သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လေကြောင်း တိုက်ခိုက်မှုကြောင့် အယ်လ်ခိုင်းဒါး ထိပ်တန်း ခေါင်းဆောင်တစ်ဦး ပါကစ္စတန်မှာ သေဆုံး


ဒီရက်ပိုင်းအတွင်း ပါကစ္စတန် မြောက်ပိုင်းက အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ဝင်တွေ ပုန်းခိုရာ နေရာတွေကို အမေရိကန် လေတပ်က ဒုံးပျံတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့တာမှာ အယ်လ်ခိုင်းဒါးရဲ့ ထိပ်တန်း ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့ အာဘူလိစ် အယ်လီဘိုင် (Abu Laith al-Libi) ဟာ ဒုံးပျံတွေ ပေါက်ကွဲမှုကြောင့် သေဆုံးသွားတဲ့ အယ်လ်ခိုင်းဒါး အကြမ်းဖက် အဖွဲ့ဝင်တွေထဲမှာ ပါဝင်ခဲ့ပုံ ရပါတယ်။

ဒါပေမယ့်လည်း ဘယ်သူတွေရဲ့ တိုက်ခိုက်မှုကြောင့် ပေါက်ကွဲမှုတွေ ဖြစ်ပြီး ဘယ်သူဘယ်ဝါ သေဆုံးသွားခဲ့တယ်ဆိုတာ မသိရသေးဘူးလို့ ပါကစ္စတန် အစိုးရက ပြောပါတယ်။ ဒီဒေသမှာ ပါကစ္စတန် လုံခြုံရေး အဖွဲ့တွေကို စစ်သွေးကြွတွေက မကြာခဏ တိုက်ခိုက်လေ့ရှိတာမှာ ပြီးခဲ့တဲ့ သောကြာနေ့က တိုက်ခိုက်မှုမှာ ပါကစ္စတန် စစ်သားလေးယောက် သေဆုံးခဲ့ရပါတယ်။ ဒီအကြောင်းနဲ့ပတ်သက်ပြီး အစ္စလာမ်မာဘက်မြို့တော်ကနေ ဗွီအိုအေ သတင်းထောက် Ayaz Gul သတင်းပေးပို့ထားတာကို ဦးရော်နီညိမ်းက တင်ပြထားပါတယ်။

ပါကစ္စတန် အစိုးရက မသိဘူးလို့ ပြောပေမယ့် အခုလို ပါကစ္စတန် နယ်မြေထဲမှာ သေဆုံး သွားရမှုဟာ အယ်လ်ခိုင်းဒါးအဖွဲ့ရဲ့ ထိပ်တန်း တပ်မှူးကြီး အာဘူလိစ် အယ်လီဘိုင် ဖြစ်တယ်လို့ အစ္စလာမ် အစွန်းရောက် အုပ်စုတစ်ခုဖြစ်တဲ့ အင်တာနက်
ဝက်ဘ်ဆိုဒ်တစ်ခုမှာ - သေဆုံးရတဲ့ အကြောင်းရင်း မပါဘဲ ဖော်ပြထားပါတယ်။

ပါကစ္စတန် မြောက်ပိုင်းက တိုင်းရင်းသား လူမျိုးစုတွေရဲ့ ဝါဇီနစ္စတန် (Waziristan) ဒေသက အယ်လ်ခိုင်းဒါး အကြမ်းဖက်အဖွဲ့ရဲ့ ပုန်းခိုရာ နေရာတွေကို ပစ်မှတ်ထားပြီး ဒီသီတင်းပတ်ထဲ အမေရိကန် လေတပ်က တိုက်ခိုက်ခဲ့ရာမှာ အာဘူလိစ် အယ်လီဘိုင် သေဆုံးသွားတာ ဖြစ်တယ်လို့ အမည်မဖော်လိုတဲ့ အမေရိကန် အရာရှိတွေက အတည်ပြုခဲ့တာကို ကိုးကားပြီး သတင်းတွေထဲမှာ ရေးသားထားကြပါတယ်။

အာဖဂန်နစ္စတန်နဲ့လည်း နယ်စပ်ဖြစ်နေတဲ့ ဒီဒေသဟာ အကြမ်းဖက်သမားတွေ လုံလုံခြုံခြုံ ဖုံးကွယ်ရာ နေရာတွေ အဖြစ် လူသိများကြပါတယ်။ အခုလို ဒီအယ်လ်ခိုင်းဒါး ထိပ်တန်း ခေါင်းဆောင်တစ်ဦး အသေ ပစ်ခတ်တိုက်ခိုက် နိုင်ခဲ့တာကို အမေရိကန် ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြုခြင်း မရှိသေးပါဘူး။

အမေရိကန်လေတပ်ရဲ့ ဒုံးပျံတွေနဲ့ ပစ်ခတ်မှုလို့ ယူဆရတဲ့ ဒီတိုက်ခိုက်မှုကြောင့် ဗဟိုအာရှဒေသနဲ့ အာရပ်နိုင်ငံတွေကလာတဲ့ စစ်သွေးကြွတွေ အပါအဝင် အနည်းဆုံး အကြမ်းဖက် စစ်သွေးကြွ ၁၂ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံ တိုင်းရင်းသားတွေက ဆိုပါတယ်။ ဒီအဖြစ်အပျက်နဲ့ ပတ်သက်ပြီး ရေငုံနုတ်ပိတ်နေကြဖို့ ပါကစ္စတန် အရာရှိတွေကို ပါကစ္စတန်အစိုးရက တင်းကြပ်ထားပါတယ်။ ဒါပေမယ့်လည်း ပြီးခဲ့တဲ့ သောကြာနေ့က အစ္စလာမ်မာဘတ်မြို့တော်မှာ ပါကစ္စတန် ပြည်ထဲရေး ဝန်ကြီး ဟာမစ် နဝတ်ခန်း (Hamid Nawaz Khan) က အဲဒီဒေသ Mir Ali မြို့က စစ်သွေးကြွတွေ ပုန်းခိုရာ အိမ်တစ်အိမ်မှာ တနင်္လာနေ့ညက ပေါက်ကွဲမှုတစ်ခု ဖြစ်ပွားခဲ့တယ်လို့ အတည်ပြု ပြောကြားခဲ့ပါတယ်။ ဘာအကြောင်းကြောင့် ပေါက်ကွဲမှု ဖြစ်တယ် ဆိုတာကိုတော့ မစ္စတာ ခန်း က ပြောမသွားပါဘူး။ သူဆက်ပြီး ပြောသွားတာက -

“အဲဒီပေါက်ကွဲမှုဖြစ်တဲ့ အိမ်ကို တာလီဘန် စစ်သွေးကြွတစ်ယောက်က ပိုင်ဆိုင်ပြီးတော့ ဒီပေါက်ကွဲမှုမှာ လူ တော်တော်များများ သေဆုံးသွားကြတယ်။”

ပေါက်ကွဲတဲ့နေရာကို ပါကစ္စတန် အာဏာပိုင်တွေ ရောက်မလာခင် တခြား စစ်သွေးကြွတွေက အလောင်းတွေကို သယ်ယူသွားကြတာကြောင့် သေဆုံးသူ ဘယ်သူဘယ်ဝါတွေ ဆိုတာ အတည်ပြုဖို့ မဖြစ်နိုင်ဘူးလို့ မစ္စတာ ခန်း က ဆိုပါတယ်။ အမေရိကန် တပ်ဖွဲ့တွေ ထောင်သောင်းချီပြီး အကြမ်းဖက် သမားတွေကို ရှင်းလင်း သုတ်သင်ဖယ်ရှားဖို့ လုပ်နေတဲ့ အာဖဂန်မှာ အခု သေဆုံးသွားတဲ့ လစ်ဘရား နိုင်ငံသား အာဘူလိစ် အလီဘိုင် ဟာ အကြမ်းဖက်မှုတွေ စီမံခန့်ခွဲနေတဲ့ အယ်လ်ခိုင်းဒါး ထိပ်တန်း ခေါင်းဆောင် တစ်ယောက် ဖြစ်တယ်လို့ အမေရိကန် အရာရှိတွေက ဖော်ပြခဲ့ပါတယ်။

အမေရိကန်ပြည်ထောင်စုရဲ့ အလိုရှိနေတဲ့ နိုင်ငံတကာ အကြမ်းဖက် ၁၂ ယောက် စာရင်းထဲမှာ အာဘူလိစ် အလီဘိုင် ဟာလည်း ပါဝင်နေပါတယ်။ မနှစ်က အာဖဂန်နစ္စတန်ကို အမေရိကန် ဒု သမ္မတ ဒစ်ချေနီ ရောက်ရှိနေတုန်း အာဖဂန်က အမေရိကန် လေတပ်စခန်းတစ်ခုမှာ အမေရိကန် စစ်သည် ၂၃ ယောက် သေဆုံးခဲ့ရတဲ့ အကြမ်းဖက်သမားတွေရဲ့ အသေခံ ဗုံးခွဲ တိုက်ခိုက်မှု အပါအဝင် အာဖဂန်က အမေရိကန်နဲ့ ညွန့်ပေါင်းတပ်ဖွဲ့တွေကို တိုက်ခိုက်တဲ့ အကြမ်းဖက်မှု များစွာကို အာဘူလိစ် အလီဘိုင် က စီစဉ်ညွန်ကြားခဲ့တယ်လို့ ယုံကြည်ရပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG