သုံးရလွယ်ကူစေသည့် Link များ

ကုလသမဂ္ဂအတွက် စိန်ခေါ်မှုများစွာနှင့် ၂၀၀၇ ကို ပြန်ကြည့်ခြင်း


၂၀၀၇ ခုနှစ်အတွင်း ကုလသမဂ္ဂအနေနဲ့
ရင်ဆိုင်ခဲ့ရတဲ့ စိန်ခေါ်မှုအများအပြားအနက်
မြန်မာနိုင်ငံမှာ ဆန္ဒပြသူတွေကို ရက်ရက်
စက်စက် နှိမ်နင်းဖြိုခွဲခဲ့တဲ့ကိစ္စ၊ ဆူဒန်နိုင်ငံ
ဒါးဖောဒေသမှာ ဆက်ဖြစ်နေတဲ့ ပြဿနာ
တွေလည်း ပါဝင်ပါတယ်။ ဒီပြဿနာတွေကို ကုလသမဂ္ဂကနေ ဘယ်လိုကိုင်တွယ်ခဲ့တယ်
ဆိုတာနဲ့ အဖွဲ့ကြီးရဲ့ အတွင်းရေးမှူးချုပ်သစ်
ဘန်ကီမွန်း (Ban Ki-Moon) ရဲ့ စွမ်းဆောင်မှု
တွေကို လေ့လာသုံးသပ်ပြီး ဗွီအိုအေသတင်း
ထောက် Cindy Saine က သတင်းဆောင်းပါး ရေးသားထားပါတယ်။

ပြီးခဲ့တဲ့နှစ်မှာ မစ္စတာဘန်ကီမွန်းကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်အဖြစ် တရားဝင်
အတည်ပြုခဲ့ချိန်မှာ ဟိတ်ကြီးဟန်ကြီး သိပ်လုပ်မနေဘဲ အလုပ်တွေကို ပြီးအောင်လုပ်ဖို့
သူက ကတိပြုခဲ့ပါတယ်။

“ကျနော်တို့ စကားပြောတဲ့နေရာမှာ နှိမ့်ချသင့်ပါတယ်၊ ဒါပေမယ့် စွမ်းဆောင်ရည်ကို
တော့ နှိမ့်ချစရာမလိုပါဘူး။ ကုလသမဂ္ဂရဲ့ အောင်မြင်မှုကို တကယ်တမ်းတိုင်းတာမှာက
ကျနော်တို့ ဘယ်လောက်ကတိပေးတယ် ဆိုတာမဟုတ်ဘဲ ကျနော်တို့ကို အလိုအပ်ဆုံး
သူတွေအတွက် ဘယ်လောက်လုပ်ပေးနိုင်တယ်ဆိုတာနဲ့ တိုင်းတာမှာပါ” လို့ ဘန်က
ပြောပါတယ်။

စကားကို ဖြည်းဖြည်းညင်သာပြောတတ်တဲ့ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး
ဟောင်းဟာ သူ့ကို အတွင်းရေးမှူးချုပ်အဖြစ် ရွေးချယ်ခန့်အပ်ခဲ့တဲ့အပေါ် ကမ္ဘာ့ဇာတ်ခုံ
ပေါ်မှာ အာရှတိုက်ရဲ့အခန်းကဏ္ဍ မြင့်တက်လာတာကိုပြတဲ့ အထောက်အထားအဖြစ်
ကြိုဆိုခဲ့ပါတယ်။ နှိမ့်ချတယ်ဆိုတာဟာ အာရှတိုက်မှာ အထူးတန်ဖိုးထားတဲ့ အရည်
အသွေးတခုဖြစ်တယ်လို့လည်း သူက မှတ်ချက်ပေးပါတယ်။

ဘန်ကီမွန်းဟာ ဒုက္ခသည်တွေနဲ့ တဦးချင်းထိတွေ့ပြောဆိုရာမှာပဲဖြစ်ဖြစ်၊ ကုလသမဂ္ဂ ငြိမ်းချမ်းမှုထိန်းသိမ်းရေးတပ်တွေနဲ့ ပြောရာမှာဖြစ်ဖြစ်၊ ပြောရေးဆိုခွင့်ရှိသူတဦးအနေ
နဲ့မဟုတ်ဘဲ လူစုလူဝေးကို စကားပြောရာမှာ သက်သောင့်သက်သာအရှိဆုံးပုံ
ပေါက်ပါတယ်။

နယူးယော့ခ်အခြေစိုက် နိုင်ငံတကာငြိမ်းချမ်းရေးအဖွဲ့က Edward Luck ဟာ ကုလ
သမဂ္ဂရေးရာ ကျွမ်းကျင်သူပါ။ ဘန်ကို သန္နိဋ္ဌာန်ခိုင်မာသူ၊ ပြုလွယ်ပြင်လွယ်ရှိပြီး လက်တွေ့ကျသူအဖြစ် သူက ပုံဖော်ပါတယ်။
“သူ့ကို ကျနော်တို့ရဲ့ ပထမဆုံး ကော်လာပြာအတွင်းရေးမှူးချုပ်အဖြစ် တခါတခါ ကျနော်ထင်မိပါတယ်။ တခါထဲ အင်္ကျီလက်ကိုခေါက်တင်ပြီး အလုပ်ထလုပ်တဲ့လူမျိုး
ပေါ့။ ပျံနေအောင်ရေးထားတဲ့ ထုတ်ပြန်ချက်တွေ၊ ဟိတ်ကြီးဟန်ကြီး လုပ်ထုံးလုပ်
နည်းတွေ လုပ်တဲ့လူမျိုးမဟုတ်ဘူးဗျ” လို့ Edward ကဆိုပါတယ်။

ဘန်ဟာ ဆူဒန်နိုင်ငံ၊ ဒါးဖောဒေသမှာ ဆက်ဖြစ်နေတဲ့ ပဋိပက္ခကို အမွေဆက်ခံရပါ
တယ်။ ဒါးဖောပဋိပက္ခကြောင့် ၂၀၀၃ ခုနှစ်ကတည်းကနေဆိုရင် ခန့်မှန်းချေ လူပေါင်း နှစ်သိန်းလောက် သေဆုံခဲ့ရပြီးပြီဖြစ်ပြီး နောက်ထပ် နှစ်သန်းခွဲလောက်ဟာ အိုးပစ်
အိမ်ပစ် ထွက်ပြေးနေကြရပါတယ်။ အဲဒီဒေသမှာချထားဖို့ ကုလသမဂ္ဂနဲ့ အာဖရိက
သမဂ္ဂပူးပေါင်း ငြိမ်းချမ်းရေးထိန်းသိမ်းမှုတပ်အင်အား ၂၆၀၀၀ ချထားဖို့ ကုလသမဂ္ဂ
က အတည်ပြုထားပါတယ်။ ဒါပေမယ့် ကုလသမဂ္ဂဟာ တပ်အင်အားနဲ့ လိုအပ်တဲ့ပစ္စည်း
ကိရိယာတွေ အလုံအလောက်ရဖို့ အခက်အခဲတွေ့နေရတယ်လို့ ဆန်းစစ်လေ့လာသူ
Chantal De Jonge Oudraat က ပြောပါတယ်။
“ပြဿနာက တကယ်စေလွှတ်ဖို့ တပ်အင်အားရအောင် ကုလသမဂ္ဂက မလုပ်နိုင်တာ
ပါ။ ဒါ့အပြင် လိုအပ်တဲ့ ကိရိယာတန်ဆာပလာ အရေအတွက်လည်း လုံလောက်အောင်
မရပါဘူး” လို့ သူကပြောပါတယ်။

ဆန်းစစ်သူ Edward Luck က ဒီစီမံကိန်းရင်ဆိုင်နေရတဲ့ ပြဿနာတွေကို သဘောတူ
ပေမယ့် အနာဂတ်အတွက် မျှော်လင့်ချက်ထားတုန်းပါပဲ။
“ဒီလုပ်ရပ်သစ်ကို လိုအပ်သမျှ ပံ့ပိုးပေးနိုင်မယ်ဆိုရင် အာဖရိကနဲ့ အာဖရိကမဟုတ်တဲ့ တပ်ဖွဲ့တွေကိုလည်း မျှမျှတတ ပေါင်းစပ်ထည့်ပေးထားမယ်ဆိုရင်တော့ တကယ့် အပြောင်းအလဲတရပ်ဖြစ်လာမှာပဲလို့ ကျနော်တွေးမိပါတယ်။ ဒီလိုတပ်ဖွဲ့တွေ ရောထား
တဲ့ကိစ္စကို ခါတွန်မြို့တော်က အစိုးရကတော့ ငြင်းဆန်နေဆဲပါ” လို့ Edward က
ဆိုပါတယ်။

ကျွမ်းကျင်သူတွေကတော့ ၂၀၀၈ ခုနှစ်မှာလည်း ဒါးဖောအရေးဟာ ထိပ်ဆုံးကရှိနေ လိမ့်ဦးမယ်ဆိုတာ အငြင်းမပွားကြပါဘူး။ ကမ္ဘာ့အဖွဲ့ကြီးရဲ့ တခြားအရေးကြီးတဲ့ အရေး ကိစ္စတခုကတော့ မြန်မာ့နိုင်ငံရေးပါ။ ဒီမိုကရေစီလိုလားလို့ ဆန္ဒပြသူတွေကို
သွေးထွက်သံယို နှိမ်နင်းခဲ့ပြီးတဲ့နောက် လူ့အခွင့်အရေးကိစ္စနဲ့ပတ်သက်ပြီး အလေး
အနက်ထား ဆွေးနွေးညှိနှိုင်းဖို့ မြန်မာစစ်အာဏာပိုင်တွေကို စွဲဆောင်ခဲ့တယ်လို့ ကုလ
သမဂ္ဂရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးမှူးက ဆိုပါတယ်။

ကုလသမဂ္ဂ အစီရင်ခံစာတခုမှာတော့ စက်တင်ဘာလအတွင်းက မြန်မာလုံခြုံရေး
တပ်ဖွဲ့တွေလက်ချက်ကြောင့် သေဆုံးရသူပေါင်း အနည်းဆုံး ၃၁ ဦးရှိတယ်လို့ ဖော်ပြ
ထားပါတယ်။ ဆန္ဒပြပွဲမှာ ပါဝင်ခဲ့သူတွေ၊ ဦးဆောင်ခဲ့တဲ့ သံဃာတော်တွေ အများ
အပြား ထောင်ထဲမှာရှိနေဆဲဖြစ်ပြီး နေ့စဉ်နဲ့အမျှ ဖမ်းဆီးမှုတွေလည်း ဆက်ရှိနေတုန်း
ပဲလို့ သံတမန်တွေ၊ လူ့အခွင့်အရေးအဖွဲ့တွေက ဆိုကြပါတယ်။ ဒါပေမယ့် Edward
Luck ကတော့ အဲဒီနှိပ်ကွပ်မှုနောက်ပိုင်း မြန်မာ့အရေးမှာ ကုလသမဂ္ဂရဲ့ အားထုတ်မှု
ဟာ အပြုသဘောဆောင်နေတယ်လို့ ယုံကြည်နေဆဲပါ။

“ဒီပြဿနာနဲ့ပတ်သက်ပြီး ဖိအားပေးမှုတွေနဲ့ ကုလသမဂ္ဂက မျက်တောင်မခတ်ဘဲ
စူးစိုက် အာရုံထားဆောင်ရွက်နေတဲ့အတွက်ကြောင့် တရွေ့ရွေ့နဲ့တော့ ရှေ့ကိုတိုးနေ
တယ်လို့ ကျနော်ထင်ပါတယ်” ဆိုပြီး Edward က ကောက်ချက်ချပါတယ်။

မြန်မာနိုင်ငံကို အကြိမ်ကြိမ်သွားရောက်ခဲ့ပြီးဖြစ်တဲ့ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်
အီဘရာဟင် ဂမ်ဘာရီကလည်း ထပ်မံသွားရောက်ဖို့ စီစဉ်နေပါတယ်။ နိုင်ငံရဲ့ပြဿ
နာတွေ ပြေလည်ဖို့အတွက် စစ်ဗိုလ်ချုပ်တွေနဲ့ အတိုက်အခံခေါင်းဆောင်
ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့ဆုံဆွေးနွေးဖြစ်အောင် မစ္စတာဂမ်ဘာရီက ဆက်လက်အားထုတ်သွားမှာပါလို့ မစ္စတာဘန်ကီမွန်းကလည်း ပြောထားပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG