀၁၇ ခုနှစ် နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုကို အမေရိကန်သမ္မတ ကတော် Melania Trump က ဆုရှင် အမျိုးသမီး ၁၃ ဦးကို ဝါရှင်ဒီစီမှာ ဗုဒ္ဓဟူးနေ့က ဆုချီးမြှင့်ခဲ့ပါတယ်။

အခု စင်ပေါ်မှာ သူနဲ့ အတူရှိနေတဲ့ ဆုရှင်တွေဟာ သူတို့ရဲ့ အခွင့်အရေးတွေအပြင် တခြားသူတွေရဲ့ အခွင့်အရေးတွေအတွက်ပါ တိုက်ပွဲဝင် ခဲ့ကြတာ ဖြစ်ပါတယ်။ အစိုးရတွေ၊ တရားရုံးတွေ၊ ကျားမခွဲခြားဆက်ဆံ ခံရမှုတွေ အကြမ်းဖက် တိုက်ခိုက်မှု၊ စစ်ပွဲနဲ့ အဂတိလိုက်စားမှုတွေကို သူတို့ တိုက်ပွဲဝင်ခဲ့ကြတာ ဖြစ်ပြီး အကျဉ်းကျခံရမှုနဲ့ အသက်ဆုံးရှုံးမှု အပါအဝင် ကြီးလေးတဲ့ အကဲစမ်းမှုတွေကို ရင်ဆိုင်ခဲ့ကြတာ ဖြစ်တယ်လို့ သမ္မတကတော်က ပြောကြားခဲ့တာဖြစ်ပါတယ်။

နိုင်ငံခြားရေးဌာနက ချီးမြှင့်တဲ့ ဒီ နိုင်ငံတကာ အမျိုးသမီး ရဲစွမ်းသတ္တိရှင်ဆုဟာ ကမ္ဘာတဝှမ်းမှာ ငြိမ်းချမ်းရေး၊ တရားဥပဒေစိုးမိုးရေး၊ လူ့အခွင့်ရေး၊ ကျားမတန်းတူ ရရှိရေး၊ အမျိုးသမီးများ စွမ်းရည်မြှင့်တင်ရေး တို့အတွက် အနစ်နာခံပြီး သတ္တိနဲ့ ခေါင်းဆောင်မှု ပြသခဲ့တဲ့ အမျိုးသမီးတွေကို ဂုဏ်ပြုတဲ့ ဆုဖြစ်ပါတယ်။ ၂၀၀၇ ခုနှစ်က စတင်ပြီး ချီးမြှင့်ခဲ့တဲ့ ဒီဆိုကို နိုင်ငံပေါင်း ၆၀ က အမျိုးသမီးပေါင်း တရာကျော်ကို ချီးမြှင့်ခဲ့ပြီး ဖြစ်ပါတယ်။ ဒီဆုကို မြန်မာနိုင်ငံက ၂၀၁၂မှာ မဇင်မာအောင် နဲ့ ၂၀၁၅ မှာတော့ မမေစပယ်ဖြူတို့ ချီးမြှင့် ခံခဲ့ရပါတယ်။

ဒီနှစ် ဆုရှင် ၁၃ ဦးထဲမှာ ဗီယက်နမ်က ဆုရှင်ကတော့ မတက်ရောက်နိုင်ပါဘူး။ သဘာဝဝန်းကျင် ထိမ်းသိမ်း စောင့်ရှောက်ရေးမှာ တက်ကြွလှုပ်ရှားသူဖြစ်တဲ့ ဘလော့ဂါ Nguyen Ngoc Nhu Quynh ဟာ ၂၀၁၆ ခုနှစ် အောက်တိုဘာလ ကတည်းက အကျဉ်းကျခံနေရတာ ဖြစ်ပြီး အမေရိကန်နိုင်ငံခြားရေးဌာန ကတော့ သူမကို အမြန်ပြန်လွှတ်ပေးဖို့ အဆက်မပြတ် တောင်းဆိုနေတာ ဖြစ်ပါတယ်။

နောက်ဆုရှင်တွေကတော့ ဘင်္ဂလားဒေ့ရှ်၊ သီရိလင်္ကာ၊ ကိုလံဘီယာ၊ ပီရူး၊ ဘော့စ်ဝါနာ၊ ကွန်ဂို၊ ယီမင်၊ Niger ၊ အီရတ်၊ တူရကီ၊ ဆီးရီးယားနဲ့ Papua New Guinea နိုင်ငံတွေက ဖြစ်ကြပါတယ်။

ဒီနှစ်ဆုပေးပွဲကို နိုင်ငံရေးရာဌာန လက်ထောက်နိုင်ငံခြားရေးဝန်ကြီး Thomas Shannon နဲ့အတူ သမ္မတကတော် Melania Trump တို့ဆုချီးမြှင့်ခဲ့တာ ဖြစ်ပါတယ်။

ဆုပေးပွဲ အခန်းအနား အပြီး အမျိုးသမီး ဆုရှင် ၁၃ တို့အနေနဲ့ အမေရိကန် နိုင်ငံတဝှမ်း မြို့ကြီးတွေကို သွားရောက်ကြမှာ ဖြစ်ပြီး ကမ္ဘာတဝှမ်း အမျိုးသမီးနဲ့ မိန်းခလေးငယ်တွေ ဘဝတိုးတက်စေရေးအတွက် ပူးပေါင်း ဆောင်ရွက်ဖို့ Los Angeles မြို့မှာ ကျင်းပတဲ့ ညီလာခံကို တက်ရောက်ကြမှာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG