သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒီမိုကရေစီ လှုပ်ရှားသူများ ဆက်လက်ဖမ်းဆီးခံနေရဆဲ


မြန်မာနိုင်ငံမှာ နိုင်ငံရေးအကျဉ်းသားတွေကို အမြန်ဆုံး ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုတွေ ကြားကပဲ အခု ၂၀၀၇အကုန် ၂၀၀၈နှစ်ဆန်းပိုင်းမှာ နိုင်ငံရေးသဘောထား ကွဲလွဲသူတွေ ဒီမိုကရေစီရေး တတ်ကြွလှုပ်ရှားသူတွေကို ဆက်လက်ဖမ်းဆီးမှုတွေ ရှိနေတယ်လို့ သိရပါတယ်။ ဒီအဖမ်းအဆီး သတင်းတွေနဲ့ ပတ်သက်ပြီး ဦးသားညွန့်ဦးက အသေးစိတ်တင်ပြထားပါတယ်။

မြန်မာနိုင်ငံအမျိုးသားပြန်လည်သင့်မြတ်ရေးအတွက် မြန်မာ စစ်အစိုးရထံကနေ နှစ်ဆန်း သတင်းကောင်းတွေ ဘာတွေများ ကြားရမလဲ၊ လွတ်လပ်ရေးနေ့မှာ နိုင်ငံရေးအကျဉ်းသားတွေကို လွှတ်ပေးလေ မလားလို့ မျှော်လင့်နေချိန်မှာပဲ၊ အခုလို အဖမ်းအဆီးတွေ ဆက်ဖြစ်နေတာကြောင့် နိုင်ငံရေး အလားအလာကောင်းတွေအတွက် စိတ်ပျက်လက်ပျက်ဖြစ်ရတယ်လို့ ဒီမိုကရေစီရေး လှုပ်ရှားသူ တွေက ပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ အောက်တိုဘာ ဆန္ဒပြလှုပ်ရှားမှုတွေကို စစ်အစိုးရက အကြမ်းဖက်နှိမ်နင်းပြီးတဲ့နောက် လှုပ်ရှားမှုမှာ ပါဝင်ခဲ့သူတွေ ကူညီခဲ့သူတွေကို စစ်အစိုးရကနေ ဖမ်းဆီးမှုတွေရှိနေသလို၊ ရဟန်းတွေရော ကျောင်းသားတွေပါ ပါဝင်ပတ်သက်ခဲ့သူ အတော်များများ ဟာ အခုအချိန်အထိ နေအိမ်တွေကနေ ရှောင်တိမ်းနေရဆဲရှိပါတယ်။ ရှောင်တိမ်းနေသူတွေထဲက မိသားစုဝင် အချို့ကိုလည်း သက်ဆိုင်ရာအာဏာပိုင်တွေက ခေါ်ယူမေးမြန်းမှုတွေ ခြိမ်းခြောက် မှုတွေ ရှိခဲ့သလို ရှိနေဆဲလည်းဖြစ်တယ်လို့ သိရပါတယ်။

အခု မကြာမီက ဖမ်းဆီးခံရမှုတွေနဲ့ပတ်သက်လိုတော့ တိမ်းရှောင်နေရတဲ့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင်တဦးဖြစ်သူ ကိုထွန်းမြင့်အောင်က အခုလို ပြောပြပါတယ်။

“ဇန်နဝါရီလ (၂)ရက်နေ့က ကိုကိုမောင်ရယ်၊ ကိုမင်းဟန်ရယ် ပါသွားတယ်။ ကိုကိုမောင်က (၉၈) ကျောင်းသား လှုပ်ရှားမှုနဲ့ ထောင် ၂၂နှစ်ကျဖူးတယ်။ သူက မြင်းခြံထောင်ကနေပြီးတော့ ၂၀၀၅ ခုနှစ် ဇူလိုင်လ (၆)ရက်နေ့မှာ ပြန်လွတ်လာတယ်။ အခုတော့ ကိုကိုမောင်က ကဗျာတွေ ရေးနေတဲ့ လူငယ်တယောက်ပေါ့။ အသက်က (၃၀) ဝန်းကျင်ပေါ့။ နောက် ကိုမင်းဟန်ဆိုတာ အသက် (၃၀)ကျော် လူငယ်တယောက်ပဲ။ သူကတော့ စီးပွားရေး လုပ်ငန်းရှင် လူငယ်တယောက်ပေါ့။ သူတို့နှစ်ယောက်ကို မနေ့က ဖမ်းသွားတယ်လို့ ကျွန်တော်တို့ ကြားရတယ်။ နောက်ပြီးတော့ ဇန်နဝါရီလ (၃)ရက်နေ့မှာ ဘုန်းကြီးတပါးနဲ့ လူသုံးယောက် ဖမ်းခံရတယ်လို့လည်း ကြားတယ်။ ဒါပေမဲ့ ဘယ်သူဘယ်ဝါတွေလည်းဆိုတာကို ကျွန်တော်တို့ အတည်ပြုလို့ မရသေးဘူး။ အားလုံးကတော့ ဒီမိုကရေစီရေး လှုပ်ရှားမှုနဲ့ ပတ်သက်ပြီးတော့ သူတို့ကို ဖမ်းတယ်လို့ ကျွန်တော်တို့ သိရတယ်။ နောက်ပြီးတော့ ဇန်နဝါရီလ (၃)ရက်နေ့ ညနေမှာပဲ ဗကသ ကျောင်းသားခေါင်းဆောင် ကျော်ကိုကိုရှိတဲ့ နေရာကို သူတို့ ဝင်ဆီးတယ်လို့ သိရတယ်။ ကျော်ကိုကို လက်မတင်လေး လွတ်မြောက်သွားတယ်လို့ သိရတယ်။ ”

ကိုထွန်းမြင့်အောင်တို့၊ ၈၈မျိုးဆက်ကျောင်းသားတွေရော၊ ကျန်တဲ့ ဗကသ ကျောင်းသားတွေရော၊ တိမ်းရှောင်နေရတဲ့သူတွေရဲ့ လုံခြုံရေး အခြေအနေကရော ဘယ်လိုများရှိသလဲခင်ဗျ။

“ဒီ တိမ်းရှောင်နေရတဲ့ ကျောင်းသားတွေရော၊ ဘုန်းတော်ကြီးတွေရောပေါ့၊ အားလုံး မြန်မာပြည်သူ ပြည်သားတွေရဲ့ လုံခြုံရေကတော့ အင်မတန် စိုးရိမ်နေရတယ်ပေါ့ဗျာ။ ကျွန်တော်တို့ရဲ့ နေရ ထိုင်ရတဲ့ အခက်အခဲတွေက အများကြီး။ ဒါပေမဲ့ ကျွန်တော်တို့ ပြည်သူလူထုတို့ရဲ့ အကူအညီနဲ့ပဲ ကျွန်တော်တို့ဟာ ဒီနေ့ထက်ထိ လွတ်မြောက်နေတာပေါ့။ ၂၀၀၇ကနေ ၂၀၀၈ ကို ကူးပြောင်း သွားပြီဗျာ။ ဒီလို နှစ်သစ်မင်္ဂလာရှိတဲ့ အချိန်မှာ နအဖအစိုးရအနေနဲ့ မင်္ဂလာယူဖို့ အတော်ကောင်းတဲ့ အချိန်ပါ။ ပြီးတော့ လွတ်လပ်ရေးနေ့ ရောက်ပြီဗျာ။ လွတ်လပ်ရေးနေ့ဆိုလို့ရှိရင် ဘယ်တိုင်းပြည်၊ ဘယ်နိုင်ငံမဆို ကိုယ်နိုင်ငံရဲ့ ပြည်သူပြည်သားတွေ ပျော်ရွင်အောင် အမြဲတမ်း ပုံစံအမျိုးမျိုးနဲ့ ဖော်ဆောင်လေ့ရှိတယ်။ အခုအချိန်ဟာ ဆိုလို့ရှိရင် ပြည်သူပြည်သားတရပ်လုံးက အမျိုးသား ရင်ကြားစေ့ရေးအတွက်၊ တွေ့ဆုံဆွေးနွေးရေးတွေ ဖြစ်မလားဆိုပြီးတော့ မျှော်လင့်နေတဲ့ အချိန်လဲဖြစ်တယ်။ နိုင်ငံရေး အကျဉ်းသားတွေ ဇန်နဝါရီလ (၄)ရက်နေ့မှာ အမှတ်တယအနေနဲ့ ပြည်သူပြည်သားတွေ ပျော်ရွှင်နိုင်အောင် လွှတ်ပေးမလားဆိုပြီးတော့ အားလုံးက မျှော်လင့် နေကြတယ်။ ဒါပေမဲ့ နအဖအစိုးရဟာ (၂၀၀၈)ခုနှစ်ကြီးကို လူဖမ်းပွဲကြီးနဲ့ စတင်လိုက်တာကတော့ ကျွန်တော်တို့ တိုင်းပြည်ရဲ့ ဂုဏ်သိက္ခာကို အများကြီး ညှိုးသွားစေတယ်ဗျာ။ ဒါဟာ အင်မတန်ကို ဆိုးရွားတဲ့ လုပ်ရပ်တခုပါပဲ။”

ကျွန်တော် တဆက်တည်း မေးချင်တာက အရင်တုန်းကလည်း ထွက်ပြေးတိမ်းရှောင်နေတဲ့သူတွေကို ဖမ်းမိဖို့အတွက် အာဏာပိုင်တွေကနေပြီး မိသားစုတွေကို အကျပ်ကိုင်တာတွေ၊ ဖမ်းဆီးတာတွေ၊ ခြိမ်းခြောက်တာတွေလုပ်တယ်လို့ သိရပါတယ်။ အခု ကိုထွန်းမြင့်အောင်တို့ ဆက်ပြီးတော့ တိမ်းရှောင်လှုပ်ရှားနေတဲ့ သူတွေရဲ့ မိသားစုဝင်တွေကိုရော အာဏာပိုင်တွေဖက်က တစုံတရာ ဘာကြားမိလဲ။

“ဒါမျိုးတွေအတွက်ကလည်း ကျွန်တော်တို့လှုပ်ရှားတက်ကြွသူတွေအတွက် စိုးရိမ်စရာ အခြေအနေ အမြဲတမ်းကျရောက်နေပါတယ်။ ဒါပေမဲ့ ကျွန်တော်တို့တွေအနေနဲ့ အဲဒီလို လုပ်ခံရမယ်ဆိုလည်း မတက်နိုင်ဘူးဗျာ။ ကျွန်တော်တို့ ဘာတက်နိုင်မှာလဲ။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ တိုင်းပြည် ကောင်းစားဖို့ အတွက် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး ထွန်းကားဖို့အတွက် ကျွန်တော်တို့ဟာ အကြမ်းမဖက်ဘဲ နှလုံးရည်သက်သက်နဲ့ တိုက်ပွဲဝင်လှုပ်ရှားနေကြတယ်ဗျာ။ လက်နက်ဆိုလို့ အပ်တို တချောင်းတောင် မရှိတဲ့သူတွေအပေါ်မှာ လက်နက်အားကိုးပြီး ဖိနှိပ်မယ်။ နိုင်ငံရေး တက်ကြွသူ တွေကို မရရင် သူတို့ မိသားစုဝင်တွေကို ဒုက္ခပေးမယ့်ဆိုတဲ့ အကျင့်အကြံ အယူအဆဟာ အင်မတန်ကို အောက်ကျနောက်ကျ နိုင်လွန်းပါတယ်။ ကျွန်တော်တို့ကတော့ လုပ်ထိုက်တဲ့ကိစ္စကို အကြမ်းမဖက်ဘဲ ငြိမ်းချမ်းစွာ ဆက်လက်ပြီး ရုန်းကန်လှုပ်ရှားသွားမှာပါ။”

၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်တဦးဖြစ်တဲ့ ကိုထွန်းမြင့်အောင် ပြောပြခဲ့တာပါ။ ပြီးခဲ့တဲ့ ဆန္ဒပြုမှုဖြစ်စဉ်နဲ့ ဒီနောက်ပိုင်း ဖမ်းဆီးခဲ့သူတွေထဲက အချို့ကို စစ်အစိုးရက လွှတ်ပေးခဲ့တယ် ဆိုပေမယ့်၊ ဆက်လက်ဖမ်းဆီးထားသူတွေကိုတော့ တရားစွဲဆိုဖို့ ပြင်ဆင်နေတယ်လို့ သတင်းတွေ လည်း တဆက်တည်း ကြားနေရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG